စီးပွားရေးပိတ်ဆို့ မှုနှင့် ပတ်သက်၍ အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ်၏ ထုတ်ပြန်ကြေညာချက်။






အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ။
မြန်မာနိုင်ငံတွင်အပြုသဘောဆောင်သောအပြောင်းအလဲများကိုအကောင်းဆုံးဖေါ်ဆောင်စေမည့်မူဝါဒများ နှင့်ပတ်သက်၍မကြာမီလများအတွင်း ဆွေးနွေးနေကြရာတွင် စီးပွားရေးပိတ်ဆို့မှုအကြောင်းအရာများထပ်တလဲလဲ ပါဝင်ခဲ့ပါသည်။ လက်ရှိ စီးပွားရေးပိတ်ဆို့မှုပုံစံသည် မူလရည်ရွယ်ချက်များကို ဖြည့်စွမ်းနိုင်ပါမည်လား၊စီးပွားရေးပိတ်ဆို့မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လက်ရှိ အုပ်ချုပ်မှု မူဝါဒများ နှင့်ကျင့်ထုံးများက တောင့်တင်းခိုင်မာသော စီးပွားရေးအတွက် အထောက်အကူ ဖြစ်ပါမည်လား၊ ထိုသို့ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံလူထု လက်တွေ့ခံစားနေရသော အကြပ်အတည်းများကို ပိုမိုဆိုးရွားစေသည်ဆိုသော စွပ်စွဲပြောဆိုမှုများသည် အကြောင်းခိုင်လုံမှုရှိပါသည်လား၊ သို့တည်းမဟုတ် နိုင်ငံရေးရည်ရွယ်ချက်များအပေါ် အခြေခံပါသလား၊ဒီမိုကရေစီစနစ်သို့ ဦးတည်သည့် ယုံကြည်ကိုးစားလောက်သော ဖြစ်ထွန်းတိုးတက်မှုများ ရှိပါသည်လား၊ ထိုကဲ့သို့ ဖြစ်ပေါ်နေသော အငြင်းပွားဖွယ်ရာ ပြဿနာများကို နိုင်ငံရေးလိုအပ်ချက်၊ လက်တွေ့စီးပွားရေးဖြစ်ရပ်မှန်များ နှင့် ဆက်စပ်သုံးသပ်ရန် လိုအပ်ပါသည်။
မြန်မာလူထု၏စီးပွားရေးအကြပ်အတည်းများအပေါ်စီးပွားရေးပိတ်ဆို့မှုများ၏အကျိုးသက်ရောက်မှုအတိုင်းအတာ မည်မျှရှိသည် ဆိုသည့်အချက်မှာ အငြင်းပွားဖွယ်ရာဖြစ်ပါသည်။စီးပွားရေးအနိဋ္ဌာရုံများနှင့် ရင်ဆိုင်တွေ့ကြုံနေရသည့်အဓိကအကြောင်းရင်းများမှာအားနည်းသောစီးပွားရေးမူဝါဒနှင့်စွမ်းဆောင်မှုများ၊မှားယွင်းသော
စီမံခန့်ခွဲမှုနှင့်ဆွဲဆောင်မှုကင်းမဲ့သောရင်းနှီးမြုပ်နှံမှုအခြေအနေတို့ကြောင့်သာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ကတိကျပြတ်သားစွာပြောဆိုခဲ့ပါသည်။စီးပွားရေးပိတ်ဆို့မှုများကို နိုင်ငံ့စီးပွားရေး ပြဿနာများအတွက်အရေးပါအရာရောက်သောအကြောင်းရင်းခံတစ်ရပ်အနေဖြင့် IMF ကမရှုမြင်ပါ။ စီးပွားရေးပိတ်ဆို့မှုများကြောင့် ဖွံ့ဖြိုးမှုအကူအညီများ လျော့နည်းလက်ခံရရှိခဲ့ရာတွင် ယင်းအချက်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားသဖွယ်ဖြစ်စေသည်ဆိုသော စွပ်စွဲပြောဆိုချက်အား ဤနေရာတွင်အလေးပေးစဉ်းစားရန်လိုအပ်ပါသည်။မြန်မာနိုင်ငံသို့ပေးသော တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (Official Development Assistance-ODA)များ ၁၉၈၈ခုနှစ်နောက်ပိုင်းတွင်မှ ရပ်ဆိုင်းသွားသည်ကို ဂရုပြုမှတ်သားရန်လိုအပ်ပါသည်။ ယင်းသို့ဖြစ်ငြားသော်လည်း ၁၉၇၈ခုနှစ်မှ ၁၉၈၈ခုနှစ်အကြား ဖွံ့ဖြိုးမှုအကူအညီ အမေရိကန်ဒေါ်လာ ၃၇၁၂သန်း ရရှိခဲ့သည့် မြန်မာနိုင်ငံသည် ၁၉၈၇ခုနှစ် ဒီဇင်ဘာလကပင် ဖွံ့ဖြိုးမှုအနဲဆုံးနိုင်ငံ (Least Developed Country- LDC) အဆင့်သို့ ကျဆင်းရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
စီးပွားရေးပိတ်ဆို့မှုများကြောင့် ပြည်ပကုန်သွယ်ရေး ကန့်သတ်ချုပ်ချယ်မှုများ ဖြစ်ပေါ်စေပြီး မြန်မာ့ လူမှုဘ၀ကို ထိခိုက်နစ်နာစေခဲ့ပါသလား။ ၁၉၉၀ပြည့်နှစ်နောက်ပိုင်းမှ စ၍ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ အလျင်အမြန်တိုးပွားလာခဲ့ရာ ဓါတ်ငွေ့တင်ပို့မှုမှ ရငွေအများဆုံးဖြစ်ပြီး ၂၀၀၈-၀၉ ဘဏ္ဏာရေးနှစ် စုစုပေါင်းရငွေ၏ ၃၅% ကျော်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဓါတ်ငွေ့များစတင်ရောင်းချခဲ့ရပြီး ၂၀၀၅-၀၆ ခုနှစ်တွင် ဓါတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ သန်း(၁၀၇၀)ရရှိခဲ့သည်။၂၀၀၈-၀၉ ခုနှစ်တွင် ဒေါ်လာသန်း(၂၃၈၀)ရှိပြီး၊ ၂၀၁၀-၁၁ ခုနှစ်တွင် ဒေါ်လာ သန်း(၄၀၀၀)ကျော် ရရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။ ဤသို့အားဖြင့် သဘာဝသယံဇာတအရင်းအမြစ်များကို ရောင်းချ၍ ၀င်ငွေအမြောက်အများနှစ်စဉ်တိုးပွားလာခဲ့သည့် အလျောက် ဓနအင်အားတောင့်တင်းလာခဲ့သည်။ ၂၀၀၈-၀၉ခုနှစ်တွင် အရံနိုင်ငံခြားငွေ (F.E.Reserve) ဒေါ်လာသန်း(၄၀၄၁.၆) ရှိလာခဲ့ပါသည်။ ဓနအင်အားတောင့်တင်းလာသော်လည်း လူထု၏ ပညာရေးနှင့်ကျန်းမာရေးကို အလေးထား ဆောင်ရွက်ခြင်းမရှိခဲ့သည့်အတွက် လူနေမှုအဆင့်အတန်းမှာလည်း မြင့်မားလာခြင်းမရှိခဲ့ပါ။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ( UNDP ) ၏ ၂၀၁၁ ခုနှစ် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးဖြစ်ပြီး ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံများကပင် ကျော်တက်သွားသည်ကို တွေ့ရသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (Foreign Direct Investment FDI) ကို ကြည့်လျှင် သဘာဝသယံဇာတ အရင်းအမြစ်များတူးဖေါ်ထုတ်လုပ်ရေးတွင်သာ အဓိက ရင်းနှီးမြုပ်နှံလျက် ရှိကြပါသည်။ ၂၀၀၈-၀၉ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၉၂၅ သန်းရှိခဲ့သည်မှ ၂၀၀၉-၁၀ ခုနှစ် စက်တင်ဘာလအထိ ခွင့်ပြုသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ ဒေါ်လာ ၁၅၈၃၉ သန်းရှိခဲ့ပြီး ၆၂% မှာ ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းများတွင် ဖြစ်သည်။ ကျန်ကဏ္ဍများမှာ ရေအားလျှပ်စစ် နှင့် သတ္တုလုပ်ငန်းများ ဖြစ်ကြသည်။ အခြားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံခြင်း မရှိသလောက်နည်းပါးနေသည်။ တရားဝင်ငွေလဲလှယ်နှုန်းအမျိုးမျိုးရှိခြင်း၊ တာဝန်ခံမှုမရှိခြင်း၊အကျင့်ပျက်ခြစားခြင်း စသည့်ရင်းနှီးမြုပ်နှံရန်မသင့်လျော်သည့် လုပ်ငန်းဆိုင်ရာပတ်ဝန်းကျင်ကြောင့် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြုပ်နှံမှုများဝင်ရောက်မလာခြင်းဖြစ်သည်။ စီးပွားရေးပိတ်ဆို့မှု နှင့်မသက်ဆိုင်သော အာရှတိုက်နိုင်ငံအချို့မှ ရင်းနှီးမြုပ်နှံမှုများသည်ပင် ၁၉၉၀ ခုနှစ်နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားခဲ့ကြသည်ကို တွေ့ရှိရပါသည်။
စီးပွားရေးပိတ်ဆို့မှုကြောင့် အထိနာဆုံးမှာ အထည်ချုပ်လုပ်ငန်းများ ဖြစ်ပါသည်။ ၁၉၈၈ခုနှစ်မှ ၂၀၀၁ခုနှစ်အတွင်း အမေရိကန်နှင့်ဥရောပဈေးကွက်များမှ ၀ယ်ယူအားကြောင့် မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းများ စန်းပွင့်ခဲ့သည်။ ၂၀၀၃ခုနှစ်တွင် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထည်အလိပ်တင်ပို့မှုမှရငွေ အမေရိကန်ဒေါ်လာ သန်း(၄၀၀)ခန့် လျော့နည်းသွားခဲ့သည်။ ထိုဆုံးရှုံးမှု၏ ၂.၅%သာ အလုပ်သမားတို့၏ လုပ်ခလစာနှင့်သက်ဆိုင်ပါသည်။ ကျန်ဆုံးရှုံးမှုကိုခံစားရသူများမှာ နိုင်ငံနှင့်အခြေခံမြန်မာလုပ်သားများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် အခွင့်ထူးခံများသာ ဖြစ်ပါသည်။
အထည်ချုပ်လုပ်ငန်းများသည် အ၀တ်အထည်များကို ပြည်ပသို့တင်ပို့ရာတွင် ဖေါက်သည်နိုင်ငံများသို့ တိုက်ရိုက် တင်ပို့ခွင့် မရပဲ ကြားနိုင်ငံအချို့သို့ တင်ပို့ပြီးမှ ၄င်းတို့မှတဆင့် တင်ပို့ရခြင်း ဖြစ်၍ အမြတ်ငွေများ ကျဆင်းခဲ့ရသည်။ သို့သော်လည်း ၂၀၀၈-၀၉ခုနှစ်မှစ၍ တရုတ်ပြည်မှလုပ်ငန်းသစ်များ ၀င်ရောက်လာသည့်အတွက် ၄င်းလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာခဲ့သည်။ လက်ရှိနိုင်ငံခြားဝင်ငွေရရှိမှုတွင် အထည်အလိပ်တင်ပို့မှုမှရငွေမှာ တတိယအများဆုံး ဖြစ်ပါသည်။
မြန်မာပြည်သူ ၆၃% မှီခိုနေသည့် လယ်ယာကဏ္ဍမှ ကျေးလက်နေတောင်သူလယ်သမားများမှာ စီးပွားရေးပိတ်ဆို့မှုကြောင့် ထိခိုက်မှုမရှိခဲ့ပါ။ ကျေးလက်တောင်သူလယ်သမားများ အမှန်တကယ်ထိခိုက်နစ်နာရမှုများမှာ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့်မရှိခြင်းကြောင့်လည်းကောင်း၊ လယ်ယာထွက်ကုန်ဈေးနှုန်းများနှင့်ပတ်သက်၍လွန်မင်းစွာဈေးနှိမ်ထားသည့်မူဝါဒနှင့်လုပ်ရပ်များကြောင့်လည်းကောင်း၊
လယ်ယာမြေများကိုအတင်းအကြပ်ရောင်းချစေခြင်းတို့ကြောင့်လည်းကောင်းဖြစ်သည်။ ပြည်သူအများစု၏ စားဝတ်နေရေးကြပ်တည်းမှုသည် စီးပွာေးရးပိတ်ဆို့မှုကြောင့် မဟုတ်ပဲ အစိုးရ၏ လွဲမှားသော လမ်းညွန်ချက်များကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံ သစ်တောကဏ္ဍတွင် လတ်တလောဖြစ်ပွားနေသောလုပ်ရပ်အချို့ကို ဤနေရာတွင် ဖေါ်ပြရန်သင့်လျော်မည်ဟု ယူဆပါသည်။ သစ်တောထိန်းသိမ်းရေးနှင့် ပတ်သက်၍ အထူးကောင်းမွန်သော ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများမှာ ကိုလိုနီခေတ်ကပင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းပြီး ရှိခဲ့ပါသည်။ သို့သော်လည်း ထိုဥပဒေများကို ဆယ်စုနှစ်ပေါင်းများစွာ လစ်လျူရှု၍ တာဝန်မဲ့ သစ်ခုတ်လှဲခြင်းများကို နိုင်ငံအနှံ့အပြားရှိ သစ်တောများ၊ အထူးသဖြင့် အိမ်နီးခြင်းနိုင်ငံများနှင့် ဆက်စပ်နေသော ဒေသများရှိ သစ်တောများတွင် ပြုလုပ်နေကြပါသည်။ ထိုသို့ သစ်တောများခုတ်လှဲမှုကြောင့် တချိန်ကစိမ်းလန်းသောသဘာဝသစ်တောများသည် ယခုအခါ သစ်ပင်မဲ့လွင်တီးခေါင်များအဖြစ် ပြောင်းလဲနေပါပြီ။ ထိုသို့ဖြစ်ပွားခဲ့သည်မှာ အကျင့်ပျက် ဒေသခံအာဏာပိုင်များနှင့် တဖက်နိုင်ငံများရှိ ၀ိသမလောဘသမား သစ်ကုန်သည်များ၏ ပူးပေါင်းဆောင်ရွက်မှု တို့ကြောင့် ဖြစ်ပါသည်။ ဤသာဓကကို ထောက်ရှုခြင်းအားဖြင့် လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးအချိုးညီညီ ဖွံ့ဖြိုးမှုဖြစ်မလာရခြင်းမှာ ပြည်တွင်းသယံဇာတများကို အံဝင်ဂွင်ကျစီမံခန့်ခွဲမှု မရှိခြင်းကသာ အဓိကအကြောင်းရင်းဖြစ်သည်။ မြန်မာ့သစ်တောများ၏ စိတ်ပျက်ဖွယ်ရာအခြေအနေကို စီးပွားရေးပိတ်ဆို့မှုအပေါ် အပြစ်ဖို့ရန် အကြောင်းမရှိပေ။
အထူးသဖြင့် စီးပွားရေးပိတ်ဆို့မှုများကိုဝေဖန်မှုများသည် တိုင်းပြည်အတွင်းဖြစ်ပေါ်နေသော အဓိကပြဿနာများမှ အာရုံလွှဲပြောင်းမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ စီးပွားရေးပိတ်ဆို့မှုကြောင့်မြန်မာနိုင်ငံတွင် လူလတ်တန်းစားများပေါ်ပေါက်လာရန် အဟန့်အတားဖြစ်ခဲ့ရသည်ဟူသော စွပ်စွဲမှုများလည်း ရှိပါသည်။ ထိုသို့သော စွပ်စွဲချက်များသည် မြန်မာနိုင်ငံတွင် စစ်မှန်ပွင့်လင်းသော ဈေးကွက်စီးပွားရေးအမှန်တကယ် ပေါ်ပေါက်မလာသေးသည့်အချက်ကို မျက်ကွယ်ပြုရာရောက်နေပါသည်။ မိမိတို့နှင့် ရင်းနှီးသောပုဂ္ဂိုလ်များကို စီးပွားရေးအခွင့်အလမ်းများ အလွန်အကျွံချပေးနေမှုများမှာ မျက်မှောက်မြန်မာပြည်စီးပွားရေးလောက၏ လက္ခဏာဖြစ်နေပါသည်။ ထိုအချက်ကပင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ထွန်းကားရေးအတွက် အဓိက အဟန့်အတားဖြစ်ပေါ်စေပါသည်။ အလားတူပင် စီးပွားရေးပိတ်ဆို့မှုကြောင့် သာမန်ပြည်သူလူထုနှင့် မျှတကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့ အလှမ်းဝေးနေရသည်ဟူသော စွပ်စွဲချက်များလည်း ပေါ်ပေါက်နေပါသည်။ ထိုပြောဆိုမှုများသည် မြန်မာလူမျိုးတို့၏ လူနေမှုဘ၀အပေါင်းကို အကြွင်းမဲ့အာဏာဖြင့်ချုပ်ကိုင်ထားခြင်းကို ပြုပြင်ပြောင်းလဲပေးရန် အကြံပြုချက်များအပေါ် ငြင်းပယ်၍ လစ်လျူရှုထားသည်ဆိုသည့် အချက်ကို မသိကျိုးကျွန်ပြုရာရောက်ပါသည်။ထိုသို့လစ်လျူရှုခဲ့ကြသည်မှာလည်း မိမိတို့၏အကြွင်းမဲ့အာဏာကို အထိမခံနိုင်သောကြောင့်သာဖြစ်ပါသည်။ စီးပွားရေးပိတ်ဆို့မှုများကြောင့် မြန်မာပြည်အတွင်းသို့ ကျင့်ဝတ်သိက္ခါများကို အလေးမမူသော နိုင်ငံများမှ အဆင့်နိမ့်သော နည်းပညာများသာရောက်ရှိစေပြီး အနောက်နိုင်ငံများမှ အဆင့်မြင့်နည်းပညာများ မရရှိသည့်အတွက် တိုင်းပြည်နစ်နာခဲ့ရသည်ဟု ယုံကြည်ကြသူများလည်း ရှိပါသည်။ အမှန်စင်စစ် တိုင်းပြည်နှင့် လူထုအကျိုးစီးပွားကို ကာကွယ်ပေးမည့် စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် အစိုးရ၌ တာဝန်ရှိသည်များကို ပြည့်ဝစွာ ဖြည့်ဆည်းမပေးနိုင်ခဲ့ခြင်းကို ကင်းလွတ်ခွင့်ပေးထားသကဲ့သို့ ဖြစ်နေပါသည်။
စီးပွားရေးပိတ်ဆို့မှုသည် ထိရောက်မှုမရှိပဲ ပစ်မှတ်များကိုရွေးချယ်ခြင်း၌ အားနည်းခဲ့သည်ဟု ပြောဆိုမှုများလည်း ရှိပါသည်။ အမှန်စင်စစ် အစိုးရအဖွဲ့ဝင်များ၊ ၄င်းတို့နှင့်နီးစပ်သူများကိုသာ အမေရိကန်ပြည်ထောင်စု၏ ငွေကြေးစနစ်များကိုအသုံးပြုခွင့်မပေးခြင်း ဖြစ်ပါသည်။ သာမန်ပြည်သူလူထုမှာ မူလကပင်
ဘဏ်ငွေစာရင်းဖွင့်လှစ်ထားသည့် အလေ့အထပင် မရှိကြရကား ဤငွေရေးကြေးရေးဆိုင်ရာပိတ်ဆို့မှုများသည် သာမန်ပြည်သူလူထုအပေါ် ထိခိုက်မှုမရှိမှု ခိုင်မာစွာ ဆိုနိုင်ပါသည်။ ထိုသို့ပိတ်ဆို့ခဲ့မှုများကြောင့် ငွေမဲများကို ငွေဖြူဖြစ်စေရန် ဆောင်ရွက်မှုများအပေါ် လုံးဝမပိတ်ဆို့နိုင်သည့်တိုင် အထိုက်အလျောက်အားဖြင့် တားဆီးနိုင်ခဲ့ပြီး ဓါတ်ငွေ့နှင့်သဘာဝသယံဇာတရောင်းချရငွေများကို မသမာသောနည်းဖြင့် တဖက်လှည့်၍ ထုတ်ယူသုံးစွဲမှုများကိုလည်းကာကွယ်နိုင်ခဲ့သည်ဟုဆိုနိုင်ပါသည်။
အခြေခံဥပဒေစံနှုန်းများကိုလည်းကောင်း၊ လူ့အခွင့်အရေးများကိုလည်းကောင်း ဆန့်ကျင်ပြုမူလုပ်ကိုင်ပါက
အာဏာရှင်အစိုးရများပင် အပြစ်ဒဏ်ခတ်ခံရမှုမှ ကင်းလွတ်နိုင်ခြင်းမရှိသည်ကို ပြစ်မှတ်ရွေးချယ်ပိတ်ဆို့မှုများက သတိပေးနေခြင်းပင် ဖြစ်ပါသည်။
ပြန်လည်ဖေါ်ပြရပါလျှင် အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများ၊ ကနေဒါ၊ နယူးဇီလန် နှင့် သြစတေးလျနိုင်ငံများက အောက်ပါရည်ရွယ်ချက်များဖြင့် စီးပွားရေးပိတ်ဆို့မှုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါသည်။
(က) လူ့အခွင့်အရေးချိုးဖေါက်မှုများ အဆုံးသတ်ရေး၊
(ခ) ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများအတွက် ပိုမိုထိရောက်သောအပြောင်းအလဲများဖြစ်ပေါ်လာစေရေး၊
(ဂ) အစိုးရကပြည်သူလူထုအပေါ် နှိပ်စက်သောအမူအကျင့်များကို ပြုပြင်ပြောင်းလဲစေရေး၊
၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲ၏ရလဒ်အဖြစ်ပေါ်ထွက်လာသော ဥပဒေပြုလွှတ်တော်အရပ်ရပ်ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးမှုကောင်စီက ဖွဲ့စည်းပေးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးမှုပါတီ နှင့် ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုရွေးချယ်ခဲ့သည့်၊ ပြည်သူက ရွေးကောက်တင်မြှောက်ထားသူများ မဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ်တို့၏ စုပေါင်းအင်အားစုက လွှမ်းမိုးထားပေသည်။ ဤလွှတ်တော်များကို နိုင်ငံရေးဆောင်ရွက်ခွင့်ရှိသည့် တခုတည်းသောအခင်းအကျင်း ဖြစ်အောင်ရှေးရှုဆောင်ရွက်ထားခြင်းက ဒီမိုကရေစီစနစ်သို့ ဦးတည်မှုများကိုနှိမ့်ချပျက်ရယ်ပြုသကဲ့သို့ ရှိပါသည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ပါတီအဖြစ်မှ ရပ်စဲခဲ့သည့်လုပ်ရပ်နှင့်ဆက်စပ်၍ အဖွဲ့ချုပ်မှ အထူးအယူခံဝင်ရာတွင် အာဏာပိုင်တို့၏ အလိုကျအတိုင်းသာ အများအားဖြင့် ဆောင်ရွက်လေ့ရှိသည့် တရားရုံးချုပ်က အယူခံဝင်မှုကို လျော်ကန်သင့်မြတ်ခြင်းမရှိ အဆောတလျင် ပယ်ချခဲ့သည်။ ဤလုပ်ရပ်ကလည်း နိုင်ငံရေးလုပ်ဆောင်ချက်များကို အနိမ့်ဆုံးအခြေအနေအထိ လျှော့ချကန့်သတ်ရန် ရည်ရွယ်ချက်ကို ပြသနေပါသည်။
အများပါဝင်ပတ်သက်သော နိုင်ငံရေးဖြစ်စဉ်တရပ် ပေါ်ပေါက်လာရေးကို အရေးတကြီး တောင်းဆိုရန် ယခုအခါ ပို၍ပင်လိုအပ်လာပါသည်။
စီးပွားရေးပိတ်ဆို့မှုမူဝါဒတွင်အပြောင်းအလဲတစုံတရာပြုရာ၌ဗဟိုပြုစဉ်းစားရမည်မှာ
အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် အခိုင်အမာအခြေခံထားသည့် ဒီမိုကရေစီစနစ်သို့ ဦးတည်သည့်ဖြစ်စဉ်တွင် တိုးတက်မှုရှိပြီး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခြင်းပင် ဖြစ်ပါသည်။
“စီးပွားရေးပိတ်ဆို့မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမြင် အကျဉ်းချုပ်”
(၁) စီးပွားရေးပိတ်ဆို့မှုများကို အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကနေဒါ၊ နယူးဇီလန် နှင့် သြစတေးလျနိုင်ငံတို့က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများ ပိုမိုကောင်းမွန်လာစေရန် နှင့် ဒီမိုကရေစီတန်ဘိုးများ ထွန်းကားစေရေးအတွက် ရည်ရွယ်၍ ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။
(၂) ထိုသို့ စီးပွားရေးပိတ်ဆို့မှုများကို မြန်မာနိုင်ငံရှိ မည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း နှင့် ပုဂ္ဂိုလ်တဦးတယောက်၏ တောင်းဆိုချက်များကြောင့် ချမှတ်ခဲ့ရသည် မဟုတ်ပါ။ သက်ဆိုင်ရာနိုင်ငံများ၏ ဆုံးဖြတ်ချက်များသာဖြစ်ပါသည်။
(၃) စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် မကြာမီက အချို့သော နိုင်ငံရေးပါတီများ၊အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များ နှင့် နိုင်ငံအချို့က တောင်းဆိုမှုများရှိခဲ့ပါသည်။ ထိုတောင်းဆိုမှုမှုများကို နိုင်ငံရေးရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ပုံ ရှိပါသည်။ နိုင်ငံတွင်းစီးပွားရေးအခြေအနေကို စီးပွားရေးပိတ်ဆို့မှုများက သိသာထင်ရှားသော အကျိုးသက်ရောက်မှု တစုံတရာမရှိခဲ့ပါဟု ရရှိနိုင်သော အထောက်အထားများက ညွှန်ပြနေပါသည်။
(၄) စီးပွားရေးပိတ်ဆို့မှုများ၏ အဓိကအကြောင်းရင်းမှာ လူ့အခွင့်အရေးများ ချိုးဖေါက်ခြင်း နှင့် ဒီမိုကရေစီကျင့်စဉ်များကင်းမဲ့မှု တို့ကြောင့်ဖြစ်သဖြင့် ပိတ်ဆို့မှုများကိုဖယ်ရှားစေရန်မှာ၊ ထိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်သာ ဖြစ်သည်။နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရေးသည်လည်း အဓိကလိုအပ်ချက်ဖြစ်ပါသည်။
(၅) ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအား လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ဆောလျင်စွာ ပြုလုပ်ပါရန် တိုက်တွန်းအပ်ပါသည်။
(၆) မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြုပ်နှံထားပြီးသောလုပ်ငန်းများ၊ လာရောက်ရင်းနှီးမြုပ်နှံရန် ကြံရွယ်နေသော လုပ်ငန်းများ အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ လုပ်သားများ၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးမှု၊ လူမှုအဖွဲ့အစည်းတိုးတက်ကောင်းမွန်စေမှု ဟူသောဆိုင်ရာလမ်းညွန်ချက်များကို အလေးထား အသိအမှတ်ပြုပါက လတ်တလော စီးပွားရေးအကြပ်အတည်းများနှင့် ရင်ဆိုင်နေသည့် ပြည်သူလူထုအတွက် သက်သာမှုတစုံတရာ ရရှိစေနိုင်မည်ဖြစ်ပါသည်။
(၇) စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ စည်းကမ်းချက်များကို မည်သည့်အချိန်တွင်၊ မည်သို့နှင့်မည်သည့်အခြေအနေများ
အောက်၌ ပြုပြင်မွမ်းမံနိုင်မည်ကို သဘောတူညီမှုရရှိစေရေးအတွက်အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကနေဒါ၊ နယူးဇီလန်၊ သြစတေးလျနိုင်ငံတို့ကိုညှိနှိုင်းဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုပါသည်။ ဤသို့စဉ်းစားရာတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် တောင့်တင်းခိုင်မာသည့်စီးပွားရေးအခြေအနေတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ အများ၏ လေးစားမှုကိုခံယူရရှိပြီးဖြစ်သော ပညာရှင်အဖွဲ့တခုက စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးအပြစ်များကို လေ့လာဆန်းစစ်နိုင်မည်ဆိုပါလျှင် အဆိုပါဆွေးနွေးမှုများကို များစွာအထောက်အကူပြု အကျိုးရှိစေမည်ဖြစ်ပါသည်။
(၈) မြန်မာနိုင်ငံကို ဒီမိုကရေစီရေးနှင့်စီးပွားရေးဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်၌ တိုးတက်ခရီးရောက်သည်ကို တွေ့မြင်လိုကြောင်း နိုင်ငံတကာအသိုင်းအ၀န်းက ကာလကြာရှည်စွာကပင် ဖေါ်ပြခဲ့ကြပါသည်။ အမျှော်အမြင်ကြီးစွာဖြင့် ညှိနှိုင်းထားသည့် လျော်ကန်သောမူဝါဒများသည် ထိုရည်မှန်းချက်များကို ရရှိစေမည့် အကောင်းဆုံးလမ်းကြောင်းကို ပေါ်ထွန်းစေမည် ဖြစ်ပါသည်။
( ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၇၊၂၊၂၀၁၁ နေ့အစည်းအဝေးအတည်ပြုချက်အရ )။
No comments:
Post a Comment