Friday, November 11, 2011

“၁၁ ၁၁ ၁၁” ရဲ့  လိုရာဆန္ဒ။
























ရိုးရိုးကြည့်ရင် ၁၁ ၁၁ ၁၁ မှာ ဂဏန်းနံပါတ် ၁ ခြောက်လုံးပါတယ်။ ရက်အချိန်ကာလအနေနဲ့  ကြည့်ရင် ၂၀၁၁ ခုနှစ်၊ ၁၁ လပိုင်း (၁၁) ရက်နေ့  ….

ဒီနေ့ ရက်ရဲ့  ဂဏန်းနံပါတ် ၁ ခြောက်လုံးကို ကြည့်ရင် ၁၁ ၁၁ ၁၁။ ၁၁ ဂဏန်းရဲ့  ဂုဏ်အင်္ဂါမှာ တရားမျှတခြင်းနဲ့  ညီတူညီမျှဖြစ်ခြင်းဆိုတဲ့ အသွင်ဆောင်ပါတယ်။ ဒီ ၁၁.၁၁.၁၁ ရက်ကာလဆိုတာ နှစ်ပေါင်းတစ်ရာနေမှ တစ်ခါသာ ကြုံရမယ့် ရက် ဖြစ်ပါတယ်။

ယနေ့ ကျရောက်တဲ့  ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ ကို မင်္ဂလာရက်ကောင်းရက်မြတ်အဖြစ် ကမ္ဘာတစ်ဝှမ်းလုံးက ပြည်သူပြည်သားတွေ ခံယူကြပါတယ်။ ဂဏန်းနံပါတ်လက္ခဏာအရ ထူးခြားတဲ့ ၁၁.၁၁.၁၁ လို့  သိသာသလို ၁ ဂဏန်းနံပါတ်ဟာ အောင်မြင်မှုကို ဦးထိပ်တည်တယ် အောင်မြင်မှုရဲ့  အသွင်အမှတ်အသားဖြစ်တယ်လို့  လက်ခံယုံကြည်ကြတဲ့အတွက် ယခုလို ဂဏန်းနံပါတ် ၁ တူညီစွာ ဖြစ်ပေါ်တဲ့ ယနေ့  ၁၁.၁.၁၁၁ ရက်ကို မင်္ဂလာရက်မြတ်လို့  အထူးကြိုဆိုကြတာ ဖြစ်ပါတယ်။ စီးပွားရေး လူမှုရေး နိုင်ငံရေး အစစအရာရာမှာ အောင်မြင်မှု အထူးသဖြင့် ငြိမ်းချမ်းသာယာမှုကို ရရှိစေမယ့် မင်္ဂလာရက်မြတ်အနေနဲ့  ယနေ့ မှာ ဆုတောင်းမှု ပြုကြခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ကောင်းမွန်စေဖို့ အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြခြင်းတို့ ကို ပြုလုပ်ကြပါတယ်။

ယနေ့  ဒီနေ့ ဒီရက်မှာ မွေးဖွားကြသူများကနေ မွေးနေ့ ဆုတောင်းများ အထူးတလည် ပြုလုပ်ကြခြင်းတို့ အပြင် ချစ်သူခင်သူ မြတ်နိုးစုံဖက်သူများကလည်း ဒီနေ့ ဒီရက်ကို ကြိုတင်လျာထားကြပြီး ထိမ်းမြားမင်္ဂလာဆောင်ပွဲများ တစ်ခမ်းတနား ပြုလုပ်ကြပါတယ်။

မြန်မာနိုင်ငံက နက္ခဗေဒပညာရှင် ဆရာစံဇာဏီဘို ပြောကြားမှုကိုလည်း အမှတ်တရ ဖေါ်ပြရရင် -

“၁၁.၁၁.၁၁” အ ပေါ်မှာ ကျနော်တို့ အယူအဆအရ အပြောင်းအလဲတွေ ထူးထူးခြားခြား ဖြစ်မယ်လို့ အယူအဆ ရှိတယ်။ ကောင်းသော အပြောင်းအလဲ ဖြစ်မယ်လို့လည်း ကျနော် ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုဝင်ဘာ ၁၁ ဆိုတဲ့ ဂဏန်းအပေါ်မှာ ကျနော်တို့ အများကြီး မျှော်လင့်ချက်ထားတယ်။ အများကြီး မျှော်လင့်ချက် ထားရခြင်း အကြောင်းအရာက သမိုင်းကြောင်းရှိတယ်။

လွန်ခဲ့တဲ့ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ရဲ့ ၁၁ နာရီအချိန်မှာ ပထမကမ္ဘာစစ်တခုကို အဆုံးသတ်တယ်။ အဲဒီနေရာမှာ အနိဋ္ဌာရုံတွေလည်း ရှိတယ်။ ကောင်းခြင်းတွေလည်း ရှိတယ်။ အဲဒီ ပထမကမ္ဘာစစ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက လူတွေ အိုးအိမ်မဲ့ ၆၅ သန်း ဖြစ်တယ်။ လက်နက်ထိပြီး သေတာက ၈ သန်းခွဲ။ ဒုက္ခိတဖြစ် ခြေတွေလက်တွေ ပြတ်ပြီး ဘဝမှာ ဒုက္ခရောက်သူက ၂၁ သန်း၊ အဖမ်းခံရတဲ့ သုံ့ပန်းက ၈ သန်း၊ အစာငတ်သေတဲ့လူတွေက ၆ သန်း အဲဒီလိုရှိတဲ့ အကြောင်းအရာကြီးတခု ရပ်သွားတယ်။

၎ နှစ်၊ ၃ လနဲ့ ၉ ရက် တိုက်ပွဲဝင်ခဲ့တဲ့ တိုက်ပွဲကြီးလည်း ရပ်သွားတယ်။ ပြီးတော့ တိုင်းပြည်အသစ်တွေ ပေါ်လာတယ်။ နိုင်ငံသစ်တွေပေါ်ပေါက်လာတယ်။ အထူးသဖြင့် ပထမဦးဆုံး ဩစတြေးလျား၊ နောက်ပြီးတော့ ချက်ကိုစလိုဗက်ကီးယား ဒါတွေပေါ်တယ်။ ဒီ့ပြင် ကမ္ဘာကြီးတွေ၊ တကယ့် အင်ပါယာကြီးတွေ ပျက်ပြီးတော့ ထူးခြားတဲ့ အပြောင်းတွေ ရှိတယ်။ အဲဒါက ၁၁-၁၁-၁၁ တစ်ခြောက်လုံးကို ယူလိုက်တဲ့ အဖြစ်အပျက်။

“တစ် ခြောက်လုံးဆိုတာက နိုဝင်ဘာ ၁၁ ရက် ၁၁ နာရီကို ယူတဲ့ကိစ္စ အဲဒီအယူအဆ သမိုင်းကြောင်း ရှိတဲ့အတွက် အခု လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်တာ၊ လက်နက်နဲ့ထိပြီး သေကြတာ၊ ဒုက္ခိတ ဖြစ်တဲ့လူတွေ၊ ထောင်ထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အစာငတ်ပြီး သေလုမျောပါး ဖြစ်နေတဲ့လူတွေ၊ သေခဲ့တဲ့လူတွေ ဒီဟာတွေ အကုန်လုံးကို ဗမာပြည်မှာ မရှိတော့ဘဲနဲ့ ကောင်းတဲ့ဘက်ကို ယူမယ်။ နောက်ပြီးတော့ အရင်တုန်းက အင်ပါယာကြီးတွေ ပျက်သွားသလိုပဲ ဂျာမန်တို့ ဘာတို့ရဲ့ အင်ပါယာကြီးတွေ ပျက်သွားပြီးတော့ အသစ်တွေ ဖြစ်လာသလိုပဲ ပြည်တွင်းမှာ ရှိတဲ့ လူနည်းစုတွေ၊ ဘာသာလူမျိုး ကွဲတဲ့သူတွေရဲ့ သီးသန့်အခြေအနေသစ်တွေ ပေါ်လာသလို နိုင်ငံသစ် ပုံစံသစ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှေ့ကို ပြောင်းလဲတဲ့ ဖြစ်ရပ်တွေ ဖြစ်မယ်လို့ ကျနော်တို့ ဒီ `တစ်´ခြောက်လုံးနဲ့ ပတ်သက်တဲ့ အယူအဆကို တိကျစွာ တင်ပြပါတယ်” လို့  ဆရာစံဇာဏီဘိုက ပြောကြားတာ ဖြစ်ပါတယ်။

ယနေ့  နိုဝင်ဘာလ (၁၁) ရက်နေ့ ကို အထူးသဖြင့် ဒီနှစ်မှာ ကျရောက်တဲ့ ၁၁.၁၁.၁၁ နေ့ အနေနဲ့  မှတ်သားဖွယ်ရာတွေကို ဖေါ်ပြရရင် -

“Remembrance Day - အောင်းမေ့ဖွယ်နေ့ “ လို့  နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ (၁၁) ရက်နေ့ ကို ကနေဒါနိုင်ငံနဲ့  သြစတြေလျနိုင်ငံတို့ မှာ သတ်မှတ်ထားကြပါတယ်။ အမေရိကန်နိုင်ငံမှာလည်း အလားတူ ဒီနေ့ ကို “Veterans Day” အဖြစ် သတ်မှတ်ထားပါတယ်။

နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ (၁၁) ရက်နေ့ ရောက်ပြီဆိုရင် နံနက် (၁၁) နာရီတိတိ အချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့  တစ်မိနစ်တာ ငြိမ်သက်စွာ နေပေးပြီး အောင်းမေ့ဖွယ်အဖြစ် ဆုတောင်းငြိမ်သက်ပေးကြရတာပါ။ ဒီလို အောင်းမေ့ဖွယ်အဖြစ် ငြိမ်သက်ဆုတောင်းပေးကြမှုကို ဌာနဆိုင်ရာအသီးသီး၊ စက်ရုံအလုပ်ရုံ ဆေးရုံ ကျောင်း အများပြည်သူနေရာတွေမှာတင်မကဖူး မိမိတို့ နေအိမ်တွေကအစ နေရာတိုင်းမှာ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဒီလို ငြိမ်သက်ဆုတောင်းမှုကို ဆောင်ရွက်နိုင်အောင်လည်း နိုဝင်ဘာလ (၁၁) ရက်နေ့  နံနက် (၁၁) နာရီအချိန်မရောက်ခင်ကတည်းက ရေဒီယိုအသံလွင့်ဌာနတွေကို ကြိုတင်အသိပေးချက် ထုတ်လွှင့်ပြောဆိုပါတယ်။ မိမိတို့ ရောက်နေတဲ့ နေရာ ရောက်နေတဲ့အရပ် လုပ်နေတဲ့ အလုပ်တွေကို ခေတ္တရပ်တန့် ပြီး တစ်မိနစ်တာ ငြိမ်သက်စွာ နေပေးကြရတာပါ။

ဘာလို့  နိုဝင်ဘာလ (၁၁) ရက်နေ့ ကို ဒီလို တစ်မိနစ်တာ ငြိမ်သက်စွာ နေပေးပြီး အောင်းမေ့ဆုတောင်းကို လုပ်ကြရတာလည်းဆိုတော့ - လူသားအသီးသီး နိုင်ငံဒေသများစွာမှာ အတိဒုက္ခရောက် သေကြေပျက်ဆီးခဲ့ကြရတဲ့ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားမှုကို တရားဝင် ရပ်တန့် ပြီးဆုံးလိုက်ကြတဲ့ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ ကို ကမ္ဘာ့ပြည်သူုပြည်သားတွေက စစ်ပွဲတွေ ရပ်ဆိုင်းသွားမှု ဘေးအန္တရာယ်ကင်းရှင်း ငြိမ်းချမ်းမှုကို တောင့်တရရှိမှုတို့ ကြောင့် ဒီနေ့ ဒီရက်ကို အမှတ်တရအောင်းမေ့ သတ်မှတ်ကြသလို၊ စစ်ပွဲတွေ တိုက်ပွဲတွေအတွင်း သေကြေပျက်ဆီးမှုတွေကို အသက်ဆုံးရှုံးရသူတွေကို နာကျင်ခံစားမိရလို့  နောက်နောင် စစ်မက်ဖြစ်ပွားမှုတွေကို မလိုလား ငြိမ်းချမ်းသာယာမှုကိုသာ ရရှိလိုကြမှု ဆန္ဒပြုဆုတောင်းကြတဲ့အနေနဲ့  ယခုလို “Remembrance Day - အောင်းမေ့ဖွယ်နေ့ “ အဖြစ် ပြုလုပ်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဒီတော့ နိုဝင်ဘာလ (၁၁) ရက်နေ့ ဟာ လူသားတိုင်းအတွက် ငြိမ်းချမ်းသာယာမှု ပြည့်စုံစေဖို့ ၊ စစ်မက်ဖြစ်ပွားမှုတွေ ရပ်တန့် ကြဖို့  မပေါ်ပေါက်ကြဖို့  အထူးရည်ရွယ်တဲ့ နေ့ ကောင်းတစ်ရက် ဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းတို့ ရဲ့  အသက်အိုးအိမ်စည်းစိမ်တွေ ပျက်သုံးနေရဆဲဖြစ်တဲ့ ယနေ့  ဒီရက်အပါအ၀င် ရက်ကာလတွေမှာ စစ်မက်တွေ ဖြစ်ပွားနေမှုတွေကို ကျွန်တော်တို့  အမိမြန်မာနိုင်ငံမှာ အမြန်ဆုံး ရပ်တန့် စေချင်ပါပြီ။

တိုင်းပြည်နဲ့  ပြည်သူပြည်သားများအတွက် ငြိမ်းချမ်းသာယာအေးချမ်းမှုကို အမှန်တကယ် လိုလားသူတွေဆိုရင် အထူးးအဓိကအနေနဲ့  တိုင်းပြည်ကို အုပ်ချူပ်နေကြသူတွေက စတင်ပြီး စစ်ပွဲတိုက်ပွဲတွေကို ရပ်ဆိုင်းကာ ငြိမ်းချမ်းမှုကို အကြမ်းမဘက်ဘဲ အမှန်တကယ် ဆောင်ရွက်သင့်ပါပြီဆိုတာကို ပြောကြားလိုပါတယ်။

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့  - အထူးနေ့ ရက် ၁၁.၁၁.၁၁ မှ စ၍ မြန်မာနိုင်ငံတော်ကြီးမှာ မှီတင်းနေထိုင်ကြသူများအားလုံး ငြိမ်းချမ်းသာယာကြပြီး ဘေးဘယာဝေးကွာကြပါစေ၊ စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ၊ လိုရာဆန္ဒ ပြည့်ဝကြပါစေလို့  ဆုတောင်းအပ်ပါတယ်။

No comments: