Monday, October 17, 2011

အသက် (၉၀) ကျော် မိခင်အို ကျောင်းတော်ကြီးကို ခြေလက်အစပိုင်းကနေစပြီး တစ်ဖြေးဖြေး သတ်ဖြတ်တော့မယ် ....

၁၉၂၀ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့  စိန်ရတုသဘင်အခမ်းအနား (၇၅ နှစ်မြောက်) ကို ၁၉၉၅ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ယခုဆိုရင် သက်တမ်း (၉၀) ကျော်နေပြီးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးဟာ မကြာခင်နှစ်များအတွင်းမှာ ရောက်ရှိတော့မယ့် နှစ်တရာပြည့် သမိုင်းမှတ်တမ်းကို ကောင်းမွန်စွာ ကျော်ဖြတ်ခွင့်တောင် ရပါတော့မလားလို့  စိုးရိမ်ရဖွယ် အခြေအနေ ရောက်ရှိနေပါတယ်။




























သက်တမ်း (၉၀) ကျော်နေပြီးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးဟာ ၁၉၄၀ ခုနှစ်နဲ့  ၁၉၅၀ ခုနှစ်များကာလမှာ အာရှဒေသရဲ့  ထိပ်တန်းဝင် ကျောင်းတော်ကြီး (၁၀) ခုထဲက တစ်ခုဖြစ်ခဲ့ပြီး၊ အရှေ့ တောင်အာရှနိုင်ငံများမှာ အထင်ရှား အကျော်ကြားဆုံး ကျောင်းတော်ကြီး ဖြစ်ခဲ့ပါတယ်။

ကျောင်းတော်သူ ကျောင်းတော်သားများအတွက် ပညာနို့ ရည်တိုက်ကျွေးနေတဲ့ မိခင်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့  ဂုဏ်ကျေးဇူးကို အားလုံးဟာ အမြဲတန်း အောင်းမေ့တမ်းတ လွမ်းဆွတ်ကြလေ့ ရှိပါတယ်။






























ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးက မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံခေါင်းဆောင်တွေ အသိပညာရှင် အတတ်ပညာရှင်တွေ ခေတ်အဆက်ဆက် အမြောက်အမြား ရှိခဲ့ပါတယ်။

အမိတက္ကသိုလ်ကြီးက မွေးထုတ်ပြုစုပေးလိုက်တဲ့ နိုင်ငံခေါင်းဆောင်များနဲ့  အသိပညာရှင် အတတ်ပညာရှင်တွေထဲက - မြန်မာပြည် နိုင်ငံရေးသမိုင်း အခန်းကဏ္ဍထဲက အထင်ကရများကို ကြည့်မယ်ဆိုရင် ဗိုလ်ချူပ်အောင်ဆန်း၊ ဦးဘချို၊ ဒေါက်တာဘမော်၊ ဦဘဆွေ၊ ဦးဘ၀င်း၊ သခင်မြ၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ အိတ်ခ်ျ အန်န် ဂေါ်ရှယ်၊ ဦးဝင်းမောင်၊ ဦးသန့် ၊ ဦးနုတို့ အပါအ၀င် ဖြစ်ပါတယ်။ ဒီအပြင် မြန်မာနိုင်ငံမှာ ထင်ပေါ်ကျော်ကြားတဲ့ ပန်းချီ ရုပ်ရှင် ဂီတအနုပညာရှင် အများအပြားဟာလည်း ရန်ကုန်တက္ကသိုလ်ကြီး (University of Rangoon - RASU – Main Campus) နဲ့  ဒေသကောလိပ်များ ဖြစ်ခဲ့ကြတဲ့ (RC 1 - ဗိုလ်တစ်ထောင်နယ်မြေ၊ RC 2 - လှိုင်နယ်မြေ၊ RC 3 ကြည့်မြင်တိုင်နယ်မြေ) များမှာ ပညာသင်ကြားကြပြီး အမိတက္ကသိုလ်ကြီးရဲ့  ရင်ခွင်ကို ခိုလှုံခဲ့ကြသူတွေ ဖြစ်ကြပါတယ်။



























ကျောင်းသားများအတွက် အမျိုးသားဆောင်များအဖြစ် ပဲခူးဆောင်၊ ဒဂုံဆောင်၊ အင်းဝဆောင်၊ န၀ဒေးဆောင်၊ ပင်းယဆောင်၊ စစ်ကိုင်းဆောင်၊ ရွှေဘိုဆောင်၊ တောင်ငူဆောင်နဲ့  သထုံဆောင်တို့  ရှိကြပါတယ်။ ကျောင်းသူများအတွက် အမျိုးသမီးဆောင်များအဖြစ် ပုဂံဆောင်၊ အင်းလျားဆောင်၊ မာလာဆောင်၊ ပြည်ဆောင်၊ တကောင်းဆောင်၊ သီရိဆောင်နဲ့  ရတနာဆောင်တို့  ရှိကြပါတယ်။































































ထို့ အပြင် အထင်ကရ အဆောက်အဦးတွေဖြစ်တဲ့ ၀ိဇ္ဇာ သိပ္ပံအဆောက်အဦးတွေ တက္ကသိုလ်ဓမ္မာရုံ၊ တက္ကသိုလ်ဆေးရုံ၊ အားကစားရုံ၊ စာကြည့်တိုက်တို့  အပါအ၀င် ဘွဲ့ နှင်းသဘင်အဆောက်အဦးတို့ ဟာ ရန်ကုန်တက္ကသိုလ်သမိုင်းတွင်မက မြန်မာနိုင်ငံသမိုင်းမှာပါ အရေးပါ အဓိကကျ တန်ဖိုးဖြတ်မရနိုင်တဲ့ အမျိုးသားအရေးအသွင်ဆောင်တဲ့ ကျောင်းသားထုအပေါင်းတို့ ကို ကိုယ်စားပြုတဲ့ သမိုင်းဝင်အဆောက်အဦးကြီးတွေ ဖြစ်ပါတယ်။






























ဒီလို မြန်မာနိုင်ငံရဲ့  လွတ်လပ်ရေးသမိုင်း၊ အမျိုးသားအရေးသမိုင်း ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ တိုင်းရင်သားပြည်သူလူထုအပေါင်းတို့  တန်ဖိုးထား မြတ်နိုးရာ အမိတက္ကသိုလ်ကျောင်းတော်ကြီးကို ထိခိုက်နစ်နာအောင် အမျိုးမျိုးအဖုံဖုံ ဖျက်ဆီးခဲ့ကြသူတွေလည်းဘဲ ရှိခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးကို ပထမဦးစွာ ထိခိုက်စေတဲ့ လုပ်ရပ်ကတော့ - ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  မတရားသိမ်းပိုက်ခဲ့ပြီး အာဏာရူး နေ၀င်း ဘီလူးဆိုင်းနဲ့ စ ကခဲ့တဲ့ ၁၉၆၂ ခုနှစ်အချိန်ကာလမှာ ကျောင်းသားအပေါင်းတို့ ရဲ့  သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို နေ၀င်းအာဏာရူးနဲ့  လက်ပါးစေများက မိုင်းနဲ့ ဖြိုခွဲလုပ်ဆောင်တာကြောင့် ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး ပြိုလဲမြေခခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးကာလမှာလည်း အာဏာရူး စောမောင် သန်းရွှေတို့ ရဲ့  လက်နက်အားကိုးနဲ့  အာဏာသိမ်းမှုနောက် ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့  ၀န်းတံခါးတွေ သော့ချိတ်ပိတ်ဆို့ ထားခံရကာ အဆောက်အဦးတွေ စာသင်ခန်းတွေ အဆောင်တွေလည်းဘဲ အမှောင်အောက်မှာ ပိတ်လှောင်ခံထားခဲ့ရပါတယ်။

“၇ ဇူလိုင်” “ဦးသန့် အရေးအခင်း” “ရှစ်လေးလုံးအရေးတော်ပုံကြီး” အစရှိတဲ့ ကျောင်းတော်သူ ကျောင်းတော်သားအပေါင်းတို့ ရဲ့  အာဏာရှင်စနစ်တိုက်ဖျက်ရေး ကျောင်းသားလှုပ်ရှားမှုကြီးတွေရဲ့  သမိုင်းဝင်နေရာဖြစ်တဲ့ အမိတက္ကသိုလ်ကျောင်းတော်မြေကြီးရဲ့  ဂုဏ်ရောင်ထွန်းပြောင်တောက်ပမှုကို နေ၀င်း စောမောင် သန်းရွှေတို့  အာဏာရူးတွေနဲ့  လက်ပါးစေ စီးပွားရေးအတ္တသမားတွေဟာ ဖျက်ဆီးပစ်ဖို့  ချောင်းမြောင်းနေတယ်၊ ပျက်ဆီးစေအောင် ကြံစည်လုပ်ဆောင်ခဲ့ကြတယ်။

ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင် အဆောက်အဦး ထိပ်မှာလည်း ခေတ်အဆက်ဆက်က သမိုင်းဝင်ကျောင်းသားထုတော်လှန်ရေးနဲ့  အမျိုးသားအရေး အသွင်သဏ္ဍန်ဖြစ်တဲ့ ကဒေါင်းအလံနဲ့  ခွပ်ဒေါင်းအလံတော်တို့ ကို လွှင့်ထူသင့်တဲ့အစား၊ ၁၉၆၂ ခုနှစ် နေ၀င်း အာဏာသိမ်းခဲ့ချိန်ကစလို့  ယခုထိတိုင် အာဏာရူးတို့  သတ်မှတ်တဲ့ အလံတွေကိုသာ လွှင့်ထူထားတာ မြင်တွေ့ နေရပါတယ်။




























































မြန်မာနိုင်ငံရဲ့  သမိုင်းဝင်အဆောက်အဦးတွေ ရှေးဟောင်းအဆောက်အဦးတွေ မြေနေရာတွေကို အကြောင်းအမျိုးမျိုးပြပြီး ပြုပြင်ပြောင်းလဲ လေလံတင်ရောင်းစား မတရားသိမ်းပိုက်မှုတွေဟာ အင်မတန် ရိုင်းစိုင်းစော်ကားတဲ့ လုပ်ရပ်တွေပါ။ ဘုရားကျောင်းကန် မြစ်ချောင်းအင်းအိုင် နေရာဒေသတွေကို အကုန်လုံး ရောင်းစားနေတဲ့ အာဏာရူးတွေနဲ့  လက်ပါးစေ အတ္တသမား စီးပွားရေးသမားကြီးတွေဟာ ဧရာဝတီမြစ်ကြီးပါမချန် ထိခိုက်နစ်နာအောင် လုပ်ကြတဲ့အထိ ရိုင်းစိုင်းလွန်းကြလို့  မြန်မာပြည်သူပြည်သားတွေ ရင်ထဲ အသွေးအသားထဲ နာကျင်စေခဲ့ပါတယ်။

ယခု နောက်ထပ် ရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်ကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့  လှိုင်တက္ကသိုလ်နယ်မြေ (RC 2 Hlaing Campus) က ဒူးယားဆောင်နဲ့  ပုပ္ပါးဆောင်တို့ ကို ဟိုတယ်များအဖြစ် လုပ်ပစ်ဖို့  ကြံစည်နေတာဘဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ကျောင်းသူကျောင်းသားအပေါင်းရဲ့  အသဲနှလုံးကို ဆွဲနှုတ်ယူဖို့  လုပ်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းရဲ့  သမိုင်းဝင် အဆောက်အဦးတွေကို တစ်စစီ ဖျက်ဆီးပစ်မယ့် လုပ်ရပ် ဖြစ်ပါတယ်။



































ယခုနှစ် ဇူလိုင်လကလည်း ရန်ကုန်တက္ကသိုလ်ရဲ့  အဓိကအဆောက်အဦးဖြစ်တဲ့ ဘွဲ့ နှင်းသဘင်အဆောက်အဦးကိုပါ အာဏာရူးတို့ နဲ့  လက်ပါးစေများက ထိပါးဖို့  ကြံစည်ခဲ့ပါတယ်။ ခေတ်အဆက်ဆက်ကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့  အသက်ဖြစ်တဲ့ ဘွဲ့ နှင်းသဘင်အဆောက်အဦးကို ဆေးသုတ်ချယ်လှယ်ခြင်း မပြုလုပ်ကြဘဲ မူရင်းပကတိအတိုင်း အမြတ်တနိုးထားရှိကြပါတယ်။

သိန်းစိန်ရဲ့  လက်အောက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က “ရန်ကုန်တက္ကသိုလ်ကြီးရဲ့  အတွင်းပိုင်း အဓိပတိလမ်းမကြီးတစ်လျှောက်နှင့် အဓိကနေရာများကို ပြန်လည်စိမ်းလန်း စိုပြည်စေရေးအတွက် မကြာမီစတင် ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း” ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ဟာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့  အဓိပတိလမ်းမကြီးပေါ်က ဘွဲ့ နှင်းသဘင်အဆောက်အဦးရဲ့  မူလလက်ရာ ပျက်သွားမယ့် လုပ်ရပ်ကို ပြန်လည်စိမ်းလန်းစိုပြေရေးအကြောင်းပြကာ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

ဒီအပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းကြောင်းမှာ သမိုင်းအစဉ်အလာ ကြီးမားပြီး သက်တမ်းနှစ်ပေါင်း (၁၂၁) နှစ် ရှိနေပြီဖြစ်တဲ့ ၀န်ကြီးများရုံး (ယခင် - အတွင်းဝန်ရုံး) ကို ယခုအခါမှာ စီးပွားရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုမယ့် ကိစ္စတွေနဲ့  ဆက်စပ်ကြည့်မယ်ဆိုရင် သိန်းစိန်တို့ ဟာ ယခုလည်း ရန်ကုန်တက္ကသိုလ်ကြီးရဲ့  အဆောက်အဦးများနဲ့ မြေနေရာများကိုလည်း အပိုင်သိမ်းဖို့  ကြံစည်နေတာ ခြေလှမ်းတစ်စစီ တိုးချဲ့ လာနေတာ သိမြင်လာနေရပါပြီ။

ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့  ရင်သွေးတွေကို ရက်စက်ယုတ်မာရမ်းကားစွာနဲ့  သွေးမြေကျအောင် လုပ်ခဲ့ကြတယ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့  ရင်သွေးတွေကို အမိရင်ခွင်နဲ့  ဝေးအောင် လုပ်ဆောင်ခဲ့ကြတယ်။ အမိတက္ကသိုလ်ကျောင်းတော်ကြီးကို မြတ်နိုးတွယ်တာပြီး ကာကွယ်စောင့်ရှောက်နိုင်မယ့် သားသမီးကျောင်းသားကျောင်းသူတွေနဲ့  ဝေးကွာနေရတဲ့ အမေအို ကျောင်းတော်ကြီးကို အခုအခါမှာ သက်ရာပြည့်အောင်ထိ မထားတော့ဘဲ ခြေလက်ဖြားတွေက စပြီး တစ်စစ ဖြတ်တောက်တော့မယ့် အာဏာရူးတို့ နဲ့  လက်ပါးစေ အတ္တသမား စီးပွားရေူသမားတွေကို ပြတ်ပြတ်သားသား ဆန့် ကျင်ကြဖို့ ၊ ကျောင်းသားထုအပေါင်းရဲ့  အမိတက္ကသိုလ်ကျောင်းတော်ကြီးကို ကာကွယ်စောင့်ရှောက်ပေးကြဖို့  အားလုံးမှာ တာဝန်ကျရောက်ပါပြီ။ အမိတက္ကသိုလ်ကျောင်းတော်ကြီးရဲ့  ရင်ခွင်မှာ တိုးဝှေ့ ခိုလှုံပြီး နွေးထွေးတဲ့  မေတ္တာထွေးပိုက်မှု ကြည်နူးခဲ့ကြတဲ့ သူတိုင်း အမေအိုကြီးရဲ့  ကျေးဇူးကို ဆပ်ဖို့  မိခင်အသက်ဆက်ရှင်ဖို့ အတွက် လက်တွဲဆောင်ရွက်ကြပါစို့ ။

ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့  အဆောက်အဦး မြေနေရာ အစိတ်အပိုင်းကို အာဏာရူးများ ရန်က အတ္တသမားစီးပွားရေးသမားများရန်မှ တစ်လက်မတောင် အထိမခံကြဖို့  ကျူးကျော်သိမ်းပိုက် မခံကြဖို့  ၊ ပြောင်းလဲဖျက်ဆီးမှုကို လက်သင့်မခံကြဖို့  အမိကျောင်းတော်ကြီးရဲ့  ရင်ခွင်လှုံခဲ့ကြသူ သားသမီးတိုင်း ယခုအချိန်က စပြီး လက်တွေ့ ကာကွယ်ကြပါစို့  …

No comments: