Sunday, June 19, 2011

ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၆) နှစ်မြောက် မွေးနေ့ နှုတ်ခွန်းဆက်စကား။
























အမှန်ပြောရမယ်ဆိုရင်တော့ ထူးထူးခြားခြား ဘာအနက်အဓိပ္ပါယ်မှ မရှိပါဖူး၊ မွေးနေ့ ဆိုတာ မွေးနေ့ ပါဘဲ၊ တစ်နှစ်နဲ့ တစ်နှစ် ကျော်လွန်သွားရတာပေါ့နော်၊ အဲ့ဒီတော့ တစ်နှစ်ပိုပြီး ကြီးလာလို့ လည်း အခြေအနေတွေက ထူးခြားချင်မှ ထူးခြားမှာ၊ တစ်ခါတစ်လေ တစ်နေ့ ကြီးသွားရုံနဲ့ လည်း ထူးခြားတာတွေ ရှိပါတယ်။ အဲ့ဒါကြောင်မို့  ထူးခြားတယ်ဆိုလို့ မွေးနေ့ ဆိုပြီး သတ်မှတ်ထားတာ တစ်ခုပါဘဲ။

ဘ၀ရဲ့ အောင်မြင်မှုတွေ လွဲချော်မှုတွေဆိုတာ တော်တော်ကြာမှ သုံးသပ်နိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ ရှိရင် ဒီလိုပါဘဲ၊ ဘာဖြစ်လို့ လည်းဆိုတော့ နိုင်ငံရေးကိစ္စတွေက တစ်ခါတစ်လေ အဖြေက တစ်ခုထဲ ရှိတာမဟုတ်ဖူး၊ အဖြေမှန်ဆိုတာ တစ်ခုထဲ ရှိတာမဟုတ်ဖူး၊ ဒီလို အဖြေမှန်ဆိုတာ တစ်ခုထဲ ရှိတယ်ဆိုလို့ ရှိရင် သမိုင်းရေးဆရာတွေ တော်တော် အလုပ်နည်းသွားမယ်၊ အခုဆိုရင် အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးကိစ္စတွေ သမိုင်းကိစ္စတွေကို ဆက်စပ်ပြီးတော့ သူတို့  သုံးသပ်နေကြတာဘဲ၊ တစ်ယောက်တစ်မျိုးပေါ့နော်၊ အမြင်တွေက အမျိုးမျိုး၊ အဲ့ဒါဟာ ဒီ နိုင်ငံရေးရဲ့ သဘောတရားကိုက အမြင်အမျိုးမျိုးနဲ့  သုံးသပ်နိုင်တယ်ဆိုတာ ပြတာဘဲ၊ ကျွန်မတို့ ကလည်း ဒါကို အမြဲဘဲ စိတ်ထဲမှာ ထားပါတယ်။ အဓိက အရေးကြီးတာကတော့ ကိုယ်တတ်နိုင်သမျှ ကိုယ်ကျိုးစားမယ်၊ နောက်ပြီးတော့ ကိုယ်မှားခဲ့တယ်လို့  ထင်ရင် ကိုယ့်ကိုကိုယ်ပြုပြင်ဖို့  ကျိုးစားမယ်၊ ဒါက အရေးကြီးဆုံးဘဲ။ ကိုယ်အောင်မြင်တာတွေကြလို့  ရှိရင် ဒီလိုအောင်မြင်မှုတွေ ထပ်ရအောင်လို့  သင်ခန်းစာယူပြီး ဆက်ပြီးတော့ ကျိုးစားသွားမယ်။

သံဓိဌာန်ဆိုတာ နေ့ တိုင်းချရမယ့် ကိစ္စလို့  ကျွန်မ ယုံပါတယ်၊ မွေးနေ့ တစ်နေ့ မှာမှ မဟုတ်ပါဖူး၊ တစ်နှစ်တစ်ခါ သံဓိဌာန်ချရုံနဲ့ ဘာမှ ဖြစ်မှာ မဟုတ်ပါဖူး၊ သံဓိဌာန်ဆိုတာ မနက်တိုင်း မနက်တိုင်း ကိုယ် ဒီ နေ့ တစ်နေ့ ကို မျက်နှာချင်းဆိုင်လာရတော့မယ်ဆိုရင် သံဓိဌာန် ပြန်ချပြီးတော့ ကိုယ်ရဲ့ တာဝန်တွေ ကျေဖို့ ၊ ဒါပါဘဲ ကျွန်မရဲ့  အဓိက သံဓိဌာန်ကတော့ ကျွန်မတာဝန်တွေကို အတတ်နိုင်ဆုံး ကျွန်မ ကျေအောင်လုပ်မယ်ဆိုတဲ့ သံဓိဌာန်ပါဘဲ၊ ဒါက နေ့ တိုင်းချနေရတဲ့ သံဓိဌာန်ပါ။

ကိုယ့်ဘ၀ ရည်မှန်းချက်နဲ့  ကိုယ့်ရဲ့  သံဓိဌာန်တွေဆိုတာ ရောယှက်နေပါတယ်၊ အဲ့ဒီတော့ ကျွန်မရဲ့  ရည်မှန်းချက်ကလည်း ရိုးရိုးလေးပါဘဲ၊ ကျွန်မ တာဝန်တွေ ကျေပွန်ချင်တယ်၊ တတ်နိုင်သမျှ ကျွန်မ လုပ်ပေးမယ်ဆိုတဲ့ ကိစ္စတွေကို ပြီးမြောက်အောင်လို့  ကျွန်မ လုပ်ပေးချင်တယ်၊ ဒါပေမယ့် ကျွန်မ နိုင်ငံရေး စလုပ်ကတည်းက ပြည်သူကို ပေးခဲ့တဲ့ ကတိတစ်ခုထဲ ရှိပါတယ်၊ ကျွန်မ တတ်နိုင်သမျှ လုပ်မယ်၊ အကောင်းဆုံး တတ်နိုင်သမျှ လုပ်မယ်၊ ဒါထက် ပိုပြီးတော့တော့ ဘာမှ ကတိမပေးနိုင်ပါဖူးဆိုတဲ့ ပြောထားတဲ့အတိုင်း ကျွန်မ အကောင်းဆုံး ကျွန်မ တတ်နိုင်သမျှတော့ လုပ်သွားမှာပါဘဲ။

စေတနာမှန်မှန်နဲ့  ပေးတဲ့ ဆုတိုင်းဟာ အာနိသင်ရှိတယ်လို့  ကျွန်မ ယုံကြည်ပါတယ်၊ ဘယ်ဘာသာဘဲ ကိုးကွယ် ကိုးကွယ်၊ ဘာ ဘာသာစကားကိုဘဲ ပြောပြော၊ ဘယ်နိုင်ငံသူနိုင်ငံသားဘဲ ဖြစ်ဖြစ် တကယ့်ကို စေတနာနဲ့  တောင်းပေးလိုက်တဲ့ဆုဟာ ထိရောက်မှုရှိတယ်၊ အတိုင်းအတာ တစ်ခုတော့ ထိရောက်မှု ရှိတယ်လို့  ကျွန်မ ယုံပါတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်မက မေတ္တာစေတနာရဲ့  စွမ်းပကားကို အင်မတန် အယုံအကြည် ရှိလို့ ပါ၊ ဒါကြောင့်မို့ လို ကျွန်မအတွက် မွေးနေ့ တွေ အရင် အတိတ်က မွေးနေ့ တွေမှာ ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ အခု ဒီနေ့ မွေးနေ့ မှာ ဆုမွန်ကောင်းတောင်းပေးနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောရင်းနဲ့  ဒီ ဆုတောင်းပေးချက်တွေဟာ အလဟဿ မဟုတ်ပါဖူး၊ ဒီ ဆုတောင်းပေးချက်တွေဟာ အင်မတန်မှ ထိရောက်ပါတယ်၊ ကျွန်မကိုလည်း အင်မတန်မှ အထောက်အကူပေးပါတယ်လို့  ပြောချင်ပါတယ်။

မွေးနေ့ မှာ သီးသီသန့် သန့်  ပြောချင်တယ်တဲ့စကားဆိုတာလည်း တကယ်တော့ နေ့ တိုင်းပြောချင်တဲ့ စကားမျိုးပါဘဲ၊ စောစောက ကျွန်မ ပြောသလိုပေါ့၊ မွေးနေ့ တစ်နေ့ ဆိုတာဟာ ကျန်တဲ့ တစ်နှစ်လုံးရဲ့  နေ့ တွေနဲ့  တကယ်တော့ မခြားသင့်ပါဖူး၊ အဲ့ဒီတော့ ကျွန်မ ပြောချင်တဲ့ စကားက ဒီမိုကရေစီကို တကယ်လိုလားတဲ့သူတွေက ညီညီညွတ်ညွတ် နေကြပါ၊ ညီညီညွတ်ညွတ် နေပြီးတော့ ရိုးရိုးကျင့် မြင့်မြင့်ကြံကြပါ၊ သိပ်ပြီးတော့ ကိုယ့်ကိုကိုယ် ထင်ပေါ်ချင်တဲ့ စိတ် ကိုယ့်အတွက်ဘဲ ကိုယ်လုပ်ချင်တဲ့ စိတ်တွေကို မထားကြပါနဲ့ ၊ အဲ့ဒီလို စိတ်တွေ ပါလာလို့ ရှိရင် နိုင်ငံရေးမှာ အနှောင့်အယှက်တွေ အများကြီး ဖြစ်နိုင်ပါတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ နည်းအမျိုးမျိုးနဲ့  လုပ်ရပါတယ်၊ ကျွန်မတို့ လို နိုင်ငံရေး လုပ်တဲ့သူတွေက အများက သိတယ်၊ ဟုတ်ပါတယ်၊ အဲ့တော့ ကျော်ကြားတယ်လို့  ဆိုပါတော့နော်၊ ဒါပေမယ့် ကျွန်မရဲ့  အမြင်မှာ နာမည်မထွက်တဲ့ ကျွန်မတို့ ရဲ့  ဒီမိုကရေစီ ဘက်တော်သားတွေဟာ အမြင့်မြတ်ဆုံးလို့  ကျွန်မ မြင်ပါတယ်၊ ဘာနာမည်မှ မရဘဲနဲ့  ဘယ်သူကမှ ချီးမွန်းတာကို မခံရဘဲနဲ့  ကိုယ့်ယုံကြည်ချက်အရ ကိုယ် တစ်စိုက်မတ်မတ် လုပ်နေတဲ့သူတွေထက် ပိုပြီးတော့ မြင့်မြတ်တဲ့လူမျိုး မရှိနိုင်ဖူးလို့  ကျွန်မ ယုံကြည်ပါတယ်၊ ဒါကြောင့်မို့ လို့  ကျွန်မတို့  တကယ် ဒီမိုကရေစီကိုလည်း ရအောင်လုပ်ချင်တယ် ကျွန်မတို့ နိုင်ငံကိုလည်း အကျိုးပြုချင်တယ်ဆိုလို့ ရှိရင် မြင့်မြတ်တဲ့ စိတ်ထားတွေနဲ့  ညီညီညွတ်ညွတ် ဆက်ပြီးတော့ လုပ်သွားကြပါလို့  ကျွန်မ တိုက်တွန်းချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

ဇွန်လ (၁၉) ရက်နေ့ ၊ ၂၀၁၁ ခုနှစ်။

(ဒေါ်အောင်ဆန်းစုကြည်မှ ဒီမိုကရက်တစ်မြန်မာအသံသို့ ဗွီဒီယိုမှတစ်ဆင့် အသံဖြင့် ပြောကြားချက်အား ပြန်လည်စာသားဖြင့် ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

No comments: