Thursday, September 22, 2011

မြစ်ကြီး ဧရာဝတီအရေးနှင့် ပတ်သက်၍ ပြည်တွင်း/ပြည်ပ တရုတ်နွယ်ဖွားများသို့ ပန်ကြားလွှာ။

ချစ်ကြည်စွာ နေထိုင်ဆက်ဆံလာခဲ့ကြသော တရုတ်မျိုးနွယ်အသီးသီးတို့အား ပန်ကြားအပ်ပါသည်။

ယနေ့ မြန်မာနိုင်ငံ၏ မြန်မာပြည်သူများသည် ရှေးအဆက်ဆက်မှ တရုတ်ပြည်သူသမ္မတနိုင်ငံဖြင့်သော်လည်းကောင်း၊ မြန်မာပြည်အတွင်း၌ ရှင်သန်ကြီးပြင်းခဲ့ကြသော တရုတ်မျိုးနွယ်စု အသီးသီးကိုလည်းကောင်း ငြိမ်းချမ်းစွာဖြင့် ရင်းနှီးနွေးထွေး၍ ချစ်ကြည်ရိုင်းပင်း နေထိုင်လာခဲ့သည်မှာ တကယ့် မြန်မာ့မျိုးနွယ်ကဲ့သို့ တစ်သားတည်း ရှိခဲ့ကြောင်း အဆွေတော်တို့အား အထူးပြောပြရန် လိုမည်မထင်ပါ။

ပြည်ပရှိ တရုတ်နိုင်ငံ၏ ထုတ်ကုန်မျိုးစုံတို့ကို အစဉ်အဆက် ကုန်သွယ်ဆက်ဆံ အားပေးခဲ့ပြီး၊ အရည်အသွေး ဆိုင်ရာ ပြဿနာပေါ်တိုင်း နိုင်ငံတစ်ကာနှင့် မတူပဲ မြန်မာပြည်သူတို့သည် စောဒကမတက်၊ ခွင့်လွတ်၍ အားပေးမြဲ အားပေးခဲ့ပါသည်။ မြန်မာပြည်၏ သယံဇာတ (သစ်၊ ဓါတ်သတ္ထု အစရှိသည်) များ ထုတ်ယူရန် နှစ်ဖက်အစိုးရများ စာချုပ်များ ချုပ်ဆိုရာတွင်လည်း မည်သည့် ပြည်သူကမှ သာသည်၊ နာသည် ဟူ၍ စွတ်ဖက် ကန့်ကွက်ခဲ့ခြင်း မရှိပဲ နှစ်ပြည်ထောင် ချစ်ကြည်ရေးကိုသာ တည်မြဲစေခဲ့ပါသည်။

ထို့အတူ ရှေးပဝေသဏီကတည်းက မြန်မာပြည်တွင် တရုတ်လူမျိုးများ အခြေချ နေထိုင်လာခဲ့ကြရာ ယနေ့ ခေတ်တွင် နည်းလမ်း အသွယ်သွယ်ဖြင့် တရုတ်လူမျိုးများ သိသိသာသာ များပြားနေသည်မှာ အဆွေတော်တို့က ပို၍ သိပါမည်။ ထိုသို့ များပြားလာမှု အပေါ် မြန်မာတို့သည် စိုးရိမ်ခြင်း နည်းပါးစွာဖြင့် မိမိတိုင်းပြည်မှ ရှိရင်းစွဲ မျိုးနွယ်ကဲ့သို့ မသိကျိုးကျွံပြု၍ ချစ်ကြည်စွာ နေထိုင်ခဲ့ကြပါသည်။ တိုင်းပြည်၏ စီးပွားရေး အတော် များများ တွင် တရုတ်လူမျိုးများက အင်နှင့်အားနှင့် လွမ်းမိုးနေသော်လည်း မြန်မာတို့သည် ဗုဒ္ဓဘာသာများပီပီ မုဒိတာ တရားဖြင့် ကျေနပ်ပေးခဲ့ပါသည်။ အထူးသဖြင့် တရားမဝင်လမ်းကြောင်းများမှ မှတ်ပုံတင်ရယူ၍ မြို့ အသီးသီးတွင် အခြေချ နေထိုင်ခြင်း၊ ငွေကြေး အင်အားနှင့် အထင်ကရ နေရာ အများစုကို မြန်မာများ ပြန်မဝယ် နိုင်အောင် ရယူနေထိုင်ခြင်း၊ နိုင်ငံအတွင်း တရုတ်ပစ္စည်းများ တင်သွင်းရာတွင်လည်း မျိုးနွယ်၊ ဘာသာစကား၊ ငွေကြေးသာလွန်မှုများဖြင့် မြန်မာကုန်သည်များထက် နှာတစ်ဖျားမက အသာစီးရ၍ ဈေးကွက်ကို လွှမ်းမိုးထား ခြင်း၊ မြန်မာ့သယံဇာတနှင့် မြန်မာ့ထွက်ကုန် သီးနှံများတင်ပို့ရာ နယ်စပ်ကုန်သွယ်ရေးတွင်လည်း နည်း အမျိုးမျိုး ဖြင့် အသာစီးရနေသော (ဝယ်လက်) ဈေးကွက်ကိုချုပ်ကိုင်သူအဖြစ် ရပ်တည်နေခြင်း၊ စသည်ဖြင့် အဖက်ဖက်မှ မြန်မာတို့ နစ်နာနေရသော်လည်း မငြိုမငြင်ဖြင့် နေထိုင်ခဲ့ကြသည်မှာ ရှေးယ္ခင်မှ ပြည်ဖွားပေါက်ဖော်များကပင် တရုတ်အသစ်တို့ အပေါ် မှတ်ချက်ပေးခဲ့ကြသည်မှာ အဆွေတော်တို့ သိပြီးသော အကြောင်းများ ဖြစ်ပါသည်။

... ယနေ့ မျက်မှောက် ပစ္စုပ္ပန်ကာလ၌ အဆွေတော်တို့ လာရောက်နေထိုင် ရှင်သန်ကြီးပြင်းရာ မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီတစ်ခုသည် မြန်မာပြည်၏ ပင်မသွေးကြောဖြစ်သည့် နိုင်ငံ၏ ရတနာ( မြစ် ဧရာဝတီ) ကို လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် (မြစ်ဆုံ စီမံကိန်းကို ) ကြိုးစားနေကြသည်ကို သိပြီး ဖြစ်ပါလိမ့်မည်။ဤမြစ်ဆုံ စီမံကိန်းကို အဘယ့်ကြောင့် ကန့်ကွက်ရသနည်း ဟူသော အကြောင်းအရာ များကို သတင်းဌာနများ၊ ဂျာနယ်များ၊ အဖွဲ့အစည်း အသီးသီးမှ ကြေညာချက်များ၊ ပန်ကြားလွှာများတွင် ဖတ်ရှု လေ့လာ နိုင်ပါသည်။

ကျွန်ုပ်တို့သည် ထိုတည်ဆောက်ရေးကို ရပ်တန့်ပေးပါရန် ဆိုးကျိုးပြစ်ချက်များကို ထောက်ပြလျက် တောင်းဆိုနေပါသော်လည်း ကြားသိရသည်က မည်သည့်နည်းနှင့်မျှ (ဘယ်တော့မှ) နောက်မဆုတ်ဘူး ဟူ၍ ဆိုပါသည်။ သို့သော် ဤ ဧရာဝတီ မြစ်ဆုံစီမံကိန်းအား ဆက်လက် မတည်ဆောက်ရန် တောင်းဆိုနေမည်သာ ဖြစ်သည်။

ဤ မြစ်ဆုံ စီမံကိန်းကို တရုတ်နိုင်ငံ/တရုတ်ကုမ္ပဏီမှ ဆောင်ရွက်သောကြောင့် ဟူ၍ နားလည်မှု လွဲမှားပြီး တရုတ်ဆန့်ကျင်ရေးလော (တရုတ် မုန်းတီးရေးလော) ဟု တရုတ်လူမျိုး အချို့က စိုးရိမ်ပူပန်နေသည်ကိုလည်း ကြားသိနေရပါသည်။ တရုတ်လူမျိုး၊ တရုတ်နိုင်ငံဟူသော လူမျိုးစွဲ၊ နိုင်ငံစွဲ မဟုတ်ပဲ ၊ မည်သည့် နိုင်ငံ မည်သည့် လူမျိုးမှ ဖြစ်ပါစေ တောင်းဆိုကြမည်သာ ဖြစ်ပါမည်။ တရုတ်ဖြစ်စေ၊ မြန်မာဖြစ်စေ၊ အခြား မည်သည့် နိုင်ငံမှ လူမျိုးဖြစ်စေ ဆက်လက်ဆောင်ရွက်မှုများတွင် ပတ်သက်ပါရှိနေလျှင် ဧရာဝတီကို ကာကွယ်လိုသော ပြည်သူ များ၏ ဆန့်ကျင်မှုကို ခံကြရမှာ အမှန်ပင် ဖြစ်ပါသည်။

အကြောင်းမှာ မြန်မာနိုင်ငံ၏ ဇီဝမျိုးကွဲများ၊ ရှားပါးသစ်ပင်၊ သစ်တောများ၊ ယဉ်ကျေးမှုများ ၊ တည်ဆောက်ရေးကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများ၊ သဘာဝဖြင့် စီးဆင်းနေသော မြစ်ကြီး ၏ ပျက်စီးလာနိုင်မှု အခြေအနေတို့နှင့်အတူ ဧရာဝတီကို မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး၏ လူနေမှုဘဝများ၊ စီးပွားရေး အခြေအနေများ အပါအဝင် ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်တို့အား ကာကွယ်လိုသောကြောင့် ဖြစ်သည်ကို သိစေလိုပါသည်။

ယနေ့ အဆွေတော်တို့သည် တရုတ်မျိုးနွယ်များ မှန်သော်လည်း မြန်မာပြည်တွင် နေထိုင်ကြသူများ (မြန်မာ မှတ်ပုံတင်များ ရယူထားသူများ ) ဖြစ်သည့် အားလျော်စွာ၊ မြန်မာ့ရေ မြန်မာ့မြေ၏ အရေးကိစ္စများကို မသိ ကျိုးကျွံ မပြုသင့်ပါ။

မြန်မာပြည်၏ ရာသီဥတု ပြောင်းလဲမှုများ၊ ငလျင်နှင့် ရေလွမ်းမိုးမှုများ အပါအဝင် သဘာဝ ဘေး အန္တရာယ်များ ရင်ဆိုင်ခဲ့ရသော် တရုတ် ဆိုသောကြောင့် လွတ်မြောက်မည် မဟုတ်ပဲ မြန်မာပြည်သူများ နည်းအတူ (ဆတူ) ခံစားကြရမှာ အမှန်ပင် ဖြစ်ပါသည်။

ကျွန်ုပ်တို့ ကြွေးကြော်နေသော မြန်မာပြည်သူများအတွက် ဆိုရာတွင်လည်း တိုင်းရင်းသားမျိုးနွယ် အားလုံးသာမက တရုတ်နွယ်ဖွား၊ အိန္ဒိယနွယ်ဖွား မကျန်၊ ဘာသာမရွေး လူမျိုးမရွေးအတွက် ပူပန်၍ တောင်းဆိုနေခြင်း ဖြစ်သည်ကို နားလည်စေလိုပါသည်။

သို့ပါ၍ မြစ်ဆုံစီမံကိန်း ရပ်တန့် ရုတ်သိမ်းရေး လှုပ်ရှားမှုများတွင် အဆွေတော်တို့သည် တတ်နိုင်သည့် အနေအထား အသီးသီးမှ ပါဝင် ပူးပေါင်းပေးကြပါရန် ပန်ကြားအပ်ပါသည်။

လွတ်လပ်သောသူငယ်ချင်းများအင်အားစု။

freefriendsforce.f3@gmail.com


No comments: