Tuesday, November 1, 2011

သားအဖနှစ်ယောက်ကို အမြန်ဆုံး ပြန်လည်ဆုံတွေ့ ခွင့် ပြုသင့်နေပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ ဧရာဝတီတိုင်း စည်းရုံးရေး တာဝန်များကို ထမ်းဆောင်နေသူ မသန္တာဟာ အင်းစိန်ထောင်မှာ နိုင်ငံရေးမှုဖြင့် ထောင်ဒဏ် (၂၉) နှစ် ကျခံနေရာက ပြီးခဲ့တဲ့ (၂၇) ရက်နေ့  မနက်က နှလုံးဝေဒနာ ပြင်းထန်စွာ ခံစားရသည့်အတွက်၊ ရန်ကုန် အင်းစိန်ဆေးရုံသို့  တင်ခဲ့ရပါတယ်။
















ဒီတစ်ကြိမ်နဲ့ ဆို အင်းစိန်ဆေးရုံသို့  တင်ခဲ့ရတာ သုံးကြိမ် ရှိခဲ့ပြီး၊ ကျောက်ကပ်ရောင်ရောဂါနှင့် နှလုံးရောဂါခံစားနေရသူ ဖြစ်ပါတယ်။ မသန္တာကို ယခုအချိန်ထိ ဆေးထိုး ဆေးသွင်း၊ ဆေးတိုက် လုပ်နေပေမယ့် မည်သည့်ရောဂါ ဖြစ်သည်ကို သက်ဆိုင်ရာ ဆရာဝန်တို့ မှ အဖြေ မပေးတာကြောင့်၊ မိတ်ဆွေများမှ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။

ဒီတခေါက် ဆေးရုံတင်တာ ယခင်အကြိမ် တင်တုန်းကနဲ့  မတူဘူး၊ တော်တော်ပိန်သွားတော့ စိုးရိမ်တယ်လို့  အလုံမြိုနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုလူမော်လတ် က ပြောပါတယ်။

မသန္တာဟာ တစ်ဦးတည်းသော သမီး ဖြစ်ပြီး၊ ၄င်း၏ ဖခင် ဦးခင်ညိုမှာလည်း လွန်ခဲ့သော နှစ်နှစ်ခွဲခန့် က သမီးထောင်ဝင်စာ သွားတွေ့ ရန် စီစဉ်နေရင်းမှ ရုတ်တရက် လေဖြတ်ခဲ့သည့် အတွက် အလုံမြိုနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်တာဝန်ခံ ကိုလူမော်လတ်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  တင်ပြီး ဆေးကုပေးခဲ့ရပါတယ်။

ယခု အချိန်မှာ မသန္တာရဲ့ ဖခင် ဦးခင်ညိုဟာ နှလုံးအမောဖောက်ပြီး ကျန်းမာရေး အတော်ဆိုးဝါးနေပါတယ်။ ယခုအချိန်ထိ မသန္တာရဲ့  ထောင်ဝင်စာနှင့် ၄င်းရဲ့ဖခင် လေဖြတ်နေသူ အသက် (၈၁) နှစ်ကျော် ဦးခင်ညို ရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးတို့ကို ကိုလူမော်လတ်မှ တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။



မသန္တာရဲ့ ဖခင် ဦးခင်ညိုဟာ အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးတာဝန်များကို ထမ်းဆောင်ခဲ့တာကြောင့် ကိုလူမော်လတ်မှ တာဝန်ယူဆောင်ရွက်နေတာလို့  သိရှိရပါတယ်။ ကိုလူမော်လတ်ရဲ့ ဖခင် အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးဘမြင့်ဟာလဲ ဗန်းမော်ထောင်မှာ အနှစ်၂၀ ကျခံနေရပါတယ်။ ကိုလူမော်လတ်ဟာ ဖခင်ဖြစ်သူ အနှစ် ၂၀ ကျခံနေရတာကြောင့်တစ်ကြောင်း၊ မသန္တာတို့သားအစ်ဖကို တာဝန်ယူ စောင့်ရှောက်ရတာက တစ်ကြောင်းမို့  အခက်အခဲများ ရှိနေတယ်လို့ သိရှိရပါတယ်။






























မသန္တာတို့  သားအစ်ဖအတွက် မိဘရဲ့ ဘ၀ နောက်ဆုံး နေ၀င်ချိန်မှာ မိဘနဲ့ သားသမီး ပြန်လည်ပေါင်းစည်းခွင့်ပေးဖို့ ကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကိုလူမော်လတ်မှ မေတ္တာရပ်ခံတယ်လို့ပြောပါတယ်။

No comments: