Saturday, October 1, 2011

လှည့်ဖြားခံရခြင်း အကြောင်းရင်း (၃) ရပ်။



































၁။ ရိုးသားလွန်းရင်လည်း လှည့်ဖြားခံရတယ်။ (ရိုးသားမှုကို ပြောလိုတာ မဟုတ်ပါ၊ လှည့်ဖြားလိုသူဟာ ကိုယ့်ရဲ့  ရိုးသားမှုကို အသုံးချတာပါ)၊

၂။ အ, လွန်းရင်လည်း လှည့်ဖြားခံရတယ်။ (ဗဟုသုတ၊ အတွေးအခေါ်၊ ပညာအရည်အချင်း နည်းပါးမှု အပါအ၀င် ကိုယ်ပိုင် ဆင်ခြင်စဉ်းစား ဝေဖန်သုံးသပ်နိုင်မှုနဲ့  အမှားအမှန် မခွဲခြားတတ်မှုတွေ မရှိရင်)။

၃။ ယုံလွယ်လွန်းရင်လည်း လှည့်ဖြားခံရတတ်တယ်။ ( အသုံးချ ခံရလိုက်တဲ့ အတွေ့ အကြုံမရှိရင်၊ တစ်ခါသေဖူး ပျဉ်ဖိုး နားမလည်ရင်၊ ပုဂ္ဂိုလ်စွဲ ထားလွန်းရင်၊ ဖြစ်စဉ်တစ်ခုလုံးကို အဆက်အစပ်ရှိရှိ မသိ မကြည့်နိုင်ဘဲ မကြည့်တတ်ဘဲ လတ်တလော ဖြစ်တာကိုလောက်ကိုသာ မြင်တတ် ကြည့်တတ်ရင်၊ ချစ်ခြင်း မုန်းခြင်းမှာ တစ်ဖက်စွန်းရောက်နေရင်၊ ကိုယ်ကျိုးအတ္တနဲ့  လောဘ ဒေါသ မောဟအပေါ် အခြေခံလွန်းရင်)။

အထက်ဖေါ်ပြပါ အချက် (၃) ချက်အပေါ်မှာ မူတည်ပြီး မိမိအပေါ် ယုတ်မာကောက်ကျစ်သူတွေဟာ လှည့်ဖြားတတ်ပါတယ်၊ အသုံးချတတ်ပါတယ်။ သံသယဆိုတာ နေရာတိုင်းမှာ မထားသင့်တာ မှန်ပေမယ့် သတိဆိုတာ ပိုတယ် မရှိသလို၊ တစ်ခါ ခံရရင် လိမ်ညာ လှည့်ဖြားသူတွေရဲ့  အပြစ်၊ နှစ်ခါ ခံရရင်တော့ ကိုယ့်ရဲ့  အသုံးမကျမှုဘဲ။ ကိုယ်ခံလိုက်ရတာ တစ်ဦးတစ်ယောက်အနေနဲ့  ခံရနိုင်ပေမယ့် တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် ပတ်သက်ရင် ကိုယ့်ကြောင့်တော့ မဖြစ်စေချင်ဖူး။ ကိုယ့်အတွက်ကြောင့်နဲ့  တိုင်းပြည်နဲ့  လူမျိုးက အချိန်ကာလကြာမြင့်စွာ ခံစားနေရမယ့် ပေးဆပ်နေရမယ့်အဖြစ်မျိုး ကိုယ်ကိုတိုင်လည်း မလိုလားဖူးဆိုတာပါဘဲ။

အဓိက ဆိုလိုမှုကတော့ အာဏာရူးဆိုတာ မြန်မာပြည်မှာတင်မပြောနဲ့  ကမ္ဘာ့သမိုင်းမှာ နေရာတိုင်း အချိန်ကာလတိုင်းမှာ အသက်သေတဲ့အထိ အာဏာကို လက်မလွှတ်ဘဲ အသေခံ ဆုပ်ကိုင်သွားပါတယ်။ အာဏာရူးတွေ လုပ်တဲ့ အကျင့်ဟာ ချော့မယ် ခြောက်မယ် သွေးခွဲမယ် မက်လုံးပေးမယ် အကြမ်းဘက်မယ်ဆိုတဲ့နည်းတွေကို အခြေအနေအပေါ် မူတည်ပြီး လုပ်စမြဲပါ။ အာဏာရူးတွေ အာဏာကို စွန့် ပစ်သွားရတဲ့ အခြေအနေဟာ တစ်ခုတည်းဘဲ ရှိပါတယ်၊ အဲ့ဒါကတော့ ပြည်သူ့ စွမ်းအားပါဘဲ။ တိုင်းသူပြည်သားတွေ စုစည်းညီညာစွာနဲ့  အာဏာရှင်ကို တွန်းလှန်ဆန့် ကျင်နိုင်တဲ့ အခြေအနေတစ်ခုပါဘဲ။

“ပြည်တင်းလျှင် မင်း မခံနိုင်” ဆိုတဲ့ ဆိုရိုးစကားဟာ မှန်ကန်သော သစ္စာပါ။ ပြည်သူပြည်သားတွေ စုပေါင်းညီညာပြီး တိုင်းပြည်အကျိုး လူမျိုးအကျိုးကို ရှေ့ ရှူထား လုပ်ရင် ညီညီညာညာနဲ့  ပြည်သူ့ ဆန္ဒဖေါ်ထုတ်ရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မင်းအစိုးရဟာ ထင်သလို လုပ်မရဖူးဆိုတာပါ။

ဒီနေရာမှာ သတိကို အစဉ်အမြဲ ရှိကြပြီး လှည့်စားမခံရဖို့ ပါ။ မြန်မာပြည်မှာ နှစ်ပေါင်းကြာရှည်စွာ အာဏာရှင်စနစ် တည်ရှိနိုင်နေတယ်ဆိုတာ မိမိတစ်ဦးချင်းစီက စပြီး လှည့်ဖြားခံနေရဆဲ ဖြစ်လို့ ပါ။

လေးစားလျက် -

နစ်နေမန်း။

No comments: