Saturday, April 30, 2011

အော် ဖြစ်ချင်သလိုဖြစ်နေတဲ့ မြန်မာပြည်က အခြေအနေတွေနဲ့  သိန်းစိန်တို့ တစ်သိုက် အာဏာသိုက်ဖမ်းပွဲ။



















သင်္ကြန်ပြီးသွားလို့ ရုံးတွေ ပြန်ဖွင့်ကြလို့ နေရာ အသီးသီးမှာ လုပ်ငန်းတွေ ပြန်လည်ပတ်နေကြပါပြီ။

ရုံးတွေမှာတော့ သင်္ကြန်မတိုင်ခင်က ပြောလို့ မပီးသေးတဲ့ ဆွေးနွေးစရာတွေ စကားပြန်ဆက်ပြီး ပြောနေကြတဲ့ သူတွေ၊ သင်္ကြန်တွင်း လျောက်လည်ခဲ့လို့ တွေ့ ခဲ့ ကြုံခဲ့တာတွေ၊ စကားအသစ် ပြောရတဲ့သူတွေ ၊ သင်္ကြန်တွင်း တရားထိုင်ခဲ့ကြလို့၊ သူ့ တရား၊ ငါ့တရား အပြန်အလှန် ဟောကြရင်း၊ ကီး မကိုက်ကြတော့လို့၊ သူ့ တရားက မှန်တယ် ၊ ငါ့တရားက မှန်တယ် ငြင်းရင်း ခုံရင်း၊ ကုသိုလ်အကြောင်းကနေ ၊ အကုသိုလ်တွေ ထဖြစ်ကုန်ကြတာ မနဲပါ ခင်ဗျာ။

အခု လောလောဆယ် အလုပ်အများဆုံးက ပြည်ထောင်စုဝန်ကြီးတွေပါ၊ သင်္ကြန်တွင်း တခုလုံး ပျော်ပျော်ပါးပါး ရီဝေပျော်မြူးခဲ့ကြပြီး အခု ရုံးပြန်တက်ကုန်ကြပါဘီ ၊ ပြောလိုက် ဟောလိုက်ကြတာ၊ အရင် အစိုးရနဲ့ လုံးဝ မတူအောင်၊ ခေတ်တွေ စနစ်တွေ ပြောင်းတော့မယ်ဆိုဘဲ ခင်ဗျာ။

အရင်လုပ်သွားတဲ့ဝန်ကြီးကို နောက်ဝန်ကြီးသစ်က မကောင်းကြောင်းတော့ အတော်ပြောကြသဗျ၊ ဟေ့ ဟေ့ မင်းတို့အရင် အတွေးအခေါ်တွေ မရှိကြတော့နဲ့ကွ ၊ ဒို့က အစိုးရအသစ်ကွ ဂွဒ် ဂါးဘားမင့် (Good Government)၊ ကလင်း ဂါးဘားမင့် (Clean Governmet) ဖြစ်အောင် ကြိုးစားကြရမှာကွ ၊ အရင်နဲ့ လုံးဝမတူစေရ ဘူး၊ အကုန် ပြောင်းနိုင်အောင် ကြိုးစားကြဘို့၊ တဖွဖွ ပြောကြ၊ ရှင်းကြ လင်းကြ ပေါ့ ဗျာ။

ဝန်ကြီးအသစ်တွေ အတော် ကြိုးစားကြပါတယ်၊ အရင် ဝန်ကြီးတွေနဲ့ မတူအောင်၊ စားပွဲ ကုလားထိုင်က အစ အသစ်တွေ၊ အကုန်ဝယ်ကြပါတယ်၊ အိမ်သာတွေ အသစ်လဲကြပါတယ်၊ အရင်ဝန်ကြီးက စားပွဲကို တောင်ဘက်လှည့်ထားရင်၊ နောက် ဝန်ကြီးအသစ်က မြောက်ဘက် လှည့်ထိုင်ပါတယ်၊ အရင် ဝန်ကြီးက လိုက်ကာအရောင်ကို အစိမ်းရောင် သုံးရင် နောက် ဝန်ကြီးက အဝါရောင် ပြောင်းသုံးပါတယ်။

ဒီလိုနဲ့ အရင်အစိုးရအဖွဲ့  နဲ့ မတူအောင် ကြိုးစားကြရင်း ၊ နေပြည်တော်က ပရိဘောဂဆိုင်တွေ အိုးခွက် ပုဂံဆိုင်တွေ၊ ကော်ဇော ခန်းစီးဆိုင်တွေ အတော် ရောင်းကောင်းကြပါတယ်၊ ဆိုင်တွေမှာ ဝန်ကြီးဌာန အသီးသီးက လူတွေ ခြေခြင်းလိမ်နေကြပေါ့ဗျာ၊ ဝန်ကြီးရုံးတွေမှာလည်း ဟိုဌာနဟို အထပ်ပြောင်း၊ ဒီ ဌာနက အောက်ထပ်ပြောင်း၊ ကြွေးကြော်သံ ဆိုင်းဘုတ်တွေ အမျိုးမျိုး ချိတ် ၊ အလုပ်တွေ ရှုပ်နေကြပေါ့ဗျာ၊ တကယ်တော့ ၊ အဲဒါတွေ အားလုံးက ပိုက်ဆံဖြုန်းတဲ့ အပိုအလုပ် တွေပါ ခင်ဗျာ။

ဝန်ကြီး အသစ်တွေကလည်း၊ အတော် ဂိုက်ပေး ကြမ်းလာပါတယ်၊ အရင် ပုံစံနဲ့ မျက်နှာထား စကားပြောပုံ ၊ လေယူလေသိမ်း၊ အတော် ပြောင်းကုန်ကြပါတယ်၊ ခက်ပါတယ်ဗျာ၊ ကုလားထိုင်လေး ထိုင်ရတာ ဖင်တောင် မနွေးသေးပါဘူး ၊ အာဏာဆိုတာ အခက်သားပါလား ဗျာ။ ကြံခိုင်ရေးပါတီကလဲ သူ့ လူ တွေ သူ နိုင်ပုံ မရတော့ပါဘူး ၊ ဒီ ငါးနှစ်အတွင်း ရသလောက် ကိုယ့်အတွက်ကိုယ် ၊ ကြုံးယူသွားကြမဲ့ပုံပါ။

ကြံ့ခိုင်ရေးတင် မကပါဘူး၊ ဒီမိုကရေစီပါတီတွေထဲလဲ ပြသနာအများကြီးပါ၊ အမတ်ဖြစ်ပြီး နေရာလေး သေးသေး ဖြစ်ဖြစ်၊ ကြီးကြီးဖြစ်ဖြစ်၊ နေရာလေး ရတာနဲ့ အမျှ၊ ပါတီတွေနဲ့ ကင်းကွာလာပါတယ်၊ ပါတီ အစည်းဝေးခေါ်ရင်၊ မအားဘူးဗျ ၊ ဒီမှာ အလုပ်များနေတယ် ဆင်ခြေနဲ့ လာချင်မှ လာပါ တော့တယ်၊ မလွှဲသာလို့ ပါတီ အစည်းအဝေး လာရရင်လဲ ဆရာကြီး နေရာက စကား မပြောရရင်၊ လမ်း မညွှန်ရရင် ၊ စိတ်ကောက်ပြီး နောက်မလာတော့ဘူး ခင်ဗျ၊ အကုန်လုံးကတော့ တနပ်စား အဆင့်ဘဲ စဉ်းစားနေကြပါတယ်။

စားလိုက်ရမဲ့ တနပ်စာဘိုးကလဲ တသက်လုံး သမာအာဇီဝနဲ့ ရှာဘို့က မလွယ်တော့တာကိုး ခင်ဗျ၊ လူတွေ စနစ်တွေ၊ ဥပဒေတွေတော့ အထူးကြပ်မတ်ဘို့လိုနေပါဘီ၊ ကြပ်မတ်ဘို့ဆိုတာကလဲ၊ ရုရှား ဆိုရိုးလေးကို သတိရမိသဗျာ၊ အများပိုင် မုန်လာဥအပုံကြီးကို မလေမလွင့်အောင် စောင့်ရှောက်ဘို့၊ ယုန် ၂ ကောင်ကို အစောင့် တာဝန်ပေးထားသတဲ့ဗျ၊ အဲ ၊ ယုန် ဆိုတာက မုန်လာဥ အတော်ကြိုက် တဲ့ကောင်ဆိုတော့၊ အစောင့်ထားတဲ့ ယုန်တွေကို စိတ်မချလို့ ၊ ဒီ အစောင့်ယုန်တွေကို ကြပ်မတ်ဘို့၊ ယုန် ၄ ကောင် ထပ်တာဝန်ပေးထားပါသတဲ့ ဗျာ၊ ဒီလို ယုန် ၆ ကောင် စောင့်ရှောက်ကာမှ၊ မုန်လာဥတွေ အပျောက်များလာတော့ ဒီ ယုန် ၆ ကောင်ကို ကြပ်မတ်ဘို့ နောက်ထပ် ယုန် ၁၂ ကောင်ကို တာဝန်ထပ်ပေးရပြန်သတဲ့။ ဒီလိုနဲ့ ကြီးကြပ်မဲ့ ယုန်တွေ များများ ခန့်လေ ၊ မုန်လာဥအပုံက မြန်မြန် ကုန်သွားလေ ဖြစ်ရပါတယ်။

အခုလဲ ဝန်ကြီးဌာနတွေ အဝင်အထွက်အတွက် ဒလန် လူတန်းစားတွေ ပေါ်ပြူလာ ဖြစ်လာပါဘီ၊ ဘယ်ကိစ္စကို ပြေလည်ချင်ရင် ဘယ်သူ့ဆီက တဆင့်၊ ဘယ်လိုဝင်မှ ရတယ်ဆိုတာ စ ကြားနေရပါဘီ၊ တိုက်ရိုက်တွေ့ လို့ အဆင်မပြေပါဘူး၊ တိုက်ရိုက် တွေ့ ရရင်တော့ သမတကြီးရဲ့ မူဝါဒက ဘယ်လို ရှိကြောင်း၊ နိုင်ငံတော် မူဝါဒနဲ့ မကိုက်ညီရင် လုပ်ပေးလို့ မရကြောင်း၊ အခုလဲ မရလို့ လုပ်မပေးနိုင်တာပါ ၊ ရရင် ချက်ချင်း လုပ်ပေးပါမယ်ဆိုပြီး ပြောကြပါတယ်၊ ပြောတဲ့အတိုင်းပါဘဲ၊ ရတာနဲ့ ချက်ချင်း လုပ်ပေးကြပါတယ်။ ပေးတဲ့ လူက ပေးတတ်ဘို့ လိုပါတယ်၊ ရအောင် ပေးတတ်ဘို့ လိုပါတယ်။ တကယ့် သူတော်ကောင်းကြီးတွေပါဗျာ၊ လူများ သူများတွေအတွက် ကြားသာ၊ မြင်သာဖြစ်မဲ့ ကိစ္စဆိုရင် လုံးဝ မစားကြပါဘူး ခင်ဗျာ။ ရှောင်ကြပါတယ်။

ကန်ထရိုက်တာကနေ ဝန်ကြီးဖြစ်လာသူ၊ ကုန်သည်ကြီးကနေ ဝန်ကြီးဖြစ်လာသူတွေဆိုရင် မိတ် ပျက် ဆွေပျက်တွေ များလာပါတယ်၊ အချင်းချင်း ဆိုင်ထိုင်ဘော်ထိုင်ဘက်တွေကနေ အခုတော့ ၊ လာကန်တော့မှ အတွေ့ ခံသလို ဖြစ်လာကြပါဘီ၊ ရွေးကောက်ပွဲပြီးကာစက ဆင်ဖမ်းမယ် ကျားဖမ်းမယ် ပြောလာကြတဲ့ တိုင်းရင်းသားပါတီတွေလဲ အလားတူ ပြသနာ ရှိပါတယ်၊ အခုတော့ ဒီ အမတ်မင်းတွေက မိခင်ပါတီတွေကိုတောင် အမြင်မကြည်ကြတော့တဲ့ ပုံစံ ပြောင်းလာကြပါတယ်၊ အကုန်လုံးက ဒီ ၅ နှစ်အတွင်း ကိုယ့်အတွက်ကိုယ် အဆင်ပြေသွားရင် အိုကေဘီဘဲ အဓိက တွက်လာကြပါတယ် ခင်ဗျာ။ အာဏာဆိုတာ အခက်သားပါလားဗျာ။

သမတကသာ တဖွဖွ ပြောနေတာပါ။ အခု အမတ်မင်းတွေက အရွေးကောက်ခံ အမတ်တွေဆိုတော့၊ အရင် အစိုးရလက်ထက်ကလို ဘဝရှင် မင်းတရားကြီးပုံစံမျိုးနဲ့ အခု ရွှေစိတ်တော် ညိုသွားရင်၊ အခု အလုပ်ဖြုတ်ပစ်တာမျိုးကို၊ လွယ်လွယ်နဲ့ လုပ်လို့ မရမှန်း သိလာကြတော့ နဲနဲပိုပြီး အတင့်ရဲ လာကြတဲ့ပုံပါ။ ပညာတွေ ပိုပြီး စုံလာကြပါတယ်။ တိုင်း အဆင့် ခရိုင် အဆင့်၊ မြို့နယ်အဆင့်တွေပါ၊ ဒီ ပညာတွေ တတ်စ ပြုလာပါဘီ ခင်ဗျာ။ တိုင်းသူပြည်သား တွေမှာ လွတ်လွတ်လပ်လပ် ပြောနိုင် ဆိုနိုင်ခွင့်ရှိမှ အုပ်ထိမ်းနိုင်မှာပါ။

အခုရက်ပိုင်း အင်တာနက်တွေကလဲ အတော် အခြေအနေ ဆိုးပဗျာ ၊ နှေးကလဲ နှေးပြီးတော့ ကွန်နက်ရှင်က နှေးပေမဲ့ အဆက်မပြတ်ရင် တော်သေးတယ်၊ အခုများ နှေးရတဲ့အထဲ၊ မထင်ရင် မထင်သလို ၃ မိနစ် တခါလောက် ခန ရပ်သွားတော့၊ ဆာဘာ တိုင်းမ်အောက်ဖြစ်ပြီး ဘာမှ သုံးလို့ မရပါခင်ဗျာ၊ အရင်က ဟက်ကာတွေ လုပ်တယ် ပြောသံကြားရပေမဲ့ဒီ ဟက်ကာတွေက ရတနာပုံတယ်လီပို့က လူတွေပါ။ အခု ဘယ်ဆိုဒ်ကို သွားသွား၊ ဂူဂယ် ရှာတာတောင် (ဘီတာ ဒေါ့ ရတနာပုံ ဒေါ့ ကွန်း ဒေါ့ အမ်အမ် ) ဆိုပြီး ၊ ရှိသမျှ သူတို့ ဆာဘာကို တဆင့်ဖြတ်ပြီးမှ ဒေတာ သွားအောင် စတန့်ထွင် လက်တဲ့ စမ်းထားတာ တွေ့ရပါတယ်။

ဘာတွေများ စိတ်ကူးရှိလို့လဲဗျာ၊ နဂိုက စနစ်အကောင်းကို အခု သုံး မရအောင် ကြံကြံဖန်ဖန် အလုပ် ရှုပ်ခံပြီး၊ အပြုနဲ့ အဖျက်၊ အစစ်နဲ့ အတု၊ ဒီစကားတွေကို နားလည်အောင် ကြိုးစားကြပါ ခင်ဗျာ၊ အခုတော့ ကိုယ့် ပြည်သူပြည်သားကို သက်သက်မဲ့၊ ဒစ်ဂျီတယ် ဒီဗိုက်၊ နည်းပညာ ကွာဟဆင်းရဲအောင်၊ ဒီ ရတနာပုံတယ်လီပို့က လူတွေကဘဲ ပေါက်ပေါက်ရှာရှာ စိတ်ကူးရကြသဗျာ၊ အကျိုးနဲ့ အပြစ် သေချာလဲ ဆန်းစစ်ကြပါ ခင်ဗျာ။

နိုင်ငံခြား ငွေမာဈေးက တနေ့က ၂ ကျပ်ကျ ၃ ကျပ်ကျနဲ့ အကျဘက်ကို ယိုင်ထိုး ဆင်းဆဲ ဖြစ်နေပါတယ်၊ ကျောက်မျက်ရောင်းထားတဲ့ အပြင်က ငွေမာတွေ ပြည်တွင်း ဈေးကွက်ထဲ လှိမ့်ဝင်နေသလို၊ ဒေါ်လာကလဲ နိုင်ငံတကာ ငွေဈေးကွက်ထဲ တနေ့တခြား အခြေအနေဆိုးလာတော့၊ ဗမာငွေက ခိုင်သလို ရှိနေပတယ် ၊ ကမ္ဘာ့ ရွှေဈေးက ပိုးစိုးပက်စက် တက်နေပေမဲ့၊ ပြည်တွင်း ရွှေဈေးက ငွေမာဈေး အကျကြောင့် ဝုန်းကနဲ အပြောင်းအလဲ မရှိနိုင် ဖြစ်နေပါတယ်။

အခု အစိုးရ ရဲ့ ပထမ လေးလပါတ်ထဲမှာ ငွေသုံး ကြီးကြီမားမား မရှိနိုင်ဘူးလို့ သိရပါတယ်၊ ပထမ လေးလပါတ်အတွင်း လုပ်လက်စ လုပ်ငန်းတွေ ငွေ ဘယ်လောက်ကုန်မယ်ဆိုတာ အရင် အသေးစိတ် ပြန်စစ်မယ် ကြားပါတယ်၊ ဒီအတွင်း ရစရာ ရှိတာတွေ တကယ် ရ မ ရ
ပြန်စစ်ပြီး၊ အ ရ အသုံးကို ပြန်စီစစ်မယ် ကြားပါတယ်၊ အစုးရက တိုင်းပြည်ငွေကို မဖြုန်းကြရင်၊ မဘုံးကြရင် ၊ စီးပွားရေးက ဆိုးသွားစရာ၊ ငွေက ဖောင်းပွစရာ မရှိပါ ခင်ဗျာ ၊ အခုလဲ သမတက အကြံပေးဆရာတွေ ခန့်ထားပြီး၊ နောင် လေးလကြာမှ စီးပွားရေး ပုံစံချမယ် ထင်ပါတယ်။

လူတွေလဲ ငွေ အများကြီးနဲ့ ကစားရမဲ့ အလုပ်ကို မရဲကြတော့ ပါဘူး၊ အခု ကြားရတာက ၊ အရင် မြေဈေးတွေ မြောက်နေတုံးက ၊ နေပြည်တော် ဝန်ထမ်းမြေကွက် ပါမစ်တွေကို ကြုံးဝယ်ထားတဲ့ သူ တွေကို၊ ကိုယ်စားလှယ်လွှဲစာနဲ့ မြေကိစ္စ ဆောင်ရွက်ခွင့်ကို ပိတ်ပစ်လိုက်လို့ ၊ ရှေ့တိုးရ ခက် နောက်ဆုတ်ရ ခက် လူတွေ များလာပါတယ်။ ဥပဒေဆိုတာက မခက်ပါဘူး၊ အဟမ်း ချောင်းကလေး တချက်ဟန့်လိုက်ပြီး ဒါက ဒီလိုလုပ်လို့ ပြောလိုက်ရင် ဥပဒေ ဖြစ်သွားတာမျိုးကိုး ခင်ဗျ။

အခု အဆင်ပြေနေတာက စတိုးဆိုင်လေးတွေပါ၊ ဈေးကို သိပ်တင်မရောင်းဘဲ အရောင်းအဝယ်သွက်ပြီး ငွေများများ လည်နေအောင် ကြိုးစားလာကြပါတယ်။ ဆိုင်ကယ်ဈေးတွေလဲ တနေ့တခြား ကျပါတယ်၊ ကွန်ပျူတာ ပစ္စည်းဈေးတွေ အီလက်ထရောနစ် ပစ္စည်း၊ ပုံမှန် နွေရာသီမှာ ဈေးတက်လေ ရှိတဲ့ ၊ ပန်ကာ အဲယားကွန်း ရေခဲသေတ္တာဈေးတွေ အတော် ကျပါတယ်။

အခုရက်ပိုင်းနွေက သက်သာပါတယ်၊ အရင် မိုးလေဝသ ဆရာကြီး ဦးထွန်းလွင် ခန့်မှန်းသလိုပါဘဲ ၊ နွေလည်ခေါင်ခေါင်မှာ မိုး သိပ်မပြတ် ပါဘူး၊ သိသိသာသာ ရွာပါတယ်။ နွေစပါးတွေအတွက် သိပ် အဆင်ပြေသွားပေမဲ့၊ မတ်ပဲ စိုက်တဲ့ ယာသမားတွေကတော့ ခြူသံပါအောင် ငြီးကြပြီး၊ ပဲ ခင်း၊ ယာခင်းတွေ၊ အပျက်များလာပါတယ်။

နယ်ဘက်မှာ ခေတ်စားလာတဲ့ စီးပွားရေးက တောက်တဲ့ ဖမ်းကြတာပါ၊ ဂျပန်က ဝယ်သလိုလို ထိုင်ဝမ်က ဝယ်သလိုလို၊ ကိုရီးယားက ဆေးဖော် မလိုလို၊ တကယ် သွားတာက တရုပ်ပြည်မကြီး ကိုပါ။ မန္တလေး ကျုံး မြောက်ဘက်မှာ တောက်တဲ့ဒိုင်ရှိပါသတဲ့ဗျ။ ၂ဝ သားအထက် အကောင်တွေကိုဘဲ၊ အရှင် ဝယ်ပါသတဲ့၊ တကောင်ကို ၃ သိန်း လောက် ပေးပါသတဲ့။ တလောက မေမြို့ဘက်က လာရောင်းတဲ့ ၅ဝ သား အကောင်ကြီးကို ၅ သိန်းနဲ့ ရောင်းလို့ ရပါသတဲ့ဗျ။ နယ်တွေ မှာ ညဘက်ဆို လက်နှိပ်မီး တဝင်းဝင်းနဲ တောက်တဲ့ လိုက်ရှာကြပါတယ်၊ အရေးရယ် အကြောင်းရယ်ဆိုတော့၊ ဗမာတောက်တဲ့တွေက ပိန်နေကြပါတယ်၊ သိပ် အကောင်ကြီးပြီ ထင်တာတောင်၊ တကယ်ချိန်ရင် ၁၃ ကျပ်သားလောက်ဘဲ ရှိပါတယ်။

တောက်တဲ့ဒိုင်ကလဲ ၂ဝ သား အကောင် မဟုတ်ရင် မဝယ်ပါဘူး၊ ဟိုဒင်း ယောင်္ကျား အားတိုးဆေး ဖော်ကြတာလို့ ကြားရပါတယ်၊ နယ်က လာရောင်းကြပြီး၊ ဒိုင် ရောက်မှ အလေးချိန် မပြည့်လို့ အရောင်းအဝယ် မဖြစ်တာ အများကြီးပါ၊ ဗမာလူ မျိုးများကလဲ ဘာသာတရား ကိုင်းရှိုင်းကြတော့၊ ရောင်းမရတဲ့ တောက်တဲ့တွေကို နင့် အသက် တခါလွှတ်၊ ငါ့ အသက် ၁ဝ ခါ လွတ်ဆိုပြီ ၊ နီးစပ်ရာ ဘုန်ကြီးကျောင်းတွေမှာ လွှတ်ခဲ့ပါတယ်။

အဲဒီမှာတင် ဇတ်လမ်းအသစ်က စ တော့တာပါဘဲ၊ ကျောင်းထိုင်ဘုန်းကြီးက တောက်တဲ့တွေကို ပြန် ဖမ်းပြီး အလေးချိန် တိုးအောင် အစာကျွေးပြီးမွေးပါတယ်၊ တောက်တဲ့ကို ပုဇွန်ထုပ် ဝယ်ကျွေးတယ်၊ ပလူတွေ ဖမ်းကျွေးတယ်၊ ကြက်ဥ ပြုတ်ပြီး အနှစ်ကို ကျွေးတယ် တပါတ်အတွင်း တကျပ်သား နှစ်ကျပ်သား အလေးချိန်တိုးလာတယ်ဆိုတာနဲ့ တောက်တဲ့ မွေးတဲ့သူတွေ အတော်များလာပါတယ်။

အရင် အလကား ပြန်လွှတ်ပေးတဲ့ တောက်တဲ့ အသေးတွေက တကောင်ကို ၄ ထောင်လောက် ဈေး ရလာပါတယ်။ နောက်ပိုင်း မွေးတဲ့သူတွေက တောက်တဲ့ကို မြန်မြန် ကြီးအောင်ဆိုပြီး လူ သောက်တဲ့ ဘားပလက် အားဆေးပြားကို အမှုန့် ကြိတ်ပြီး အစာနဲ့ ရောကျွေးပါတယ်၊ တခိျု့ လူတွေက အချိန်ပိုစီးအောင် ဆိုပြီး အုတ်နီမှုန့်ကိုပါ အစာနဲ့ နယ်ကျွေးပါတယ်။

တောက်တဲ့က ထူးဆန်းသဗျာ ၊ အဲလို အစာမျိုးကို စားပြီး ခနနေတော့၊ အုတ်နီမှုန့်တွေ ဘားပလက် အမှုန့်တွေ သဘာဝအလျောက် ပြန်အန်ထုတ်ပါတယ်၊ ရောကျွေးလို့ မရပါဘူး၊ ဒါတောင် လူတွေက တောက်တဲ့အန်ဖတ်က ဈေးကောင်းလောက်တယ် ထင်ပြီး စုထားတဲ့သူက ရှိ ပါသေးတယ်။

အခုတော့ ဘုန်းကြီးကျောင်းမှာ ပုဇွန်ထုပ်ကျွေး မွေးထားတဲ့ တောက်တဲ့တွေက အခု နောက်ပိုင်း ထပ် ကြီးမလာတော့ပါဘူး၊ တခိျု့ တောက်တဲ့တွေက သေကုန်ပါတယ်၊ အပိတ်အလှောင် ခံရလို့ ထင်ပဗျာ၊ ဘုန်းကြီး ပြောတာက ၊ ငါက မှားသွားတယ်ကွာတဲ့။ လူအိုရုံရောက်နေတဲ့ တောက်တဲ့ အအိုကြီးကို မွေးမိတာကိုးတဲ့ဗျ။ တောက်တဲ့ အပျိုလေးတွေကို၊ အကောင်ငယ်ငယ် ကတဲက စနစ်တကျ မွေးရင် ဖြစ်နိုင်တယ် ပြောလို့ အခုတော့ တောက်တဲ့အပျိုလေးတွေကို ထပ်ရှာကြရ ပြန် သတဲ့ဗျာ။

ကျွန်တော်တို့ မြန်မာနိုင်ငံက ချမ်းသာပါတယ်၊ မြေ သယံဇာတ ၊ ရေ သယံဇာတ လေ သယံဇာတတွေ ပေါမှ ပေါဗျာ၊ အခုတောင် တောက်တဲ့တန်ခိုးနဲ့ အမျိုးဂုဏ်တက်တော့မှာပါ ၊ တကောင် ၅ သိန်း နဲ့ အကောင် ၁ဝဝဝ လောက် မွေးထားနိုင်ရင် ဟန်ကျပြီပေါ့ဗျာ၊

နိုင်ငံတော် သမတကြီးတောင် လစာ သိန်း ၅ဝ အခုထိ မယူသေးပါဘူး၊ တိုင်းပြည်က စီးပွားရေး အခြေခံ နဲနေသေးလို့ ဆိုပါ တယ်၊ တောက်တဲ့ မွေးတာ အိုကေသွားရင်၊ ရော့ သမတကြီး သိန်း ၅ဝ လစာ၊ တောက်တဲ့ အကြီး ၁ဝ ကောင်ဘိုးနဲ့ အဆင်ပြေသွားမယ် ထင်ရပါပ ဗျား။

(MMCP မှ ကိုအေဇော်ကြီး ပြောဆိုချက်အား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။

No comments: