Thursday, April 28, 2011

ပြည်သူ့ အသက်အိုးအိမ်နဲ့  ပြည်သူ့ အကျိုးကို ကာကွယ်ပေးမယ့် ပြည်သူ့  တပ်မတော်သားလား၊ အာဏာရူးတို့  လက်ထဲက ထားရာနေ စေရာခိုင်းခံရတဲ့ ပလပ်စတစ်စစ်သားရုပ်လား။

























တိုင်းပြည်နဲ့  လူမျိုးအတွက် ကျောင်းသားတွေ တာဝန်ကျေကြခဲ့ပါတယ်။ ဘုရားသားတွေ တာဝန်ကျေခဲ့ကြပါတယ်၊ ယခုထိတိုင် တာဝန်မကျေတာကတော့ ပြည်သူ့  တပ်မတော်သားလို့  မိမိကိုယ်ကို သတ်မှတ်နေကြတဲ့ စစ်သားတွေပါဘဲ။

အာဏာရူး နအဖ ဗိုလ်ချူပ်ကြီးတွေရဲ့  မတရားအမိန့် တွေကို မတရားမှန်းသိရက်နဲ့  မျက်စိစုံမှိတ်နာခံပြီး တိုင်းပြည်နဲ့  လူမျိုးအကျိုးကို လစ်လျူရှုကြရက်သလား။

အသင်တို့  အရာရှိအရာခံအကြပ်တပ်သားတွေ ရတဲ့ လစာနဲ့  အခွင့်အရေးဆိုတာ တိုင်းပြည်ပိုင်ပစ္စည်းတွေကို လက်ပါးကြီးအုပ်ရောင်းစားလို့  ချမ်းသာကြွယ်ဝနေတဲ့ နအဖဗိုလ်ချူပ်ကြီးတွေရဲ့  မြေးတွေရဲ့  ကစားစရာအရုပ်တစ်ခုလောက်တောင် တန်ဖိုး မရှိပါဖူး။

အသင်တို့  အရာရှိအရာခံအကြပ်တပ်သားတွေကို နေ့ မြင်ညပျောက်ဆိုသလို အချိန်မရွေး
ဖြုတ်ထုတ်သတ်လုပ်နေတဲ့ နအဖဗိုလ်ချူပ်ကြီးတွေကို ယုံစားကိုးကွယ်နေရင်တော့ သင်ရဲ့ အလှည့်ရောက်မှ နောင်တရရင် အသင်တင်မက အသင်တို့ ရဲ့  မိသားစုပါ ဘ၀ပျက်မှာပါ။ သင့်ထက်ရာထူးကြီးတဲ့သူတွေ တစ်ဖြုတ်ဖြုတ်နဲ့  ဖြုတ်ထုတ်သတ်ထဲ ပါသွားတာ မျက်စိဖွင့် နားစွင့်ဖို့  လိုပါတယ်။

အာဏာရူး နအဖဗိုလ်ချူပ်ကြီးတွေရဲ့ မတရားအမိန့် ၊ တိုင်းသူပြည်သားချင်း
မျက်နှာအိုးမဲသုတ်ပြီး သတ်ဖြတ်ခိုင်းတဲ့ အဖြစ်အပျက်ထဲမှာ သင်ရဲ့  သေနတ်ကိုင်တဲ့လက်မှာ ပြည်သူ့ သွေး စွေးထင်စေမယ်ဆိုရင် အသင်ဟာ ပြည်သူကို သတ်တဲ့ လူသတ်သမားပါ။

တပ်မတော်ဆိုတာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ ပါ။ ပြည်သူကို သတ်တဲ့ သတ်မတော် ဖြစ်နေတာ သေသေချာချာ သုံးသပ်ကြည့်ပါ။ ကျောင်းသားတွေမှာ လက်နက်ဆိုလို့  အပ်တိုတစ်ချောင်းတောင် ရှိခဲ့တာ မဟုတ်ဖူး၊ သင်တို့  ကိုးကွယ်နေတဲ့ ဗုဒ္ဒမြတ်စွာဘုရားရဲ့  သားတော် ရဟန်းသံဃာတွေမှာ လက်နက်ဆိုလို့  အပ်တိုတစ်ချောင်းတောင် ရှိခဲ့တာ မဟုတ်ဖူး။ ဒါကို လူသေစေတဲ့ သေနတ်ကျည်တွေနဲ့ ပစ်ခတ်တာ သင့်တော်ခဲ့ပါသလား။ ဒါဟာ အာဏာရူးတွေက တပ်မတော်ကို သတ်မတော်ဖြစ်အောင် ဂုဏ်ပျက်စေခဲ့တာ သိသာထင်ရှားပါတယ်။

နအဖအာဏာရူးဗိုလ်ချူပ်ကြီးတွေက ကျောင်းသားတွေ ရဟန်းသံဃာတွေကို ရိုက်နှက် ပစ်သတ်ခိုင်းဖို့  ပေးတဲ့ အမိန့် ဟာ မတရားဖူးဆိုတာ အသင်တို့  စဉ်းစားနိုင်မှာပါ။ ရှေ့ တန်းစစ်မျက်နှာမှာ သူ သေနတ်ကိုင် ကိုယ်သေနတ်ကိုင်လို့  အပြန်အလှန်ပစ်ကြတယ်ဆိုတာမျိုးလို မဟုတ်ဖူးဆိုတာ အသင်တို့  သိမှာပါ။

ဒီလို ရဟန်းရှင် ပြည်သူကို အမိန့်  ဆိုတဲ့ စကားလုံးသုံးပြီး မတရားအနိုင်ကျင့် သတ်ဖြတ်နေတဲ့ အာဏာရူးနအဖဗိုလ်ချူပ်ကြီးတွေဟာ တပ်မတော်တစ်ခုလုံးနဲ့  အသင်တို့  အရာရှိအရာခံအကြပ်တပ်သားတွေကို သူတို့  ကိုယ်ကျိုးအတွက် အသုံးချတာပါ။

နောက်ဆုံးမှာတော့ ငွေကြေးဥစ္စာတွေ ချမ်းသာကြွယ်ဝနေကြတာ ဘယ်သူတွေပါလည်း၊ အာဏာရူးနအဖဗိုလ်ချူပ်ကြီး မိသားစုတွေပါဘဲ။ နောက်ဆုံးတော့ အသင်တို့  ကိုယ်တိုင်တင်မက အသင်တို့ ရဲ့  မိသားစုတွေပါ ဒီ အာဏာရူးနအဖဗိုလ်ချူပ်ကြီးရဲ့  ကျွန်ဘ၀ရောက်နေကြရတာပါ။

တိုင်းပြည်နဲ့  လူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် အသင်ဟာ တပ်မတော်ထဲဝင်တာဆိုရင်
အမှန်တကယ် တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်အောင် တရားမှုနဲ့  မတရားမှုကို ခွဲခြားမြင်တတ်ရပါမယ်၊ မှန်ကန်တဲ့ လိုက်နာသင့်တဲ့ သင့်လျော်တဲ့ အမိန့် နဲ့  ပြည်သူအိုးအိမ်စည်းစိမ်အသက်ကို သတ်ဖြတ်ခိုင်းတဲ့ အာဏာအမိန့် ကို နားလည်ဖို့  လိုပါတယ်။

အသင်တို့ ကိုယ် အသင်တို့  ပြည်သူ့ တပ်မတော်သား မှန်မှန်ကန်ကန်အဖြစ် ခံယူမှာလား ဒါမှမဟုတ် ခိုင်းတာလုပ် ထားရာနေတဲ့ အသက်ဆင်ခြင်တုံမရှိတဲ့ ပလပ်စတစ်စစ်သားရုပ်လို ခံယူမှာလားဆိုတာ အသင်တို့  ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ဖို့ ပါဘဲ။

အသင်တို့  နောက်ဆုံးဆုံးဖြတ်ရမယ့် အချိန်ရောက်ပါပြီ။ အသင်တို့  မိဘဆွေမျိုးသားချင်းတွေအပါအ၀င် ပြည်သူလူထု တစ်မျိုးသားလုံးဟာ အာဏာရူးဗိုလ်ချူပ်ကြီးတွေရဲ့  ကျွန်ဘ၀ရောက်နေပါပြီ။ အသင်တို့  တတ်ကျွမ်းတဲ့ပညာရပ်၊ အသင်တို့  ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုပြီး ကိုင်တွယ်ထားတဲ့ လက်နက်တွေနဲ့  ပြည်သူတွေကို ကယ်တင်မှာလား။ အခြေအနေ အချိန်အခါကို စောင့်ကြည့်နေတယ်ဆိုတဲ့ စကားလုံးနဲ့ တော့ ရှောင်လွဲနေဖို့  မဟုတ်တော့ပါဖူး။

ပြည်သူ့ တပ်မတော်သားလား၊ အာဏာရူးနအဖဗိုလ်ချူပ်ကြီးတွေရဲ့  စေရာခိုင်းခံရတဲ့ ပလပ်စတစ်စစ်သားအရုပ်လားဆိုတာ ….. အခုအချိန်ကာလမှာ ဆုံးဖြတ်ပြီး လက်တွေ့ ပြဖို့ လိုပါပြီ။

တိုင်းပြည်နဲ့  လူမျိုးက အသင်တို့ ကို အလိုရှိနေပါတယ်။

No comments: