Sunday, October 17, 2010

နအဖရွေးကောက်ပွဲကို ဆန့် ကျင်ရေးလှုပ်ရှားမှုများ ကျေးရွာများတွင် ဆောင်ရွက်။

ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသား၊လူငယ်များ အင်အားစုမှ အောက်တိုဘာလ (၁၄) ရက်နေ့  ညဦးပိုင်း (၆း၀၀) နာရီခန့်တွင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကျေးရွာများတွင် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။






























ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေသော ကျောင်းသား၊လူငယ်များက ( ၁၄.၁၀.၂၀၁၀) ရက်နေ့ ည ၆း၀၀ နာရီခန့်တွင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော ဘုရားကုန်း၊ ကညင်ပင်၊ ကွမ်းခြံကုန်း၊ လက်ယက်စမ်း၊ ထမလုံ ၊ အောင်ချမ်းသာ ၊ အေးသာယာ ၊ အေးမေတ္တာ ၊ ရုံးသပြေကန် ၊ မင်းဂလွန်း စသောကျေးရွာများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ရုပ်ပြောင်ကာတွန်းများကို ဖြန့် ဝေခဲ့ကြကြောင်း သိရသည်။

အထက်ပါ လှုပ်ရှားဆောင်ရွက်မှုကန်ပိန်းတွင် ဦးဆောင်ပါဝင်ခဲ့သော လူငယ် ကိုရန်နိုင်က ပြောပြရာတွင် “ကျနော်တို့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကန်ပိန်းအမျိုးမျိုးကို ရန်ကုန်တိုင်းအတွင်း မြို့ နယ်တော်တော်များများမှာ ပုံစံအမျိုးမျိုးနဲ့ လုပ်ခဲပြီးပြီလေ၊ ဒါပေမဲ့ ကျေးလက်နေပြည်သူတွေကို ပြစ်မှတ်ထားပြီး ဆောင်ရွက်တဲ့လှုပ်ရှားမှုမျိုးက မလုပ်ရသေးဘူးဗျ၊ ကျနော်တို့ ကျေးရွာတွေက ရွာသူရွာသားတွေကို၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ပညာပေးဆောင်ရွက်မှုတွေ လုပ်ကြည့်ပါသေးတယ်။

သူတို့အနေနဲ့က စားဝတ်နေရေး ခက်ခဲနေတာကတစ်ကြောင်း ၊ လယ်ယာလုပ်ငန်းခွင်မှာဘဲ တစ်နေ့လုံး အချိန်ကုန်နေရတာကတစ်ကြောင်း ကျနော်တို့ရဲ့  ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်ရေး မဲမထည့်ရေး ရှင်းလင်းပညာပေးပြေားကြားမှုတွေကို စိတ်သိပ်မ၀င်စားကြဘူးဗျ။ ထိရောက်မှုက ထင်သလောက် မရခဲ့ဘူးလေ၊ ဒါကြောင့် အခုလို သူတို့စိတ်ဝင်စားမဲ့ ကာတွန်းဟန်လေးရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး ရုပ်ပြောင်ကာတွန်းတွေကို ကျေးလက်ပြည်သူတွေကို ပြစ်မှတ်ထားပြီး ဖြန့်ဝေခဲ့တာပါ၊ ကျနော်တို့အနေနဲ့ လူငယ်၊ ကျောင်းသားတွေ လူစုခွဲပြီး ကျေးရွာတွေမှာရှိနေတဲ့ (NLD) ရပ်/ကျေး စည်းအဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ ဒီကန်ပိန်းကို ဆောင်ရွက်ခဲ့တာပါ၊ ရွာထိပ်ဓါတ်မီးတိုင်တွေ သောက်ရေအိုးစင်တွေ ဇရပ်တွေမှာ လိုက်ကပ်တယ်၊ ရွာတွေရဲ့ ဗွီဒီယိုရုံတွေအရှေ့ မှာ ဖြန့်ကျဲတယ်၊ ခလေးတွေကို အိမ်က အဖေတို့အမေတို့ကို ပေးလိုက်ပါဆိုပြီး လက်ထဲ ထည့်ပေးလိုက်တယ်“ဟု လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သော ကိုရန်နိုင်က ပြောပြပါသည်။









































၎င်းတို့အင်အားစုအနေဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကျန်ရှိ့နေသေးသော ကျေးရွာရပ်ကွက်များတွင်လည်း ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

(သတင်းပေးပို့ လာသော လွင်ပြင်အား ကျေးဇူးတင်ရှိပါသည်)။

No comments: