Saturday, September 10, 2011

ပြည်သူ့ ဝန်ထမ်းတွေအပေါ် မျှမျှတတ တရားသဖြင့် ညှာတာဆက်ဆံသင့်ပါသည်။


























ကျနော် ကျမတို့ သည် သစ်တောရေးရာဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း ရန်ကုန် (ရုံးချုပ်) ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနတွင် တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းများ ဖြစ်ပါသည်။

၂၀၁၀ခုနှစ် မေလပိုင်းမှ စတင်၍ နေပြည်တော်ရှိ သစ်တောရေးရာဝန်ကြီးဌာန ၊ မြန်မာ့သစ်လုပ်ငန်းရုံးသို့ ၀န်ထမ်းအားလုံးသည် တဦးလျှင် နှစ်လကြာ အလှည့်ကျစနစ်ဖြင့် သွားရောက် တာဝန်ထမ်းဆောင်ကြရန် စတင်စေလွှတ်ပါသည်။

ထိုသို့စေလွှတ်ရာတွင် ရန်ကုန်ရုံးချုပ်ရှိ တာဝန်ရှိသူအချို့ မှ မျှတစွာ တာဝန်ခွဲဝေခြင်း မရှိပဲ အထွေထွေမန်နေဂျာ (GM)၊ ဒုတိယအထွေထွေမန်နေဂျာ (DGM) တို့၏ ဆွေမျိုးနီးစပ်တော်စပ်သောာဝန်ထမ်းများနှင့် ၎င်းတို့နှင့် အပေးအယူပြုလုပ်ကာ တပည့်မွေး ဆရာမွေး ပြုလုပ်နေကြသော ၀န်ထမ်းများအား အခြားဝန်ထမ်းများနည်းတူ နေပြည်တော်သို့ တာဝန်ထမ်းဆောင်ရန် စေလွှတ်ခဲ့ခြင်း မရှိပါ။ ထိုဝန်ထမ်းများအား လာဘ်ပေး လာဘ်ယူ ကိစ္စများတွင်သာ အဓိကဆောင်ရွက်ရန် အနီးကပ် တပည့်မွေးမြူထားကြပါသည်။

နေပြည်တော်သို့ သွားရောက် တာဝန်ထမ်းဆောင်ြကသော ၀န်ထမ်းများအတွက် ယာယီနေထိုင်ရန် ပေးထားသောအဆောက်အဦးမှာ လုံခြုံမှုမရှိပဲ မိမိတို့ဝန်ထမ်းများ၏ ပစ္စည်းများအား ပြင်ပမှ မကြာခဏ ဖောက်ထွင်း ခိုးယူမှုများ ခံကြရပါသည်။

တာဝန်ရှိသူများကို အကြောင်းကြားတင်ပြခဲ့သော်လည်း မည်သို့ မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း မရှိပါ။ မိမိတို့ ရရှိသောလစာနှင့် ရန်ကုန်ရုံးမှ ပေးသော ထောက်ပံ့ကြေး တစ်သောင်းခွဲသည် နေပြည်တော်တွင် တာဝန်ထမ်းဆောင်ရန် လုံလောက်ခဲ့ခြင်း မရှိသော်လည်း ဌာနမှ တာဝန်ပေးခဲ့သည့်အတွက် အခက်အခဲများကြားမှ မိမိတို့ အနေဖြင့် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်ပါသည်။ မိမိတို့သည် ဌာနမှ ထပ်မံတာဝန်ပေးချက်အရ နှစ်ကြိမ်ထက်မနည်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည့် ၀န်ထမ်းများ ဖြစ်ကြပါသည်။

ယခုအခါတွင်လည်း ထပ်မံစေလွှတ်နေပြန်ပါသည်။ မိမိတို့အနေဖြင့် မိသားစုအခြေအနေ၊ ရရှိသောလစာနှင့် ကုန်ကျစရိတ်များအရ အကြိမ်ကြိမ် တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်ပါ။ အထွေထွေမန်နေဂျာ (GM) ၊ ဒုတိယ အထွေထွေမန်နေဂျာ (DGM) တို့၏ နီးစပ်သူများသည် နေပြည်တော်သို့ သာမန်ဝန်ထမ်းများနည်းတူ စေလွှတ် တာဝန်ထမ်းဆောင်သင့်သော်လည်း ယခုချိန်ထိ တကြိမ်တခါမျှ စေလွှတ်ခြင်း မရှိပါ။

ထိုကဲ့သို့ မျှတမှု့မရှိသည့် ကိစ္စရပ်များ ပေါ်ပေါက်နေပါသဖြင့် ပြောင်းလဲလိုက်သော ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အမည်သစ်နှင့်အတူ ယခင် သစ်တောရေးရာဝန်ကြီးဌာန အမည်ဟောင်းအောက်တွင် ဖြစ်ပေါ်ခဲ့သော ဌာနတွင်းဝန်ထမ်းများအပေါ် မမျှတမှုများပါ အသစ်ပြုပြင်ပြောင်းလဲပေးပါရန် အခြေခံဝန်ထမ်းများမှ အင်တာနက်စာမျက်နှာများမှတဆင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ တင်ပြ တောင်းဆို လိုက်ရပါသည်။

အခြေခံဝန်ထမ်းများ
ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်မြန်မာ့သစ်လုပ်ငန်း
ပြည်တွင်းရောင်း/စက်ဌာန
ရန်ကုန်ရုံးချုပ်။

No comments: