နအဖအကျဉ်းထောင်များတွင် မတရားထိန်းသိမ်းခံနေကြရသော မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ မျိုးဆက်သစ်လူငယ်များ။
ရဟန်းရှင်လူ မိဘပြည်သူများနှင့် ညီအစ်ကို မောင်နှမများ ခင်ဗျား။
ကျနော် ကျမတို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင် ဇေယျာသော်၊ အောင်ဇေဖြိုး၊ အာကာဗိုလ်၊ သီဟ၀င်းတင်တို့သည် စစ်အစိုးရ၏ မတရားဖိနှိပ်မှုတွေကို အမှန်အတိုင်း ထုတ်ဖော်ဖွင့်ဟခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ တွင် အာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်မှာ ယနေ့ဆိုလျှင် (၃) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ထိုလူငယ်များနည်းတူ စစ်အစိုးရ၏ တစ်ဘက်သတ် စွပ်စွဲချက်အမျိုးမျိုးနှင့် ထောင်ဒဏ်အသီးသီး ကျခံနေရသော Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်လူငယ် (၁၉) ဦးသည်လည်း စစ်အစိုးရ၏ အကျဉ်းထောင်များတွင် ပြစ်ဒဏ်များ ချမှတ်ခံနေရဆဲ ဖြစ်ပါသည်။
ယုံကြည်မှုနှင့် လွတ်လပ်မှုအတွက် ၊အမှန်တရားနှင့် မိမိတို့၏ နိုင်ငံရေးခံယူချက်တို့အတွက် ယခုလို မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတဲ့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်များဖြစ်ကြသော ကိုဇေယျာသော်၊ ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုသီဟ၀င်းတင် တို့ အပါအ၀င် ကျွန်ုပ်တို့၏ GW အဖွဲ့ဝင်များအား စစ်အစိုးရအာဏာပိုင်များမှ အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် ယခုကဲ့သို့ ရဟန်းရှင်လူ မိဘပြည်သူများ သိစေရန်အတွက် “ အီးမေးလ်ဖြန့်ဝေခြင်းလှုပ်ရှားမှု” အားပြုလုပ်ခြင်း ဖြစ်ပါသည် ။
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) သည် အာဏာရှင်စနစ်အား အကြမ်းမဖက်သည့်နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။
စစ်အာဏာရှင်စနစ် အပြီးသတ်ကျဆုံးရေးနှင့် တစ်မျိုးသားလုံး၏ စစ်ကျွန်ဘ၀အောက်မှ လွတ်မြောက်ရေးအတွက် တောင်းဆိုရင်း အဓမ္မဖမ်းဆီးခံနေရမှုကို စစ်အစိုးရအာဏာပိုင်များမှ အမြန်ဆုံးလွှတ်ပေးရေးအတွက် ယခုလို အီးမေးလ်ဖြန့်ဝေခြင်းလှုပ်ရှားမှု ပြုလုပ်တောင်းဆိုခြင်း ဖြစ်ပါသည် ။ ထို့ကြောင့် ယခု အီးမေးလ်အား အခြားသူများသို့ ထပ်ဆင့်ဖြန့်ဝေခြင်းဖြင့် ပူးပေါင်းကြပါရန် ဆန္ဒပြုပါသည် ။
"ပြည်သူလူထုတွေကို ကျနော်ပြောချင်တာကတော့ မကြိုက်တဲ့အရာတွေကို ငြင်းပယ်ဖို့ သတ္တိရှိကြပြီး အမှန်ကို မလုပ်ရဲရင်တောင်မှ အမှားတွေကို မထောက်ခံမိကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်" - ဇေယျာသော် (Generation Wave)။
“ကျနော်တို့ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ရှေ့က အာဇာနည်သူရဲကောင်းတွေ သူတို့ခေတ်ကာလအလိုက် တိုင်းတပါးရဲ့ ကျွန်ဘ၀ကနေ လွတ်မြောက်အောင်လုပ်ပြီး သမိုင်းပေးတာဝန်ကျေခဲ့ပါပြီ။ နောက်လာမယ့် သူတွေအတွက် ကျေးဇူးကြွေးကို ဆပ်သွားကြပါပြီ။ ကျနော်တို့ခေတ်မှာ တိုင်းပြည်ကောင်းစားဖို့ လိုပါတယ်။ ဒါ ကျနော်တို့ရဲ့ တာဝန်ပါ။ ကိုယ့်တာဝန်ကိုယ်သိကြပါ” - သီဟ၀င်းတင်(Generation Wave)။
"ခင်ဗျားက GW လို့ပြောရင် ကျွန်တော်က လူငယ်လို့ ပြောမယ် ခင်ဗျားက ဒီမိုကရေစီလို့ ပြောရင် ကျွန်တော်က ပြည်သူလူထုလွတ်မြောက်ရေးလို့ ပြောမယ်” - ငြိမ်းချမ်း (Generation Wave)။
လေးစားစွာဖြင့် -
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)။
No comments:
Post a Comment