Thursday, December 9, 2010

ကိုဇာဂနာ အကြောင်း ဂုဏ်ပြု တင်ဆက်ရိုက်ကူးထားတဲ့ “This Prison Where I live” မှတ်တမ်းရုပ်ရှင်အား နယူးဇီလန်နိုင်ငံတွင် အခမဲ့ ပြသမည်။

မနက်ဖြန်ကျရောက်မယ့် နိုင်ငံတကာလူ့ အခွင့်အရေးနေ့  ဒီဇင်ဘာလ (၁၀) ရက်နေ့ မှာ မြန်မာပြည်မှာ မတရားအကျဉ်းချခံထားရတဲ့ ကိုဇာဂနာ အကြောင်း ဂုဏ်ပြုတင်ဆက်ရိုက်ကူးထားတဲ့ “This Prison Where I live” မှတ်တမ်းရုပ်ရှင်အား နယူးဇီလန်နိုင်ငံ၊ ၀ဲလ်လင်တန်မြို့ (Wellington, New Zealand) မှာ British High Commission က အခမဲ့ စီစဉ်ပြသမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

“This Prison Where I live” မှတ်တမ်းရုပ်ရှင်မှာ မြန်မာပြည်က ပြည်သူအနုပညာရှင် လူရွှင်တော် ကိုဇာဂနာနဲ့  ဂျာမဏီနိုင်ငံက လူရွှင်တော် မိုက်ကယ် မစ်တာမ်မီယာတို့  နှစ်ဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

“This Prison Where I live” မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ရက်ဇ် ဘလွန်းစတိန်း ပြောကြားတာကတော့ ဒီမှတ်တမ်းရုပ်ရှင်ရဲ့  အဓိက ရည်ရွယ်ချက်က လွတ်လပ်စွာ ဆန္ဒဖေါ်ပြခွင့်တွေကို အထူးရည်ရွယ်ပြီး၊ သူကိုယ်တိုင် သွားရောက်တွေ့ ဆုံခဲ့တဲ့ ကိုဇာဂနာကို လေးစားဂုဏ်ပြုတာလည်း ဖြစ်ကြောင်း ပြောဆိုပါတယ်။



တိုင်းပြည်ကို မတရားအုပ်စိုးနေတဲ့ အာဏာချူပ်ကိုင်ထားသူတွေအပေါ် ကိုဇာဂနာရဲ့  ရဲရင့်စွာ ပြောဆို ဝေဖန်သုံးသပ်မှုတွေ၊ မြန်မာပြည် နာဂစ်မုန်တိုင်းတိုက်ခတ်မှုနဲ့  ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့  တာဝန်မဲ့မှုတွေကို ထုတ်ဖေါ်ပြောဆိုမှုတွေ၊ နာဂစ်မုန်တိုင်းဘေးဒဏ်သင့် ပြည်သူတွေကို ကိုဇာဂနာမှ ကူညီဖေးမမှုတွေ၊ ယခုအချိန်မှာလည်း ကိုဇာဂနာဟာ အာဏာရူးတွေရဲ့  မတရားဖမ်းဆီးထိန်းသိမ်းထားမှုကို ခံနေရပြီး၊ ပြောဆိုသုံးသပ်ခွင့် စာပေရေးသားခွင့် အနုပညာလုပ်ငန်းဆောင်ရွက်ခွင့် သတင်းဌာနများနှင့် ဆက်သွယ်ခွင့်တွေကို ပိတ်ပင်ခံနေရရုံမက သူရဲ့  အမည်ကိုတောင်မှ တားမြစ်ပိတ်ပင်ခံနေရမှုတွေ အစရှိတဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်တွေ မရရှိနေတဲ့ လူ့ အခွင့်အရေး မရရှိနေရတဲ့ ကိုဇာဂနာအကြောင်းကို နိုင်ငံတကာ ပြည်သူတွေ သိရှိရအောင် ထုတ်ဖေါ်ပြသတဲ့ အနေနဲ့  ဒီ “This Prison Where I live” မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးတင်ဆက်ရခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

မနက်ဖြန်မှာ ကျရောက်မယ့် နိုင်ငံတကာလူ့ အခွင့်အရေးနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ ကို ဂုဏ်ပြုရင်း ကိုဇာဂနာ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အယောက် နှစ်ထောင်ကျော်ဟာ မြန်မာပြည်က အကျဉ်းထောင်တွေထဲမှာ မတရားချူပ်နှောင်ခံနေရပြီး လူ့ အခွင့်အရေးတွေ များစွာဆုံးရှုံးနေကြရတယ်ဆိုတာကို သိရှိထားကြပြီး မြန်မာပြည်သူပြည်သားတွေအတွက် ယုံကြည်ချက်တွေ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး အနစ်နာခံနေကြတဲ့ ကိုဇာဂနာနဲ့  နိုင်ငံရေးအကျဉ်းသားများအားလုံးအား အထူးအလေးပေး ဂုဏ်ပြုကြပါစို့ ၊ လွတ်မြောက်မှု မနှေးအမြန် ရရှိကြပါစေလို့  ဆုမွန်ကောင်း တောင်းကြပါစို့ ။

No comments: