Sunday, October 23, 2011

ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်း ကွယ်လွန်သွားမှုအတွက် နှမြောတသခြင်း။

အာဏာရှင်တွေရဲ့  မတရားအုပ်စိုးမှု ခေတ်အဆက်ဆက်အောက်မှာ တားမြစ်ပိတ်ပင်ခြင်း အကြိမ်ကြိမ် ခံခဲ့ရပမေယ့် ယုံကြည်ချက်နဲ့  ခံယူချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး ကလောင်အမည်အမျိုးမျိုးနဲ့  ရေးသားခဲ့တဲ့ ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်း မနေ့ ညက ကွယ်လွန်သွားကြောင်း သိရှိရတဲ့အတွက် အထူးဝမ်းနည်းရကာ တိုင်းပြည်နဲ့ လူမျိုးအတွက် တတ်ကျွမ်းတဲ့ အခန်းကဏ္ဍကနေ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့သူတစ်ဦး ဆုံးရှုံးရတာမို့  နှမြောတမ်းတမိရပါတယ်။ ကျန်ရစ်သော မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲရပါတယ်။



































ကဗျာဆရာလှသန်း (ခ) ကြည်မောင်သန်းဟာ ၁၉၉၀ ခုနှစ်အချိန်ကာလက အင်းစိန်အကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် (၃) နှစ်ကျော် အကျဉ်းကျခံခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ကဗျာဆရာလှသန်း (ခ) ကြည်မောင်သန်းဟာ “ကဗျာ သီချင်း ပန်းချီ လူမှုကူညီသူများအဖွဲ့ ” ရဲ့  ဦးဆောင်အဖွဲ့ ဝင်တစ်ဦးလည်း ဖြစ်ပြီး ချစ်မြတ်နိုးတဲ့ ကဗျာများကို တစ်စိုက်မတ်မတ် ရေးဖွဲ့ ရင်း လူမှုကူညီမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းရဲ့  “ဒီပရင်္ဂ” ကဗျာဟာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ဖို့  လုပ်ဆောင်ခဲ့တဲ့ ဒီပဲယင်းဖြစ်ပျက်မှုကို ရေးဖွဲ့ ထားတာ ဖြစ်တယ်လို့  အများပြည်သူက လက်ခံကြတာမို့  အထူး လူသိများခဲ့တဲ့ ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။



































“ဒီပရင်္ဂ”


ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တခု
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့နှစ်ပေါင်း
၇၀၀ကျော်ထဲက ရှိတဲ့မြို့တမြို့
သမိုင်းဝင်မြို့တမြို့။

ဒီမြို့ကို
ဂတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ
ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန်
မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ကို ဒီနာမည်တွင်ခဲ့ရတယ်။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးမဝေးမှာ မူးမြစ်
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်
သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့
စီးပွါးကူးသန်းသွားလာဘို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်စစ်တမ်းတွေအရ
အစည်အကားဆုံးမြို့၁၂ မြို့ထဲက
မြို့တမြို့။

အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့စံနောင်တော်ကြီး
ဒီမြို့ကို အစားရတယ်
စစ်သူကြီးမဟာဗန္ဒုလ
နေမျိုးသူရရဲခေါင်ဘွဲ့နဲ့
ဒီမြို့ရဲ့ မြို့ဝန်။

ဘုံနန်းမြို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီးမဟာဗန္ဒုလ
မင်းတိုင်ပင် အရှင်ဝံသ
အတုလ ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဘူးတယ်။
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်။
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။
ဒီမြို့မှာ
သစ္စာဖေါက်တွေ အတောင်ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ်ကျပျောက်ခဲ့ရတယ်။
ဒီမြို့မှာ
အမျိုးသမီးတယောက်
သေကံမရောက် သက်မပျောက်
ဖြစိခဲ့ရ,တယ်။
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။

တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါသမယမှာ
မိုးရွာဘို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင်အကြောင်း မရှိပေမယ့်
ရုတ်တရက်မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်အောင်ရွာတဲ့မိုးမို့
အညာအခေါ်
ဆင်ရာမိုးတိမ် တဲ့လေ။

မုံရွာ ရေဦးကိုဖြတ်သန်းရင်း
ဒီမြို့ကို
လှမ်းကြည့်လိုက်တဲ့အခါ
အတိတ်တစ္ဆေက
ငါ့ကို ခြောက်လှန့်နေလေရဲ့။

(ကြည်မောင်သန်း)။

ကဗျာဆရာလှသန်း (ခ) ကြည်မောင်သန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကနေ ယခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ ကဗျာများ” အခြားသောကဗျာဆရာများနဲ့ အတူ ၀င်ရောက်အားဖြည့် ရေးသားခဲ့ပါတယ်။

“လွမ်းရသော လွတ်လပ်ရေး”

၁၉၄၈ ခုနှစ်မှာ
မြန်မာပြည်မှာ လွတ်လပ်ရေး ရတယ်
ကမ္ဘာမှာ လူ့ အခွင့်အရေးကြေညာစာတမ်း စ တယ်

မြန်မာပြည်မှာ
လွတ်လပ်ရေးရခဲ့တာ
၆၃ နှစ် ကြာခဲ့ပါပြီ

ငါတို့ က လူ့ အခွင့်အရေးရဖို့  ကြိုးစားနေတုန်း

ကမ္ဘာကြီးမှာက
လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့  …
လူသားဖြစ်မှုတွေကို ဆန့် ကျင်မှုတွေနဲ့  … ။ ။

(ကြည်မောင်သန်း)။

ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းဟာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့  “သိက္ခာရှိသော ပန်းတစ်ပွင့်၊ သတ္တိရှိတဲ့ မိန်းမသား၊ မိခင်ဆန်သော ငှက်၊ မိခင်မုဆိုးမ၊ အိမ်” တဲ့ ကဗျာ (၅) ပုဒ်ကို ရေးဖွဲ့ ခဲ့ပါတယ်။

“သိက္ခာရှိသော ပန်းတစ်ပွင့်”

လှသော ပန်းများနှင့်
မွှေးသော ပန်းများနှင့်
သစ္စာရှိသော ပန်းများနှင့်
ရိုးရိုးသားသား ရဲရဲရင့်ရင့်
အလံကိုတော်ကိုလွှင့်
သိက္ခာရှိသော ပန်းတစ်ပွင့်။

“မိခင်မုဆိုးမ”

လင်ယောင်္ကျားကို သံယောစဉ်မထား
အမှန်တရားကို အားကိုးရှာသူ
သားသမီးတွေနဲ့ မပက်သက်
အနာဂတ်နဲ့ ဆက်ဆံချင်သူ
မြေးကလေးတွေကို တွေ့ချင်စိတ်ထိန်း
ငြိမ်းချမ်းရေးကို မျှော်လင့်နေသူ။

“သတ္တိရှိတဲ့ မိန်းမသား”

တနေ့လာလည်း ဒီနေရာ
တနေ့လာလည်း ဒီနေရာ
ဒါပေမဲ့ သူ့ရုပ်သွင်မြင်ရုံနဲ့
လူတကာက တလေးတစား
ကမ္ဘညကျာ်တဲ့ မကြောက်တရားတွေနဲ့
သတ္တိရှိတဲ့ မိန်းမသား။

ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းဟာ “ပိတ်ဆို့ ထားတဲ့ နေ့ ” ကဗျာကို ရေးဖွဲ့ ပြီး မြန်မာပြည်ကြီးက ဘ၀တွေ၊ ပျောက်သုန်းနေတဲ့ နေ့ တွေ၊ ပိတ်ဆို့ ခံထားရမှုတွေကို ဖေါ်ပြပြီး ရုန်းထွက်တိုးထွက်ကြဖို့  တိုက်တွန်းခဲ့ပါတယ်။

“ပိတ်ထားတဲ့နေ့”

လမိုက်ည
ကောင်းကင်ကြီးက အမှောင်ထဲ လွင့်မျောလို့ရယ်
ကြယ်တွေက မပွင့်တပွင့်
နံရံကမီးခလုတ်ကို ဖွင့်လိုက်တယ်
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

အိမ်တံခါးတွေကို ဖွင့်လိုက်တယ်
နေရောင်က မပွင့်တပွင့်
ပန်းတွေက ပွင့်တချို့ကြွေတချို့
ဒါပေမယ့် နေ့က ပိတ်ထားဆဲ

သတင်းစာကို ဖွင့်ကြည့်တယ်
ရေဒီယိုကို ဖွင့်ကြည့်တယ်
ရုပ်မြင်သံကြားကို ဖွင့်ကြည့်တယ်
ကိုယ့်ရင်ဘတ်ကိုယ်တော့ ဖွင့်ကြည့်လို့မရ
နေ့ကတော့ ပိတ်ထားဆဲ

ဘယ်လိုလုပ်ကြမလဲ
နေ့တဓူဝ(နိစ္စဓူဝ) ဒေါသတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
နေ့စဉ်နဲ့အမျှ ဆာလောင်မှုတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
သားကြောဖြတ်ခံလိုက်ရတဲ့ အနာဂါတ်အတွက်
ဘယ်လို လုပ်ကြမလဲ
ဘယ်လို လုပ်ကြမလဲ
နေ့ကတော့ ပိတ်ထားဆဲ
ပိတ်ထားတဲ့နေ့ကိုဖွင့်ဖို့ သော့တစ်ချောင်း
ဘယ်သူ့ဦးခေါင်းထဲမှာ ရှိသလဲ
ကျွန်တော် လိုက်ကြည့်နေမိတယ်။

ပိတ်ထားတဲ့နေ့ကိုဖွင့်မယ့် သော့တစ်ချောင်း
ကျွန်တော့်လက်မောင်း မဖြစ်နိုင်ဘူးလား။ ။

ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းရဲ့  “လူငယ်ဘ၀ ကွယ်လွန်ခြင်း” ဆိုတဲ့ ကဗျာလေးဟာ ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းရဲ့  လူငယ်ဘ၀ဖြတ်သန်းမှုနဲ့  သူ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလအခြေအနေကို ဖေါ်ပြထားပြီး၊ ယနေ့ လက်ရှိလူငယ်တွေအတွက် ရရှိနေတဲ့ ခေတ်ကာလသစ်ရဲ့  တိုးတက်မှုတွေအပေါ် အမှီပြုပြီး မှန်ကန်သောဘ၀ တိုးတက်ကောင်းမွန်မှုနဲ့  တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် ဆထက်တံပိုး ကြိုးစားဆောင်ရွက်ကြဖို့  တိုက်တွန်းမှုတစ်ခုလို့  ကောက်ချက်ချမိပါတယ်။ ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းရဲ့  ဘ၀ကြိုးပမ်းအားထုတ်မှုတွေနဲ့  အများပြည်သူကို အလင်းရောင်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်မိပါတယ်။

“လူငယ်ဘ၀ ကွယ်လွန်ခြင်း”

ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဘာသာစကားပြောသင်တန်းတွေ
ကွန်ပျူတာသင်တန်းတွေ
အောင်လက်မှတ်တွေ မရှိခဲ့ပါ

ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်း မရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်သေတ္တာပဲ ရှိခဲ့ပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရုပ်ရှင်ရုံသည်သာ အငြိမ်းချမ်းဆုံးနားခိုရာ
တစ်ခါတရံစိတ်ပြေပျောက်စရာ
အပြာရောင်စာအုပ်များနဲ့သာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
စက်ဘီးလေးတစ်စီးတောင် မရှိခဲ့သလို
ရည်းစားလည်းတစ်ယောက်မှ မရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဘီယာဆိုင်တွေနိုက်ကလပ်တွေ မရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်သာ
ကျွန်တော့်ရဲ့ကမ္ဘာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ခပေါင်းစီးကရက်တစ်ဘူးနဲ့
မြို့ပတ်ရထားကို မူးအောင်စီးခဲ့ဖူးပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
လူငယ့်ရေးရာညကျောင်းတစ်ကျောင်း ရှိခဲ့သလို
ရန်ကုန်မြို့လည်ပလက်ဖောင်းဟာလဲ
သင်တန်းကျောင်းကြီးတစ်ကျောင်းပါပဲ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဒိုင်ယာရီစာအုပ်လွယ်အိတ်ထဲထည့်လို့ေ လျှာက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေ အော်ဆိုခဲ့တာ
အနာဂါတ်လွမ်းချင်းကဗျာတွေ ရေးသားခဲ့တာ

အခုတော့
ကျွန်တော့်ရဲ့လူငယ်ဘ၀လေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံးကို ဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့ လူငယ်ဘ၀လေးဟာ
နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပါပြီ။ ။


ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းရဲ့ “လက်မရွံ့ကဗျာ” စာအုပ်မှာ ရေးသားခဲ့တဲ့ ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းရဲ့  ရင်တွင်းက စကားတွေဟာ မှန်ကန်သော သစ္စာစကားတွေဖြစ်ပါတယ်။ ဆရာရဲ့  အဓိပ္ပါယ်ပြည့်ဝလွန်းတဲ့ စကားကို ကြားရလို့  လေးစားဂုဏ်ယူရပါတယ်။

“သူများသီချင်းသံစဉ်တွေကို စာသားသွပ်ရတဲ့ ကော်ပီသီချင်းရေးသမားဘ၀ကို ကျွန်တော် မရွေးချယ်ခဲ့ဘူး။

ပေါတောတော ရုပ်ရှင်တွေ ဗီဒီယိုတွေအတွက် ဇာတ်ညွှန်းရေးတဲ့အလုပ်ကို ကျွန်တော် မရွေးချယ်ခဲ့ဘူး။

သတ်ပုံတောင် သေသေချာချာ မသိတဲ့ အရေခြုံ အယ်ဒီတာဘ၀ကို ကျွန်တော် မရွေးချယ်ခဲ့ဘူး။

သတင်းလို့ ထင်ရတဲ့ အတိုအစတွေ ရေးပြီး ခြောက်စားမြှောက်စားလုပ်တဲ့ အောက်တန်းစား စာနယ်ဇင်းသမားဘ၀ကို ကျွန်တော် မရွေးချယ်ခဲ့ဘူး။

ဘ၀မှာ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ ခက်ခဲမယ်၊ ဒုက္ခရောက်မယ်ဆိုတာ သိသိနဲ့ ကျွန်တော် ကဗျာဆရာဘ၀ကိုပဲ ကျေကျေနပ်နပ် ရွေးချယ်ခဲ့ပါတယ်။

ပတ်ဝန်းကျင်မှာ ကားပွဲစားလောက်မှ၊ ချဲထီရောင်းသူလောက်မှ လူအထင်မကြီးတဲ့ ကဗျာဆရာဘ၀ကိုပဲ သေသေချာချာ ရွေးချယ်ခဲ့ပါတယ်။”

ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်း ကွယ်လွန်သွားခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါတယ်။

ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းရဲ့  ကဗျာလေးများ ထာဝရ တည်တံ့နေမှာ ဖြစ်သလို၊ ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းကို ကဗျာချစ်သူ အမှန်တရား မြတ်နိုးသူများက အောက်မေ့တမ်းတ လွမ်းဆွတ်နေကြမှာပါ။

ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်း ကောင်းမွန်ရာ ဘုံဘ၀ ရောက်ရှိမှာ မလွဲပါဖူး။

No comments: