Saturday, July 23, 2011

ငြိမ်းချမ်းရေးဖခင်ကြီး အဘိုးသခင်ကိုယ်တော်မှိုင်း၏ သမိုင်းကြောင်းမှာလည်း မြန်မာပြည်အာဏာရှင်များ လက်အောက်တွင် မှေးမှိန်ပျောက်ကွယ်လျက်ရှိသည်။



































ငြိမ်းချမ်းရေးဖခင်ကြီး အဘိုးသခင်ကိုယ်တော်မှိုင်း၏ သမိုင်းကြောင်းမှာလည်း မြန်မာပြည်အာဏာရှင်များ လက်အောက်တွင် မှေးမှိန်ပျောက်ကွယ်လျက်ရှိသည်။

ငြိမ်းချမ်းရေးဖခင်ကြီး အဘိုးသခင်ကိုယ်တော်မှိုင်း၏ ဘ၀မှတ်တမ်း။

မြန်မာသက္ကရာဇ် ၁၂၃၇ခု၊ တပေါင်းလပြည့်ကျော် ၁၄ရက် ၊ ကြာသပတေးနေ့ ( ၂၃.၃.၁၈၇၆) တွင် ရွှေတောင်မြို့နယ် ၀ါးလည်ရွာ၌ ဦစံဒွန်း - ဒေါ်အုန်းတို့မှ သခင်ကိုယ်တော်မှိုင်းကို မွေးဖွားသန့်စင်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်းရဲ့ ငယ်နာမည်မှာ မောင်လွန်းမောင် လို့ စာအုပ်တွေထဲမှာ သိရပါတယ်။ ကိုယ်တော်မှိုင်းမှာ မွေးချင်း (၅) ယောက် ရှိကြပါတယ်။ (၁) ဦးဘိုးညွန့်၊ (၂) သခင်ကိုယ်တော်မှိုင်း (၃) ဦးအောင်လင်း (၄) ဒေါ်အေးမယ် (၅) ဒေါ်ငွေဆင့်တို့ ဖြစ်ကြသည်။

သခင်ကိုယ်တော်မှိုင်းရဲ့ ဖခင် ဦးစံဒွန်းသည် အိမ်ထောင်နှစ်ဆက်ရှိသည်။ သခင်ကိုယ်တော်မှိုင်းတို့မိခင်မှာ ပထမအိမ်ထောင်ဆက်ဖြစ်ပြီး ဒုတိယအိမ်ထောင်ဆက်သည် ဒေါ်ငွေမှုန်ဖြစ်သည်။ ဒေါ်ငွေမှုန်နှင့် သားသမီး၂ယောက်ထွန်းကားသည်။

မြန်မာသက္ကရာဇ် ၁၂၄၆ခုနှစ်၊ သခင်ကိုယ်တော်မှိုင်း အသက်ကိုးနှစ်အရွယ်တွင် ဦးလေးဘုန်းကြီးများနှင့် မန္တလေးမြို့ မြတောင်တိုက်သို့ ရောက်ရှိလာခဲ့ပြီး ဘုန်းကြီးကျောင်း၌ စာသင်ကြားခဲ့သည်။

သခင်ကိုယ်တော်မှိုင်း၏ ငယ်နာမည်မှာ မောင်လွန်းမောင် ဖြစ်လေသည်။ မောင်လွန်းမောင် မန္တလေးသို့ရောက်ရှိသော နှစ်မှာ မြန်မာသက္ကရာဇ် ၁၂၄၆ခုနှစ်ဖြစ်ပြီး ထိုအချိန်၌ မန္တလေးရတနာပုံရွှေမြို့တော်သည် သီပေါမင်းအုပ်စိုးသော အချိန်ဖြစ်လေသည်။ ထိုအချိန်၌ မြန်မာနိုင်ငံတော်သည် နှစ်ပိုင်းကွဲနေပြီး အထက်မြန်မာပြည်သည် မြန်မာဘုရင်အုပ်ချုပ်ပြီး အောက်မြန်မာပြည်သည် ကိုလိုနီနယ်ချဲ့အင်္ဂလိပ်များ အုပ်ချုပ်သော အချိန်ဖြစ်သည်။

မောင်လွန်းမောင် မြတောင်ကျောင်းတိုက်ကို ရောက်ရှိချိန်တွင် အလယ်ပင်မကျောင်းကြီးဖြစ်မယ့် မိဖုရားဆောက်လုပ်တဲ့ မြတောင်ရွှေကျောင်းကြီး ဆောက်လို့ မပြီးသေးချိန် ဖြစ်သည်။

မင်းတုန်းမင်းကြီးနတ်ရွာစံလို့ သားတော်သီပေါမင်းနန်းတတ်တော့ မင်းတုန်းမင်းကြီး၏ သမီးတော်တစ်ပါးဖြစ်သည့် အလယ်နန်းမတော်ရဲ့ သမီး သီရိသုပဘာရတနာဒေ၀ီဘွဲ့ခံ စုဖုရားလတ်က မိဖုရားခေါင်ကြီးအဖြစ် အထွတ်အထိပ် ရောက်ရှိချိန်ဖြစ်သည်။ စုဖုရားလတ် မင်းသမီးငယ်ဘ၀ အာဏာမရခင်က သူ ကိုးကွယ်သည့် ဆရာတော်ဦးအာလောက ကို မိဖုရားခေါင်က ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတော်ကြီးအင်္ဂါရပ်နှင့် ညီညွတ်တဲ့ ကျောင်းသစ်ကြီး ဆောက်လုပ်လှူဒါန်းကိုးကွယ်မည်ဆိုပြီး မြတောင်တိုက်သစ်ကြီးကို ဆောက်လုပ်စေခဲ့တာဖြစ်သည်။ မြတောင်ကျောင်းတိုက်ကြီးကို ၁၂၄၇ခု တပေါင်းလကစပြီး ဆောက်လုပ်ပြီး ၁၂၄၇ခု တန်ဆောင်မုန်းလမှာ ပြီးစီးခဲ့ပါသည်။ မောင်လွန်းမောင် မြတောင်တိုက်ကို ရောက်ရှိခဲ့တာဟာ ၁၂၄၆ခုနှစ်ဖြစ်ပြီး ထိုအချိန်တွင် ကျောင်းတိုက်ကြီး ဆောက်လို့ မပြီးစီးချိန်ဖြစ်သည်။

ကျောင်းတိုက်ကြီးကို နေ့ရောညပါဆောက်လုပ်နေတော့ မောင်လွန်းမောင်ရဲ့ မျက်စိအောက်မှာဘဲ တစ်နှစ်ကြာသောအခါ တန်ဆောင်မုန်းလထဲ ကျောင်းလွှတ်ပွဲကြီး ကျင်းပကြတော့မည်ဆိုပြီး သတင်းတွေ ကြားလာရသည်။ ထိုရေစက်ချပွဲကို မင်းမိဖုရားနှစ်ပါးစလုံး ထွက်တော်မူကြီး ထွက်တော်မူပြီး တခမ်းတနားကျင်းပမယ်ဆိုတဲ့ သတင်းတွေကို ကြားရကြပြန်သည်။

၁၂၄၇ ခု တန်ဆောင်မုန်းလဆုတ် ၇ရက်နေ့ (၂၈၊၁၀၊၈၅) ညနေ၃နာရီတွင် အင်္ဂလိပ်တပ်များသည် ဂေါဝိန်ဆိပ်မှနေပြီး ကျောင်းတော်ကြီးဘေးလမ်း ( အေလမ်း ) မှ မြို့တွင်းသို့ ဆက်လက်ချီက်သွားကြသည်။

တန်ဆောင်မုန်းလဆုတ် ၈ရက်နေ့ ညနေ နေစွယ် မကျိုးတကျိုးအချိန်တွင် စစ်ခရာသံတွေနှင့်အတူ အရှင်နှစ်ပါးကို အင်္ဂလိပ်တပ်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြလေတော့သည်။ လမ်းတလျှောက် မြတောင်ကျောင်းတော်အရောက်တွင် အရှင်နှစ်ပါးမှ အင်္ဂလိပ်တပ်များအား ခွင့်တောင်းပြီး မြတောင်ကျောင်းတိုက်ဆရာတော်အား ၀င်ရောက်ဖူးမျှော်ခဲ့ကြပြီး - ဆရာတော်ဘုရား၊ တပည့်တော်မတို့ သွားရပြီဘုရား - ဟု လက်အုပ်ချီပြီး ကန့်တော့သွားကြလေသည်။

ထိအချိန်တွင် မောင်လွန်းမောင်လေးသည် စားတော်ဝန်ဦးခဲကျောင်းလက်ရန်းပေါ်မှ မင်းနှစ်ပါးပါတော်မူပုံကို မြင်လိုက်ရလေသည်။ ထိုမြင်ကွင်းသည် သခင်ကိုယ်တော်မှိုင်းတဖြစ်လဲမည့် မောင်လွန်းမောင်လေးရဲ့ ရာသက်တိုင်မျိုးချစ်စိတ်ကို ခိုင်မြဲစေအောင် အုတ်မြစ်ချပေးသွားပါလေတော့သည်။

မြန်မာသက္ကရာဇ် ၁၂၄၇ခု - တန်ဆောင်မုန်းလပြည့်ကျော်၈ရက် ( ၂၉-၁၁-၁၈၈၅ ) မှာ ဗြိတိသျှကိုလိုနီသမားများသည် မြန်မာပြည်ကို တတိယအကြိမ် အလွယ်တကူဘဲ ကျူးကျော်သိမ်းပိုက်ခဲ့ကြသည်။ မင်းနဲ့ မှူးမတ်အချို့က အညံ့ခံအရှုံးပေးလိုက်လို့ အခုအခံ အတိုက်အခိုက်မရှိ အလွယ်တကူ သိမ်းယူသွားနိုင်ခဲ့ပေမယ့် နောက်ပိုင်း အချို့မှူးမတ်တွေနဲ့ တိုင်းသူပြည်သားတွေက သူ့ကျွန်ဘ၀ကို လုံးဝလက်မခံကြလေတော့ ရရာလက်နက်စွဲကိုင်ပြီး အနယ်နယ်အရပ်ရပ်မှာ သူပုန်ထကြွကြလေသည်။ ဒီလို သူ့ကျွန်မခံ မျိုးမာန်မချတဲ့ ဗမာပြည်သူတွေက နှစ်တွေ အကြာကြီး တော်လှန်အုံကြွနေတဲ့အချိန်ကာလကြီးအတွင်း ဒီပတ်ဝန်းကျင်မှာ မောင်လွန်းမောင်သည် ၁၀နှစ်သားအရွယ်ကနေ တဖြည်းဖြည်း လူပျိုပေါက်လို့ လူလားမြောက်ခဲ့ရသည်။

မောင်လွန်းမောင် အသက်၁၉နှစ်အရွယ်တွင် ဖခင်ဦးစံဒွန်း ကွယ်လွန်ရှာလေသည်။ မန္တလေးမြို့ပျက်ပြီးနောက် မောင်လွန်းမောင်သည် မန္တလေးမှာ ဆက်မနေဖြစ်တော့ဘဲ စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ၊ အလုံ၊ မောင်းထောင်၊ ဘုတလင်၊ ကနီ စသည့်ဒေသများကို တစ်နှစ်တန်သည် နှစ်နှစ်တန်သည် နေထိုင်ကြသည်။ ဤသို့လှည့်လည်နေထိုင်ရင်း လောကုတ္တရာစာပေ၊ လောကီစာပေတွေ၊ ရာဇ၀င်သမိုင်းတွေ၊ ကဗျာလင်္ကာတွေကို ဘ၀တက္ကသိုလ်ကြီးမှာ ကြုံရာကျပန်း သင်ယူခဲ့သည်။

မောင်လွန်းမောင်သည် အသက်၂၁နှစ်အရွယ်တွင် အစိုးရစစ် ၇တန်းစာမေးပွဲကို မုံရွာမြို့တွင် အလွတ်ပညာသင်အနေဖြင့် ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့သည်။ ထို့နောက် အသက်၂၂အရွယ် ၁၈၉၈ ခုနှစ်တွင် မော်လမြိုင်သို့ ဦးပဏ္ဍိဘ၀ဖြင့် ရောက်ရှိလာခဲ့သည်။ မော်လမြိုင်မြို့သည် ဗြိတိသျှလက်အောက် အစောဆုံးကျရောက်သောမြို့ဖြစ်ပြီး ဗမာသတင်းစာသမိုင်းတွင် သတင်းစာအစောဆုံးထုတ်ဝေသော မြို့ဖြစ်သည်။

ဦးပဏ္ဍိသည် မော်လမြိုင် ကျိုက်သံလံအရှေ့စောင်းတန်းဘေး လေးထပ်ကျောင်းတွင် တစ်ဝါဆိုခဲ့သည်။ ၀ါကျွတ်ပြီး အဂ္ဂိရတ် အင်မတန်ထိုးသည့် ဦးသုဇာတဆရာတော်၏ ကျောက်တန်းကျောင်းသို့ ပြောင်းရွေ့သီတင်းသုံးခဲ့သည်။ ကျောက်တန်းကျောင်းသို့ရောက်ပြီး ၁၂၆၃ ( ၁၉၀၁ ) ခုနှစ်လောက်တွင် မြန်မာတိုင်း(စ်) သတင်းစာတိုက်နှင့် အဆက်အသွယ်အ၀င်အထွက်ရှိလာပြီး မြန်မာတိုင်း(စ်)တွင် - ပဏ္ဍိလေး - ဆိုသည့် ကလောင်နာမည်ဖြင့် ကဗျာများ၊ ဆောင်းပါးများကို စတင်ရေးသားခဲ့သည်။ ထိုအချိန်တွင် မြန်မာတိုင်း(စ်)သတင်းစာအယ်ဒီတာမှာ ဆရာဖြိုးဖြစ်သည်။

ထိုခေတ်တွင် မော်လမြိုင်၌ မော်လမြိုင် အက်ဗာတိုက်ဇား ဆိုသည့်သတင်းစာ၊ ရာမည ဆိုသည့် သတင်းစာ၊ မြန်မာတိုင်း(စ်) ဆိုသည့်သတင်းစာများ ထွက်ရှိနေခဲ့သည်။ ထိုအချိန်က မြန်မာတိုင်း(စ်)သတင်းစာပိုင်ရှင်မှာ မော်လမြိုင်ဒိုင်းဝန်ကွင်မှ ဆင်ဖြူကျောင်းတကာ ဦးဖိုးခင်နှင့် ဒေါ်စာရီတို့ ဖြစ်သည်။

ကိုလွန်းမောင် အသက်၂၄နှစ်အရွယ် ၁၉၀၀ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဆန်စပါးပွဲစားဦးနု ဒေါ်နှစ်တို့၏သမီး ဒေါ်ရှင်နှင့် အကြောင်းပါလက်ဆက်ခဲ့ကြသည်။ ဒေါ်ရှင်သည် ကိုလွန်းမောင်ထက် နှစ်နှစ်ငယ်လေသည်။ သူတို့တွင် သားသမီး၅ယောက် ထွန်းကားခဲ့သည်။ ၁၂၆၆ ခုနှစ်တွင် သမီးကြီး မမြရီ၊ ၁၂၆၇ခုနှစ်တွင် ဒုတိယသမီး မမြသီ၊ ၁၂၇၀တွင် သားကိုစိန်ညွန့်၊ ၁၂၇၂တွင် သား မောင်ငွေတိုးနှင့် ၁၂၇၄တွင် သမီး မမြကြည်တို့ ဖြစ်ကြသည်။

၁၉၀၄ခု ( ၁၂၆၆ ) တွင် ကိုလွန်းမောင်သည် မော်လမြိုင်သို့ ပြန်လည်ရောက်ရှိလာပြီး မြန်မာတိုင်း(စ်)သတင်းစာမှ ကိုလွန်းမောင်အား လခ၆၀ကျပ်နှင့် နေအိမ်အခမဲ့ပေးလေသည်။ ကိုလွန်းမောင်သည် မြန်မာတိုင်း(စ်)၌ ၁၂၆၈ ( ၁၉၀၆ ) ခုနှစ်အထိ အလုပ်လုပ်ခဲ့သည်။

မြန်မာတိုင်း(စ်)သတင်းစာ၌ အယ်ဒီတာလုပ်ရင်း အယ်ဒီတာဆရာလွန်းနာမည်ဖြင့် မော်လမြိုင် ရာဇ၀င်ဝတ္ထုကိုရေးခဲ့သည်။ (၁၉၀၅ခု)၊ ဒုတိယကဗျာသာရမဉ္စူကို ရေးသည်။ (၁၉၀၆ခု) ထိုနှစ်တွင် ပရမတ္ထသံစိပ်အဖြေကျမ်း ဒုတိယတွဲကို ရေးသည်။

ဆရာလွန်းမောင်သည် မော်လမြိုင်သတင်းစာတိုက်၌ ရှိစဉ် ဂဋ္ဌုန်သူပုန်ခေါင်းဆောင်ဖြစ်မည့် ဆရာစံသည် ဘီလူးကျွန်းကမာမိုရွာ၌ ရှိလေသည်။ ဆရာစံသည် မော်လမြိုင်ကိုလာတိုင်း သတင်းစာတိုက်ကို ၀င်လေသည်။ ဆရာလွန်းမောင် (သခင်ကိုယ်တော်မှိုင်း) နှင့် ဆရာစံတို့သည် ထိုစဉ်ကတည်းကပင် သိကျွမ်းခင်မင်ခဲ့ကြသည်။ ဆရာစံရေးသည့် လက္ခဏုဇုကျမ်းသည် မြန်မာတိုင်း(စ်) ပုံနှိပ်တိုက်တွင် ပထမအကြိမ် ရိုက်နှိပ်ခဲ့ခြင်းဖြစ်သည်။

ဆရာလွန်းမောင်သည် မစ္စတာမောင်မှိုင်း ဆိုသည့် ကလောင်နာမည်ကို မော်လမြိုင် မြန်မာတိုင်း(စ်) သတင်းစာတိုက်၌ကပင် သုံးစွဲခဲ့ခြင်းဖြစ်သည်။ ဂျိမ်းစ်လှကျော်သည် မောင်ရင်မောင်နှင့် မမယ်မ၀တ္ထုကို ရှေ့နေကျောင်းဖွင့်ရင်း ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် အထူးအောင်မြင်ခဲ့သည်။ ထိုနှစ်မှာပင် ဦးမောင်ကြီးသည် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုကို ရေးသည်။ ၄င်းစာအုပ်သည်လည်း အောင်မြင်ကျော်ကြားခဲ့သည်။ သို့သော် မောင်မှိုင်းသည် လူယုတ်မာအဖြစ်နှင့် ကျော်ကြားလာသည်။ ထိုစာအုပ်တွေ နာမည်ကျော်လာတော့ ဆရာလွန်းမောင်သည် အင်္ဂလိပ်စာတတ်တွေ ကိုယ့်နာမည်ရှေ့မှာ ဗမာထုံးစံအသက်အရွယ်နှင့် လိုက်ဖက်သည့် ဦး၊ မောင် တို့ကို မတပ်ပါဘဲ မစ္စတာဆိုသည့် စကားလုံးကို ပြောကြ၊ရေးကြ လုပ်လာတာကို တွေ့ရလို့ ဒီဗိုလ်ဆန်မှုကို ပြုတ်အောင် ဖြုတ်မည်ဆိုပြီး သူ့ကလောင်နာမည်ကို တိုင်းပြည်ကသိတဲ့ ကြာသမား လူယုတ်မာ မောင်မှိုင်းရှေ့မှာ မစ္စတာ ထည့်ပြီး မစ္စတာမောင်မှိုင်း ဟု ယူလိုက်သည်။ ထိုကလောင်နာမည် သတင်းစာသို့ပါလာသောအခါ မစ္စတာသမားများ ပွက်လောရိုက်ကုန်လေတော့သည်။

မြန်မာတိုင်း(စ်)သတင်းစာသည် ၁၉၀၆ခုနှစ်လောက်တွင် သတင်းစာအကျိုးအမြတ်သိပ်မရှိတော့သည်ကြောင့် ပိတ်လိုက်ကြလေတော့သည်။ မစ္စတာမောင်မှိုင်းသည် မော်လမြိုင်မှ ရန်ကုန်ဇမ္ဗူ့ကျက်သရေပုံနှိပ်တိုက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် ဟင်္သာတမှ အမရ၀တီပုံနှိပ်တိုက်တွင် စာပြုစာပြင် အယ်ဒီတာအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

၁၉၁၁ခုနှစ်လောက်တွင် ကိုဘဖေ၊ကိုလှဖေ၊ကိုဘကလေးဆိုသည့် လူငယ်သုံးဦးသည် လူငယ့်အားမာန်နှင့် တကယ့်သတင်းစာနှင့်တူသော ဗမာသတင်းစာတစ်စောင် ထုတ်ဝေရန် အစွမ်းကုန်စိုင်းပြင်းကြသည်။ ထိုအချိန်တွင် ဤလူငယ်သုံးဦးသည် အင်္ဂလိပ်စာတတ်တွေဖြစ်ကြ၍ ဗမာစာကို နိုင်နိုင်နင်းနင်း ချောချောမွေ့မွေ့ ရေးတတ်ခြင်း အလျင်းမရှိပေ။ ထို့ကြောင့် ဗမာစာ နိုင်နင်းစွာရေးတတ်သူ မစ္စတာမောင်မှိုင်း အား အကူအညီတောင်းခဲ့ကြသည်။ ဆရာကြီးကလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး အကူအညီပေးလေသည်။ ဆရာကြီးမှ သတင်းစာနာမည်ကို သူရိယ ဟု အမည်ပေးလေသည်။ သူတို့ကြိုးစားလုံးပန်းနေကြသည့် သူရိယသတင်းစာသည် တနေ့တခြား ဒီရေအလား ကြီးပွားတိုးတက်လာပြီး သူရိယသတင်းစာသည် ဂဋ္ဌုန်ဦးစောလက်မရောက်ခင်အထိ တိုင်းပြည်၌ အရှိန်အစော်အလွန်ကြီးသည့် သတင်းစာတစ်စောင် ဖြစ်နေလေတော့သည်။

သူရိယသတင်းစာသည် ဗမာတိုင်းရင်းသားတွေ နိုးကြားအောင် သူ့ကျွန်ဘ၀က လွတ်လပ်အောင် ဘယ်လိုစည်းလုံးကြ၊ ညီညွတ်ကြ၊ တိုက်ပွဲဝင်ကြဆိုတာတွေကို မနားမနေ ရေးခဲ့ သားခဲ့ မျက်စိဖွင့်ပေးခဲ့ လှုံဆော်နှိုးဆွပေးခဲ့သည်။ ဆရာကြီးသည် သူတို့ဝိုင်းဝန်းရေးသားလုပ်ဆောင်လာခဲ့ရသော သူရိယသတင်းစာကို အလွန်သံယောဇဉ်ကြီးသည်။ သူရိယတွင် ဆရာကြီး၏တာဝန်မှာ တတိုက်လုံး၏ အတိုင်ပင်ခံဖြစ်လေသည်။ သတင်းစာတစောင်လုံးမှာပါမည့် ခေါင်းကြီးကအစ သတင်းဆောင်းပါးနှင့် ကြော်ငြာအဆုံး စာတွေ မှန် ၊ မမှန် ကောင်း၊ မကောင်း အယ်ဒီတာချုပ်မှအစ သတင်းထောက်အဆုံး ရေးသမျှစာတွေထဲက မကောင်းတာရှိရင်ကောင်းအောင် မမှန်တာရှိရင် မှန်အောင် အားလုံးပြုပြင်ပေးရသည်။ ထို့နောက် သူရိယရက်ခြားသတင်းစာတွင် ဆရာကြီးသည် ဆောင်းပါးအနည်းဆုံး တစ်ပတ်တစ်ကြိမ်၊ နေ့စဉ်ထုတ်တွင် အနည်းဆုံး တစ်ပတ်တစ်ကြိမ် ရေးရသည်။

ဆရာကြီးရွှေဥဒေါင်း ( ဦးဖေသိန်း ) သည် ၁၉၁၇ခုနှစ်တွင် သူရိယသတင်းစာ၌ အလုပ်စ၀င်လေသည်။ ဆရာကြီးရွှေဥဒေါင်း သူရိယ၌ အလုပ်စ၀င်ချိန်တွင် ရုတ်တရက် နေရာမပေးနိုင်သေးသဖြင့် ဆရာကြီး မစ္စတာမောင်မှိုင်းနှင့်အတူ တစ်စားပွဲထဲ ထိုင်ခဲ့ရသေးသည်။ ၁၉၁၉ခုနှစ်တွင် ဆရာကြီးရွှေဥဒေါင်းသည် သူရိယ၌ အလုပ်လုပ်နေရင်းတန်းလန်းနှင့် မြန်မာ့ဗျူဟာဂျာနယ်ဆိုသည့် ဂျာနယ်တစ်စောင် ထုတ်လေသည်။

နိုင်ငံရေး၌ ဆရာကြီး ကိုယ်ထိလက်ရောက်ပါဝင်ဆင်နွဲခဲ့သည့် တိုက်ပွဲမှာ ၁၉၂၀ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ကျောင်းသားအရေးတော်ပုံကြီးပင်ဖြစ်သည်။ ထိုအရေးတော်ပုံမှာ ကျောင်းသားအရေးတော်ပုံဆိုပေမယ့် ဗမာပြည်သူတစ်ရပ်လုံး ပါဝင်လာသည့် အရေးတော်ပုံပင်ဖြစ်သည်။

ဗမာတပြည်လုံးကို ကျွန်ပြုသိမ်းပိုက်ထားသည်မှာ နှစ်ပေါင်း၃၀ကျော် ကြာလာသည်အထိ ဗြိတိသျှအစိုးရသည် ဗမာပြည်၌ ဗမာတွေအထက်တန်းပညာသင်ဖို့ တက္ကသိုလ်တခုရယ်လို့ သီးခြားဖွင့်မပေးခဲ့ချေ။ ဗမာပြည်ကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တခုအနေမျိုးဖြင့်သာ အုပ်ချုပ်ရေးတွင် ထားရှိသေးတာမို့ ရန်ကုန်မြို့၌ ဖွင့်ထားသော ကောလိပ်ကျောင်းမှာလည်း ကာလကတ္တားယူနီဘာစီတီလက်အောက်ခံ ကောလိပ်ကျောင်းငယ်နှစ်ခုသာ ဖြစ်ခဲ့သည်။ ၁၉၂၀ခုနှစ် ကုန်ခါနီးတွင် ဗမာနိုင်ငံအတွက် သီးခြားယူနီဘာစီတီတစ်ခု ဖွင့်ပေးမည်ဟု ဆိုလာပြီး ထိုယူနီဘာစီတီအတွက် အက်ဥပဒေတစ်ခု ပြဋ္ဌာန်းဖို့ စီမံလာသည်။ ထိုဥပဒေ၏ အနှစ်သာရသည် ထိုယူနီဘာစီတီမှ ထုတ်လုပ်ပေးမည့် ပညာတတ်သည် အမျိုးသားစီးပွားရေးတည်ဆောက်ရာတွင် တစုံတရာပါဝင်နိုင်သည့် အရည်အသွေးမရဘဲ သူတို့အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုအတွက်သာ သွတ်ခိုင်းစေဖို့ကောင်းသည့် စာတတ်လူငယ်များ အထိုက်အလျောက်ပေါ်ပေါက်လာရေး၊ ထိုပညာမျှတောင် များများစားစားတတ်ရောက်မသင်ကြားနိုင်ဘဲ လူလက်တဆုတ်စာလောက်သာ သင်ကြားနိုင်ရေးဘဲ ဖြစ်သည်။ သူတို့ပြဋ္ဌာန်းမည့် အက်ဥပဒေတွင် လူအများစု အထက်တန်းပညာ ဆက်မသင်နိုင်အောင် ကန့်သတ်ချုပ်ချယ်ထားချက်တွေ အများကြီးရှိသည်။ အလွန်စရိတ်ကြိးကြီးနှင့် ငွေကြေးအကုန်ခံနိုင်မှသာ သင်ကြားနိုင်သည်။ ဒီဂရီရလာတော့လည်း သူများအခိုင်းခံဘ၀ကို ရောက်ရမည်ဆိုသည့် ပညာရေးမို့ နိုးကြားလာသည့် ဗမာတွေသည် ထိုပညာရေးဟာ ကျွန်ပညာရေး ဟု သမုတ်ကြသည်။

ထို့ကြောင့် ဗမာကျောင်းသားများသည် သီးခြားယူနီဘာစီတီဖွင့်ပေးမယ့် ဒီအက်ဥပဒေတွင် ဤအချက်မျိုးများမထည့်ရန် အပြင်းအထန် တောင်းဆိုကြသည်။ ပေါ်ပေါက်နေပြီဖြစ်သော ဂျီစီဘီအေ နိုင်ငံရေးအသင်းအဖွဲ့ကြီးမှလည်း တောင်းဆိုသည်။ ကန့်ကွက်နိုင်သည့် ဘက်ပေါင်းစုံမှ ကန့်ကွက်ကြသည်။ သို့သော် ကိုလိုနီအစိုးရမှ ထိုဥပေဒကို ၁-၁၂-၂၀ ရက်နေ့တွင် ဇွတ်အတင်း အတည်ပြုပြဋ္ဌာန်းလိုက်သည်။ ထို့ကြောင့် ကောလိပ်ကျောင်းသားသပိတ်ကြီးသည် ၅-၁၂-၂၀ ရက်နေ့တွင် ပေါက်ကွဲပေါ်ပေါက်လာခဲ့သည်။ ပြည်သူများမှလည်း ကျောင်းသားသပိတ်ကို အဖက်ဖက်မှ ၀ိုင်းဝန်းကူညီထောက်ခံကြသည်။

အင်္ဂလိပ်အစိုးရဘက်မှလည်း ဖိနှိပ်ရေးကိုသာ အစအဆုံး အသုံးပြုခဲ့ပြီး ကျောင်းသားများ၏ တောင်းဆိုချက်ကို မလိုက်ရောဘဲ ခါးခါးသီးသီးငြင်းဆန်ခဲ့သည်။ ထို့နောက် ဗမာကျောင်းသားများသည် ကျွန်ပညာကို မယူတော့ဘဲ သခင်ပညာရေးကို ပေးနိုင်မည့် အမျိုးသားပညာရေး စင်ပြိုင်တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

၁၉၂၀ခု ဒီဇင်ဘာလ ၅ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်မှ စတင်သပိတ်မှောက်ကြသည်။ ဒီဇင်ဘာ၁၆ရက်နေ့တွင် ရန်ကုန်မြို့ပေါ်မှ နယ်အသီးသီးက အထက်တန်းကျောင်းပေါင်း၄၄ကျောင်း သပိတ်တိုက်ပွဲထဲသို့ ရောက်ရှိလာသည်။ ထိုအတောအတွင်း ပညာရေးအာဏာပိုင်များမှ ကျောင်းပြန်မတတ်သည့် ကျောင်းသားမှန်သမျှကို ဒီဇင်ဘာ၂၃ရက်နေ့ နောက်ဆုံးထား၍ ကျောင်းမှ ထုတ်ပယ်မည်ဟု အမိန့်ထုတ်ပြန် ဖိနှိပ်လာသည်။

ဒီဇင်ဘာ ၁၇ရက်နေ့တွင် ပထမဆုံး အမျိုးသားကျောင်းစာသင်စခန်းကြီးတစ်ခုတွင် ကောလိပ်သပိတ်စခန်းချရာ ဗဟန်းမှ ဇရပ်လွတ်တွေအားလုံး စာသင်ခန်းတွေ စဖွင့်ပါတော့သည်။ ကျောင်းသားများ၏ တိုက်ပွဲကို ဂျီစီဘီအေအဖွဲ့ချုပ်ကြီးမှလည်း ဆုံးဖြတ်ချက်ချပြီး ထောက်ခံခဲ့သည်။ အားပေးသည်။ ကျောင်းသားမိဘများမှလည်း အားပေးထောက်ခံခဲ့သည်။ ထို့ကြောင့် အမျိုးသားကျောင်းများ ဗမာတပြည်လုံးတွင် မှိုပေါက်သလို ပေါ်ပေါက်လာပါတော့သည်။

အမျိုးသားကျောင်းတွေသာမက အမျိုးသာကောလိပ်ပါ တည်ထောက်မည်ဟု ဆုံးဖြတ်ပြီး ၁၉၂၁ခုနှစ် သြဂုတ်လ ၁၄ရက်နေ့တွင် အမျိုးသားကောလိပ်ကြီး စတင်ဖွင့်လှစ်လိုက်သည်။ ထိုအချိန်တွင် ဆရာကြီးသည် သူရိယသတင်းစာတွင် အလုပ်လုပ်နေချိန်ဖြစ်သည်။ ထိုသို့ ပွဲကြီးပွဲကောင်းမျိုးကို အလွန်လိုလားသည့် ဆရာကြီးအဖို့ တတ်နိုင်ရာမှ ရေးသားပေးခြင်း၊ အစည်းအဝေးတတ်ပေးခြင်း၊ အလှူခံပေးခြင်း၊ သပိတ်စခန်းကို မကြာခဏသွားပြီး အားပေးအားမြှောက်ခြင်းများ ပြုလုပ်ပေးခဲ့သည်။

အမျိုးသားကောလိပ်ဖွင့်သည့်အချိန်ရောက်တော့လည်း အမျိုးသားကောလိပ်တွင် မြန်မာမှု မြန်မာစာ မြန်မာရာဇ၀င်သင်ကြားပေးရန် ဆရာကြီးအား အမ်အေဦးမောင်ကြီးတို့မှ မေတ္တာရပ်ခံကြသည်။ ထိုအချိန်တွင် ဆရာကြီးသည် အသက်၄၅နှစ် ရှိပေသည်။ ဆရာကြီးသည် ၀မ်းမြောက်ဝမ်းသာလက်ခံပြီး သူရိယအလုပ်ခွင်မှ ထွက်ပြီး ဗဟန်းကောလိပ်သို့ လိုက်ပါလာခဲ့သည်။ သူရိယတွင်လည်း ဆရာကြီးသည် သူရေးနေကျဆောင်းပါးများကို ရက်ခြားနှင့် နေ့စဉ်ဆက်ရေးပေးနေခဲ့သည်မှာ ၁၉၂၂ခုနှစ်အထိပင်ဖြစ်သည်။

၁၄-၈-၂၁ နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ဗဟန်းအမျိုးသားကောလိပ် တစ်နှစ်မပြည့်ခင် ၁၈-၆-၂၂နေ့တွင် ဂျီစီဘီအေအဖွဲ့မှ ၂၁ဦးသည် ဗြိတိသျှ၏ ဒိုင်အာခီကို လက်ခံလိုက်သည်။ ဆရာကြီးတို့ တတ်တတ်ကြွကြွပြုစုပျိုးထောင်ကြသော အမျိုးသားကောလိပ်သည် ၂နှစ်ကျော် ၃နှစ်အရောက်တွင် အမျိုးသားပညာရေး၏ ရေသောက်မြစ်ဖြစ်သည့် ဂျီစီဘီအေကြီး ပြိုကွဲသွားသောကြောင့် အရင်းလဲလို့ အဖျားထင်းဖြစ်သည့် ဘ၀သို့ ရောက်ရှိသွားတော့သည်။

No comments: