Monday, August 1, 2011

၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးဆီသို့  ဦးတည်စေခဲ့တဲ့ ၁၉၈၇ ခုနှစ်က အာဏာရှင်များ ပြည်သူလူထုထံမှ ငွေစက္ကူများ မတရားဖျက်သိမ်း သိမ်းပိုက်မှု

၁၉၆၂ ခုနှစ်ကတည်းက ပြည်သူ့ အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့  မတရားအာဏာသိမ်းလုယူပြီး တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် အုပ်ချုပ်ခဲ့လို့  တိုင်းပြည်လည်း ချွတ်ခြုံကျ ပြည်သူလူထုအပေါင်းလည်း ဆင်းရဲမွဲတေကြရတဲ့ဘ၀ကို ရောက်ခဲ့ကြရပြီး ကျန်းမာရေး ပညာရေး လူမှုရေး စီးပွားရေး နိမ့်ကျလွန်းပြီး၊ တစ်နေ့ တာ ၀မ်းဝဖို့ အရေး တစ်နေ့ စာကို ရုန်းကန်လှုပ်ရှား ရှာဖွေနေကြရတဲ့ မြန်မာပြည်သူလူထုမှာ ၁၉၈၇ ခုနှစ်ရဲ့ နေ့ ရက်တစ်ရက်ဖြစ်တဲ့ စက်တင်ဘလ (၅) ရက်နေ့ မှာ လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေ ဖြစ်တဲ့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့  ၇၅ ကျပ်တန်များကို အကြောင်းပြချက် မရှိဘဲ ဖျက်သိမ်းပြစ်လိုက်တာဘဲ ဖြစ်ပါတယ်။









































ဒီလို တစ်တိုင်းပြည်လုံး သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ရုတ်တရက် ဖျက်သိမ်းလိုက်တဲ့အတွက် သာမန်ပြည်သူလူထုအနေနဲ့  ခြိုးခြံချွေတာစွာနဲ့  စုဆောင်းထားတဲ့ ငွေလေးတွေ၊ မိသားစု စားဝတ်နေရေး ပညာရေး ကျန်းမာရေးအတွက်တင်မက နေ့ စဉ် မရှိမဖြစ် သုံးစွဲနေရမှုတွေ အကုန်ရပ်တန့် ကုန်ပြီး နောက်တစ်နေ့ အတွက် ပူပင်သောကပေါင်းများစွာနဲ့  အခက်အခဲဒုက္ခတွေ ရင်ဆိုင်ခဲ့ကြရပါတယ်။ သမာအာဇီဝနဲ့  အချိန်ကာလတစ်လျှောက် ကြိုးစားစုဆောင်းထားသမျှတွေ ချက်ခြင်းလက်ငင်းဆုံးရှုံးကြရသလို စက္ကူဖြတ်ပိုင်းကဲ့သို့  ဖြစ်သွားရတဲ့ ငွေစက္ကူတန်ဖိုးကြောင့် ရင်ဆို့ ကြရတဲ့ ပြည်သူတွေများစွာ ရှိခဲ့ကြရပါတယ်။



































ဒီငွေစက္ကူတွေကို ဖျက်သိမ်းကြောင်း ရေဒီယိုက သတင်းထုတ်လွှင့်မှုတွေဟာ တိုင်းသူပြည်သားတွေအတွက် ငှက်ဆိုးထိုးသံလို ဖြစ်ကြရပြီး၊ ဘ၀ပျက်အောင် ဖျက်တဲ့ အာဏာရှင်တို့ က ပြည်သူလူထုအပေါ်မှာ မတရားလုပ်တဲ့ လုပ်ရပ်ပါဘဲ။

တိုင်းသူပြည်သားတွေအတွက်တော့ လက်ထဲက တန်ဖိုးမဲ့သွားတဲ့ ငွေစက္ကူတွေကို ကြည့်ပြီး နောက်တစ်နေ့  စားဝတ်နေရေး၊ နောင်ရေးအတွက် ရုးမတတ်ခံစားနေကြရပေမယ့်၊ အာဏာရှင်တွေကတော့ သူတို့ ပိုင်ဆိုင်ထားတဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့  ဘ၀မပျက်ကြတဲ့အပြင် သူတို့  လက်ထဲမှာ ရှိတဲ့ ငွေကြေးတွေကို ဒီမတရားအမိန့် မထုတ်ပြန်ခင် နေ့ ရက်များကတည်းက ရွှေငွေရတနာ ပစ္စည်းဥစ္စာများ ကြိုတင်ဝယ်ယူထားခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီလို တိုင်းပြည်တစ်ဝှမ်းလုံးက ပြည်သူတွေအတွက် မငဲ့ညှာဘဲ ငွေစက္ကူတွေကို ရုတ်တစ်ရက် ဖျက်သိမ်းကြောင်း ကြေညာမှုဟာ ပြည်သူလူထု ဆင်းရဲနွမ်းပါးနေမှုတွေကို ထပ်မံဖိနှိပ်လိုက်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် အထွေထွေအခက်အခဲကြီးဟာ ပိုမိုကြီးမားလာသလို ပြည်သူလူထုရဲ့  တောက်ခံသံ နာကျည်းကျိန်းဝါးသံဟာ ရင်ထဲမှ အစိုင်အခဲကြီးစွာ အရှိန်အဟုန်ပြင်းပြစွာနဲ့  ပေါ်ထွက်လာပါတော့တယ်။ အာဏာရှင်တို့ ရဲ့  ဒီငွေကြေး မတရားဖျက်သိမ်းမှုလုပ်ရပ်ကြောင့် မိသားစုအတွင်း မိဘတွေရဲ့  အခက်အခဲကြုံတွေ့ ရမှုဟာ သားသမီးတွေ ဖြစ်ကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့  ပညာရေးသင်ကြားနေမှုတွေအတွက်ပါ တိုက်ရိုက်ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ကြပါတယ်။

၁၉၈၇ ခုနှစ် နှစ်ကုန်ပိုင်း စက်တင်ဘာလ (၅) ရက်နေ့ ငွေကြေးဖျက်သိမ်းမှုကို ခါးသီးစွာ ရင်ဆိုင်လိုက်ရတဲ့ ပြည်သူတွေဟာ အာဏာရှင်တွေအပေါ် မကျေနပ်မှု ခံစားမှုတွေဟာ ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်း ကျောင်းသားကျောင်းသူတွေကို အပြစ်မဲ့စွာ လူသတ်လက်နက်နဲ့  သတ်ဖြတ် ရိုင်းပြစော်ကားမှုကို မျက်ဝါးထင်ထင် တွေ့ မြင်ကြရတဲ့ ပြည်သူလူထုရဲ့  အာဏာရှင်များအပေါ် မခံမရပ်နိုင် အုံကြွပေါက်ကွဲမှုဟာ ရှစ်လေးလုံးပြည်သူအရေးတော်ပုံကြီးကို တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် မြို့ အသီးသီး နယ်အနှံ့ နှံ့  ဆင်နွဲကြပါတော့တယ်။

အာဏာရှင်တို့  သေနတ်မိုး အုပ်စိုးမှုကို မကြောက်မရွံ့  တော်လှန်ဆန့် ကျင်ပြီး ပြည်သူလူထုရဲ့  အင်အားအပြည့်အ၀ကို ပြသခဲ့ကြတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူတို့ ရဲ့  ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် တစ်ပါတီ အာဏာရှင် နေ၀င်း အာဏာလက်လွှတ်ခဲ့ရပြီး နှစ်ပေါင်း ၂၆ နှစ်ကျော် ကြီးစိုးနေခဲ့တဲ့ အာဏာရူးအစိုးရနဲ့  မဆလပါတီ ပြိုကျသွားခဲ့ရပါတယ်။

အာဏာရှင် နေ၀င်းနဲ့  အပေါင်းအပါ အာဏာရူးတွေရဲ့  ပြည်သူတွေအပေါ် ယုတ်မာရိုင်းစိုင်းခဲ့တဲ့ မတရားလုပ်ရပ်ကို ငုံ့ မခံဘဲ ပြည်သူတွေ တစ်ညီတစ်ညွတ်တည်း ပြည်သူ့ အင်အားကို ပြခဲ့ကြလို့  ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ သမိုင်းတွင်ခဲ့ပါတယ်။

၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ မှာ အာဏာရှင်များက ပြည်သူလူထုထံမှ ငွေစက္ကူများကို မတရားဖျက်သိမ်း သိမ်းပိုက်မှုဟာ နှစ်ပေါင်း ၂၆ နှစ်ကျော် ဗိုလ်ကျစိုးမိုးနေတဲ့ နေ၀င်း အာဏာရှင်ကို အဆုံးသတ်စေခဲ့တဲ့ ဆန့် ကျင်တော်လှန်မှုကြီး၊ ကျောင်းသားပြည်သူ ရဟန်းရှင်လူ အတူတစ်ကွ လက်တွဲခဲ့ကြတဲ့ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကို ဦးတည်စေခဲ့တဲ့ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ပါတော့တယ်။

No comments: