Sunday, August 28, 2011

ဗိုလ်ချုပ်ဈေးတွင် လူမဆန်စွာ ရမ်းကားသူ နှစ်ဦးကို ထိရောက်စွာ အရေးယူဖို့  လိုအပ်။

မနေ့  သြဂုတ်လ (၂၇) ရက်နေ့  ညနေ (၅း၁၀) နာရီခန့်အချိန်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်းတွင် အဓိကရုဏ်းတစ်ခုဖြစ် ပွားခဲ့ပြီး ရာနှင့်ချီသောလူထု အုံကြွမှု တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါ ဖြစ်ရပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်းရှိ ယာဉ်အ၀င်လမ်းဘေးရှိ ယာဉ်ရပ်နားရာနေရာတွင် ရပ်နားထားသော မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ နောက်ကြည့်မှန်အား အသက် (၆၀) ခန့်ရှိ အမျိုးသားတစ်ဦးမှ ဘေးမှလာသောယာဉ်အား ရှောင်ရင်း ၀င်တိုက်မိသဖြင့် ကားပိုင်ရှင် ညီအစ်ကိုနှစ်ဦးမှ လျော်ကြေးတောင်းခံခဲ့ကြသည်။

ထိုအခါ ၀င်တိုက်မိသူ အမျိုးသားမှ ကားနောက်ကြည့်မှန်မှာ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသည့်အတွက် မလျော်ပေးနိုင်ကြောင်းနှင့် မိမိ ပုခုံးဖြင့် ထိမိသည့်အတွက် တောင်းပန်ပါကြောင်း ပြောကြားမှုကို မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ ယာဉ်ပိုင်ရှင် ညီအစ်ကိုမှ ကျေနပ်မှုမရှိပဲ အထက်ပါ အသက် (၆၀) ခန့်ရှိ အမျိုးသားအား လည်ပင်းညစ်ပြီး မျက်နှာကို လက်သီးဖြင့်ထိုးခဲ့ရာ ၄င်းအမျိုးသားကြီးမှာ နှာခေါင်းမှ သွေးများ အဆက်မပျက် ကျဆင်းလာပြီး သွားလည်းနှစ်ချောင်း ကျိုးသွားခဲ့ပါသည်။

ထိုကဲ့သို့ သွေးများ အလိမ်းလိမ်းဖြင့် နာကျင်နေသောကြောင့် အမျိုးသားကြီးက လျော်ပေးမည်ဖြစ်ကြောင်း ပြောဆိုသော်လည်း ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအနက် အကြီးဖြစ်သူက မော်တော်ယာဉ်ပေါ်တွင် အသင့်ယူဆောင်လာသော နှစ်တစ်လက်မ (၂ x ၁ လက်မ) တုတ်ကို ယာဉ်မောင်းထိုင်ခုံအောက်မှ ဆွဲယူလာကာ အဆိုပါ အသက်အရွယ်ကြီးသူအား လိုက်ရိုက်ခဲ့ပြန်ပါသည်။

ထိုအခါတွင် ဈေးလုံခြုံရေးနှင့် ဈေးသူဈေးသားများက ၀ိုင်းဝန်းဆွဲသဖြင့် ယာဉ်ပိုင်ရှင်မှာ ၄င်း၏ မော်တော်ယာဉ်သို့ ပြန်လည် ထွက်ခွာလာပြီး ရဲတိုင်ကာ အရေးယူမည်ဖြစ်ကြောင်း အော်ဟစ်ကြိမ်းမောင်းသွားပါသည်။

ထိုအခါမှ အဖြစ်မှန်ကိုသိကြသော ဈေးသူဈေးသားများမှာ ဒေါသပြင်းထန်စွာထွက်ပြီး အထက်ပါ နိုင်ထက်စီးနင်းပြုကျင့်ခဲ့သူ ယုတ်မာရိုင်းဆိုင်းကာ လူမဆန်စွာ ရမ်းကားခဲ့သော ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအား ထိရောက်စွာ အရေးယူပေးရန်အတွက် ဈေးလုံခြုံရေး နှင့် တာဝန်ကျ ယာဉ်စောင့်များအား ၀ိုင်းဝန်းပြောဆိုခဲ့သဖြင့် ၄င်းတာဝန်ရှိသူများမှ လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရန် အတွက် မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁အား မော်တော်ယာဉ်အထွက်လမ်းမှ စောင့်နေသော်လည်း မော်တော်ယာဉ်မှာ ထွက်မလာပဲ ဈေးအတွင်းပတ်ရှောင်နေသဖြင့် ဈေးသူဈေးသားများနှင့် ဈေးအပြန်ကားပိုင်ရှင်များမှာ အမျက်ဒေါသထွက်ကာ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြပါသည်။

ထိုသို့ ၀ိုင်းဝန်းပိတ်ဆို့မှုကြောင့် ရာနှင့်ချီသော လူအုပ်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးအတွင်း ဟိုပြေးဒီလွှားဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါသည်။

နောက်ဆုံး ကားကို ပိတ်ဖမ်းမိသောအခါ ယာဉ်ပိုင်ရှင်များမှ ဘယ်သူမှ စောက်ဂရုမစိုက်ဘူး သတ္တိရှိတဲ့ကောင် ထွက်ခဲ့ မဆိုင်ရင် မဆိုင်သလိုနေ အစရှိသဖြင့် ရိုင်းပြစွာစော်ကားခဲ့ပြန်သဖြင့် ဈေးသူဈေးသားများမှ မခံမရပ်နိုင်ဖြစ်ပြီး ၀ိုင်းဝန်းအော်ဟစ်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။

ထိုအခါ ဈေးလုံခြုံရေးနှင့်တာဝန်ကျယာဉ်ထိန်းရဲများ ရောက်ရှိလာပြီး အထက်ပါ ယာဉ်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးအား ဈေးရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

အရိုက်ခံရသူ အမျိုးသားကြီးအား ဈေးသူဈေးသားများ ၀ိုင်းဝန်းကာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။

အထက်ပါ ဖြစ်ရပ်တွင် အလွန်တရာ ယုတ်မာရိုင်းဆိုင်းပြီး လူမဆန်သော လူရမ်းကား ညီအကိုနှစ်ဦးအား ဈေးသူဈေးသားများအားလုံး ကျေနပ်မှု လုံးဝမရှိပဲ စစ်မှန်သော တရားဥပဒေ၏ အဆုံးအမကို ခံယူစေရန်နှင့် နောက်နောင်တွင် ယခုကဲ့သို့သော မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ တရားဥပဒေမဲ့သော၊ မင်းမဲ့စရိုက်ဆန်သော၊ လူသားချင်းစာနာမှုကင်းမဲ့သော လုပ်ရပ်မျိုးကို ပြည်သူပြည်သားများ မခံရစေရန်နှင့် ဒီမိုကရေစီဗန်းပြကာ အများပြည်သူအား ထိခိုက်စေမည့်လုပ်ရပ်များ ဖြစ်ပေါ်မလာစေရန် တရားဥပဒေ၏ အဆုံးအဖြတ်ကို စောင့်မျှော်လျှက် ရှိကြပေသည်။

ကားနောက်ကြည့်မှန်ကို မတော်ဆစ်ဆ တိုက်မိပေမယ့် ပျက်ဆီးမှု လုံးဝမရှိဘဲ တိုက်မိတဲ့ အသက်အရွယ်ကြီးသူကို လူမဆန်စွာ ရမ်းကားခဲ့သူနှစ်ဦးကတော့ အောက်ဖေါ်ပြပါ ကားမှ ဖြစ်ပါတယ်။






































































(သတင်း - ရဲရင့်ကျော် ဖေ့စ်ဘွတ်၊ သတင်းမူလ - ရှိုင်းဝင်း)။


No comments: