နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ စုပေါင်းမဟာဘုံကိန်ပွဲတော်ကျင်းပမှု။
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ (၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို ယနေ့ ၂၀.၁၁.၂၀၁၀ (စနေ) နေ့၌ စည်ကားသိုက်မြိုက်စွာအောင်ပွဲခံ ကျင်းပ ပြီးစီးခဲ့ပါသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကျင်းပခဲ့သော မဟာဘုံကထိန်ပွဲတော်များတွင် ယခု (၉) ကြိမ်မြောက် ကျင်းပပြုခဲ့သော စုပေါင်းမဟာဘုံကထိန်ပွဲတော်သည် အစည်ကားဆုံး၊ အသိုက်မြိုက်ဆုံး၊ အညီညွတ် ဆုံးပွဲတော် ဖြစ်တော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်နေ့ နံနက် (၇း၀၀) နာရီတွင် နံနက်စာအဖြစ် ကောက်ညှင်းပေါင်း၊ လ္ဘက်ရည်တို့ဖြင့် ကျွေးမွေးဧည့်ခံပြီးပဒေသာပင်များကိုနံနက် (၈း၀၀) နာရီအချိန်တွင် ကထိန်ခင်းကျင်းမည့် “၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက်”သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့်အတူမေတ္တာဖြင့် လာရောက် သီဆိုတီးခတ် ကခုန် ဖျော်ဖြေပေးကြသောအောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီးစိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့) စုစုပေါင်းလူအင်အား (၃၀၀) ကျော် တို့ဖြင့် လမ်းတစ်လျှောက် အလှူဒါနအတွက် ပျော်ရွှင်မြူးတူးစွာဖြင့်ကခုန်ကာ ပဒေသာပင်များအား ပို့ဆောင်လှူဒါန်းခဲ့သည်။ ပဒေသာပင်များတွင် မင်္ဂလာဈေး (ဈေးသူ/သားများ)၊ နန္ဒ၀န် (ဈေးသူ/ သားများ)၊ သိမ်ကြီးဈေး (ဈေးသူ/သားများ)၊ နာရေးကူညီမှုအသင်း(ရန်ကုန်) တနင်္ဂနွေနေ့မှ စနေနေ့ အထိနေ့အလိုက် လုပ်အားပေးအသင်းသူ/သားများ၏ ပဒေသာပင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မော်တော်ယာဉ်/စက်ပြင်အဖွဲ့ ပဒေသာပင်၊ ဆောက်လုပ်ရေးအဖွဲ့ ပဒေသာပင် စုစုပေါင်း (၁၁) ပင်နှင့် ရွှေဇီးကွက်ရုပ် (ဖို/မ) တစ်စုံ၊ ပစ်တိုင်းထောင် (ဖို/မ) တစ်စုံအပြင် အကဖျော်ဖြေရေးအရုပ် တစ်ရုပ်ပါဝင်ခဲ့သည်။ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀/- (နှစ်ဆယ့်လေးသိန်း) ကျော် လှူဒါန်းနိုင်ခဲ့သည်။
ဦးစွာ ဥက္ကဌဦးကျော်သူမှ ရှေ့ပြေးမော်တော်ယာဉ်ဖြင့် ကထိန်သင်္ကန်းအားပင့်ဆောင်သွားပြီးနောက်မှ ဗုဒ္ဓ၀င်ပုံတော် (၃၃) ပုံကိုင်ဆောင်သောအသင်းသူများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) မျိုးဆက်သစ်ကလေးငယ်များ၊ ဒိုးအဖွဲ့များ၊ ပဒေသာပင်များ၊ ရှမ်းဒိုးအဖွဲ့များတန်းစီ၍ လမ်းလျှောက်သယ်ဆောင်ခဲ့သည်။ လမ်းတ၀က်ခန့်တွင် ဦးကျော်သူသည် ဆိုက္ကားဖြင့် စီးနင်းလိုက်ပါကာအဖွဲ့သားများ၊ အသင်းသူ/သားများအားလိုက်လံအားပေးကပြဖျော်ဖြေခဲ့သည်။ ၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက် သို့ရောက်ရှိသောအခါ ဒိုးပတ်ဝိုင်း များ၊ ရှမ်းဒိုးအဖွဲ့များ၊ ဦးရွှေရိုး + ဒေါ်မိုးကပြဖျော်ဖြေရာတွင် စာရေးဆရာမဒေါ်သန်းမြင့်အောင်၊ ဦးကျော်သူ၏ ဇနီးဒေါ်ရွှေဇီးကွက်တို့ နှင့်အတူအသင်းသူ/သားများတပျော်တပါး ၀ိုင်းဝန်းကခုန် ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ တရားတော်ကိုနာယူကြကာရေစက်သွန်းချ လှူဒါန်းခဲ့ပြီးဆရာတော်ကြီးမှ ကျွေးမွေးသောစားဖွယ်များကိုသုံးဆောင်ခဲ့ကြသည်။
ထို့နောက် အသင်းသို့ ပြန်လည်ရောက်ရှိသောအခါ မေတ္တာဖြင့် လာရောက်သီဆိုတီးခတ် ကခုန်ဖျော်ဖြေပေးခဲ့သောအောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီးစိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့)တို့အားနာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုကဒ်ပြားနှင့် ငွေသားတစ်ဖွဲ့လျှင် (၃၀၀၀၀/-) ကျပ်တိတိချီးမြှင့်ပြီးလျှင် နံနက်စာထမင်းဟင်းတို့ဖြင့် တည်ခင်းကျွေးမွေးခဲ့သည်။
ယင်းစုပေါင်းမဟာဘုံကထိန်ပွဲတော်သည် (၇) ရက်သားသမီးအပေါင်းတို့၏ အလှူဒါနများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/ သားများ၏ အလှူပစ္စည်း ၀တ္ထုငွေတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာစည်းလုံးညီညွတ်ခြင်း၏ အင်အားကိုလည်း ပြသခဲ့ရာရောက်ပါသည်။ ယင်းဘုံကထိန်ပွဲတော်အပြီးရှမ်းဒိုးအဖွဲ့မှ တီးခတ်ဖျော်ဖြေသီဆိုခဲ့သော “အောင်ပြီလားဟေ့ … အောင်ပြီဟေ့” ဟူသောကြွေးကြော်သံတို့သည် အောင်အတိတ်၊ အောင်နိမိတ်အလားဇဗ္ဗူတစ်ခွင်တွင် ပဲ့တင်ရိုက်ခတ်သွားတော့သည်။
No comments:
Post a Comment