Sunday, March 13, 2011

ရန်ကုန်စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) နှင့် မတ်လ တမ်းချင်း။

၁၉၈၈ ခုနှစ်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT)၊ ယခုတော့ အမည်အသစ်ပြောင်းထားတဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် (Yangon Technological University – YTU) ဟာ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး စတင်ပေါ်ပေါက်စေခဲ့တဲ့ သမိုင်းဝင် စက်မှုတက္ကသိုလ်ကျောင်းသားအပေါင်းတို့ ရဲ့  ကျောင်းတော်ကြီး ဖြစ်ပါတယ်။

အာဏာရှင်တွေ သမိုင်းကြောင်းကို ဖုန်းကွယ်ဖျောက်ဖျက်ပစ်ဖို့  အမည်ပြောင်းပြီး ကြိုးစားပေမယ့် ရန်ကုန်စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) ဆိုတာ ကျောင်းသားပြည်သူတွေ ရင်ထဲမှာ ထာဝရ ကိန်းအောင်းနေမှာပါ။

အာဏာရှင်တွေရဲ့  ကျောင်းသားတွေအပေါ် မတရားအုပ်ချူပ်မှုတွေ၊ ကျောင်းသားတွေကို ဖိနှိပ်ချူပ်ချယ်မှုတွေ၊ ကျောင်းသားတွေရဲ့  အေးချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေအပေါ် လက်နက်နဲ့  တုန်းပြန့်  ပစ်ခတ်သတ်ဖြတ်မှုတွေအတွက် ကျောင်းသားတိုင်းက ခေတ်အဆက်ဆက် တော်လှန်ဆန့် ကျင် တိုက်ပွဲဝင်လျက်ရှိကြပါတယ်။

မတရားမှုကို ခေါင်းငုံ့ မခံတဲ့ ကျောင်းသားစိတ်ဓါတ်ကြောင့် ၁၉၈၈ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပွားမှုများမှာ သွေးမြေကျကာ အသက်ဆုံးရှုံးခဲ့ကြရတဲ့၊ ကျောင်းတော်ကြီးနဲ့  စာသင်ခန်းကို ထာဝရ စွန့် လွတ်ခဲ့ကြရတဲ့၊ အာဏာရှင်ဆန့် ကျင်ရေးကို ယခုထိတိုင် ဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားကြီးများအား အထူး ဦးညွတ်ဂုဏ်ပြုအပ်ပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားအပေါင်းနဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းသားအပေါင်းအား “မတ်လတမ်းချင်း” ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ဖြင့်လည်း ဂုဏ်ပြုလိုက်ပါတယ်။

မတ်လတမ်းချင်း။

ခေါင်းလောင်းသံတိတ်
ကျောင်းပိတ်ရက်ရှည်
ဝေးကြလေပြီ သူငယ်ချင်း။

ဟိုယခင်က
တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့်
မင့်သဏ္ဍာန်သည်
ငါ၏ ရှေ့မှောက်
မြင်ရင်း ပျောက်ခဲ့
ဘယ်ရောက်နေလည်း သူငယ်ချင်း။

မင်းသတင်းများ
နားနှင့်မမျှ ကြားရချိန်တွင်
သစ်ပုပ်ပင်အို မျက်ရည်စိုရွှဲ
ဝမ်းနည်းပက်လက်
ချွေကာချလျှက် စိမ်းမြရွက်။

အဖော်ကွဲလျက်
ဥသြငှက်သည်
အော်မြည်ဟစ်ကြွေး ငိုသံပေး။

လမ်းမထက်တွင် ရှု မြင်မလှ
မွမွကြဲကြေ
စိန်ပန်းတွေလည်း ရဲရဲနီ။

တက္ကသီလာ မြကျွန်းသာသည်
မရီ(ရယ်)မပြုံး
နှလုံးပဲ့ကြေ ဝေဒနာ။

သဘင်ဘွဲ့နှင်း
ရင်တွင်း မမျှခံစားရ၍
အသည်းကြေကွဲ မျက်နှာလွှဲ။

ကံကော်တောတန်း
လွမ်းချင်းတေးဆို မငိုနိုင်ဘဲ
ရင်ထဲထိတ်ထိတ် အံကိုကြိတ်။

အင်းလျားရေပြင် မရှုမြင်ရက်
တက်(တောက်)ခေါက်ရင်းဖြင့်
ရင်နင့်လှိုင်းထ တသသ။

ဟိုယခင်က တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့် မင်း၏သဏ္ဍာန်
ပြန်မြင်ယောင်ဆဲ။

ဘယ်မှာလည်း မင်း . . .
သူငယ်ချင်း . . . . . ။

(အမည်မသိ ကဗျာရှင်တစ်ဦးမှ ၁၉၈၈ ခုနှစ် ဇူလိုင်လအတွင်းက က ရေးစပ်ခဲ့သော ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်)။

“အို – ကျောင်းသားအပေါင်းတို့  ငါတို့  ကျောင်းသားတွေကို သွေးမြေကျအောင် မိုက်ရိုင်းခဲ့ကြတဲ့ အာဏာရှင်တွေကို ငါတို့  ကျောင်းသားစိတ်ဓါတ်နဲ့  သမိုင်းကြွေးဆပ်ကြစို့ ”

No comments: