Sunday, June 19, 2011

ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရောက် မြန်မာပြည်သူပြည်သားများအား မွေးနေ့ နှုတ်ခွန်းဆက်စကား ပြောကြား။



မဲဆောက်မြို့မှာ ရောက်နေကျတဲ့ ကျွန်မတို့ မြန်မာနိုင်ငံက ပြည်သူပြည်သားတွေနဲ့ ကျွန်မတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ မိတ်ဆွေတွေကို ကျွန်မ နှုတ်ဆက်ပါတယ်။

ဒီလို ကိုယ့်တိုင်းပြည်ကို ပြစ်ပြီးတော့ တိုင်းတစ်ပါးမှာ သွားပြီးတော့နေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ကျွန်မတို့ရဲ့ ပြင်ပရောက်နေတဲ့ ပြည်သူလူထုတွေအားလုံး လုံလုံခြုံခြုံ အေးအေးဆေးဆေးနဲ့ ကျွန်မတို့နိုင်ငံကို ပြန်ရောက်လာနိုင်ဖို့အတွက် ဒီမိုကရေစီလှုပ်ရှားမှုမှာ
ပါဝင်တဲ့သူတွေအားလုံးက ကြိုးစားနေကျတာ ဖြစ်ပါတယ်။

အခုလို ပြင်ပရောက်နေပေမဲ့လဲ ကိုယ့်တိုင်းပြည်ရဲ့အရေးကို ဆက်လက် လုပ်ဆောင်နေတဲ့အတွက်လဲ ကျွန်မအများကြီး ဂုဏ်ယူပါတယ်။

ကျွန်မရဲ့မွေးနေ့ ကို သတိတရနဲ့ ဒီလိုစုဝေးကျတဲ့အတွက်လဲ ကျွန်မကျေးဇူးတင်ပါတယ်။ မွေးနေ့တွေကို ဖြတ်သန်းလာရတဲ့အခါ ကျွန်မတို့ရဲ့ အတိတ်ကို ပြန်ပြီးတော့ စဉ်းစားမိပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှုအရေးဟာ အနှစ် (၂၀) ကျော်ခဲ့ပါပြီ။ ဒီအနှစ်(၂၀) ဟာ အချည်းနှီး မဟုတ်ပါဘူး ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းခဲ့ရပေမဲ့ ဒီလိုပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းခဲ့ရလို့ကို ကျွန်မတို့ဟာ ဘ၀သင်ခန်းစာတွေ အများကြီးရခဲ့ပါတယ်။

ဒီ ဘ၀သင်ခန်းစာတွေနဲ့ ကျွန်မတို့နိုင်ငံဟာ နောင်နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ စစ်မှန်တဲ့ ခိုလှုံရာတစ်ခုဖြစ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မတို့ နားလည်လာတာ ဖြစ်ပါတယ်။ အားလုံးတူတူကြိုးစားသွားမယ်ဆိုလို့ရှိရင် နောင်ကျွန်မမွေးနေ့တွေမှာ ဒီလို ရေဒီယိုကနေတစ်ဆင့်
မဲဆောက်မှာ ရောက်နေတဲ့ကျွန်မတို့ ပြည်သူပြည်သားတွေကို စကားပြောရမဲ့အစား အားလုံးကို မြန်မာနိုင်ငံအတွင်းမှာ စုစုစည်းစည်းနဲ့ တွေ့ဆုံပြီးတော့ နှုတ်ဆက်ချင်ပါတယ်။ အဲဒီလို နှုတ်ဆက်နိုင်ဖို့လဲ ကျမတို့ ကြိုးစားပါမယ်။

အားလုံးကနေပြီးတော့ ကျွန်မတို့နဲ့ ကြိုးစားပေးပါလို့၊ အားလုံးကနေ စိတ်ဓာတ်မကျကျပါနဲ့ ၊ ပြင်ပရောက်နေတဲ့သူတွေအားလုံးဟာလဲ ကျွန်မတို့ရဲ့ အင်အားတွေပါပဲ၊ ပြင်ပကိုရောက်နေပါလားဆိုပြီးတော့ အားမငယ်ပါနဲ့ နောက်ပြီးတော့လဲ ဒို့တစ်တွေကနေပြီးတော့ အင်မတန်မှ ဒုက္ခရောက်နေတဲ့သူတွေ ဆင်းရဲမှုနဲ့ ရုန်းကန်နေရတဲ့သူတွေမို့လို့ ဘာမှထိထိရောက်ရောက် လုပ်နိုင်စွမ်းမရှိဘူးဆိုတဲ့အတွေးမျိုးလဲ မထားပါနဲ့။

လူတိုင်းလူတိုင်းဟာ တန်ဖိုးရှိသလို လူတိုင်းလူတိုင်းဟာ စိတ်အင်အား ကိုယ်အင်အား ရှိကြပါတယ၊် ကိုယ်ရှိတဲ့ အင်အားလေးတွေနဲ့ ကိုယ်တတ်နိုင်သမျှ ကျွန်မတို့ရဲ့လှုပ်ရှားမှုကို ကူညီမယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးကို ကူညီရာလဲ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်လက်ပြီး ကူညီနိုင်ကြပါစေ၊ နောင်တစ်နေ့တစ်ခါမှာ မကြာတော့မဲ့ တစ်နေ့တစ်ခါမှာ ကျွန်မတို့အားလုံး တွေ့ဆုံနိုင်ကြပါစေလို့၊ ကျွန်မဆုတောင်းရင်းနဲ့ ကျေးဇူးတင်ပါတယ်လို့ ကျွန်မ ထပ်ပြီးတော့ ပြောချင်ပါတယ်။

No comments: