Monday, January 23, 2012

ရောဂါဝေဒနာရယ် ညဉ်းပမ်းနှိပ်စက်မှုခံရတဲ့ ဒဏ်တွေကြောင့်ရယ် ထောင်မှလွတ်လာပြီး တစ်ပါတ်မှာ ကွယ်လွန်သွားရရှာတဲ့ နိုင်ငံရေးအကျဉ်းသား ဦးသက်နွယ် (ခ) ညိမ်းလူ။

ယခုလ ဇန်န၀ါရီလ (၁၃) ရက်နေ့ မှာ အကျဉ်းထောင်တွေထဲကနေ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်တဲ့ ဦးသက်နွယ် (ခ) ညိမ်းလူလည်း ပါခဲ့ပါတယ်။
























ထောင်တွင်းမှာ ပြင်းထန်စွာ ခံစားခဲ့ရတဲ့ ရောဂါဝေဒနာအပြင် လွန်ကျူးစွာ ညဉ်းပမ်းနှိပ်စက်ခံရတဲ့ဒဏ်တွေကြောင့် ယခုလို ထောင်က လွတ်လာပြီး မကြာခင်အချိန်လေးမှာဘဲ အသက်ဆုံးရှုံးသွားရတဲ့အထိ ကြေကွဲဖွယ် ကြုံတွေ့ ရပါတယ်။

ဦးသက်နွယ် (ခ) ညိမ်းလူကို အာဏာရှင်အုပ်စုက ၂၀၀၂ခုနှစ် မှာ ဗုံးဖောက်ခွဲမှုဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံစေခဲ့တာ ဖြစ်ပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၃ ၊ ၁၇/၁ ၊ ၁၃/၁ နဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုသက်နွယ်(ခ) ညိမ်းလူဟာ ကျန်းမာရေးအခြေအနေ မကြာခဏ ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရပါတယ်။ အင်းစိန်ထောင်ထဲမှာ သတိလစ်မေ့မောသွားတဲ့အထိဖြစ်ခဲ့တာကြောင့် အင်းစိန်ထောင်ထဲကနေ အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပေမယ့် နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ဦးသက်နွယ် (ခ) ညိမ်းလူကို အင်းစိန်ပြည်သူ့ ဆေးရုံက တာဝန်ရှိသူတွေကလည်း ကြပ်ကြပ်မတ်မတ် ပြုစုကုသပေးခဲ့တာမရှိတဲ့အပြင် ဆိုးရွားစွာ ဆက်ဆံခဲ့ပါတယ်။

ထို့ အပြင် ဦးသက်နွယ် (ခ) ညိမ်းလူဟာ အဆုတ်နဲ့  အသည်းရောဂါဝေဒနာကိုသာမက မတရားဖမ်းဆီးစွပ်စွဲခံရစဉ်က စစ်ကြောရေးမှာ ထောက်လှမ်းရေးအဖွဲ့  (၂၆) ရဲ့  ပြင်းထန်စွာနှိပ်စက်မှုကြောင့် ဦးနှောက် အာရုံကြောတွေ ထိခိုက်ခဲ့ရပါတယ်။ စိတ်ရောဂါအထူးကုဆေးရုံနဲ့  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့  ပို့ ဆောင်ပေးခဲ့ပေမယ့် ထုံးစံအတိုင်း သင့်လျော်တဲ့ ဆေးကုသမှုကို မရရှိခဲ့ဘဲ၊ ဆေးရုံကနေ ထောင်တွင်းကို ပြန်ထည့်တဲ့အခါမှာ အမှန်တကယ် ရူးသွပ်တာမဟုတ်ဘဲ ညဉ်းပမ်းနှိပ်စက်ခံရလွန်းလို့  စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်တာကို လစ်လျူရှုပြီး ထောင်တွင်းက အရူးတိုက်ထဲမှာ ချုပ်နှောင်ထားခဲ့ပါတယ်။






























ဒီလိုနဲ့  ရောဂါဝေဒနာကို ပြင်းထန်စွာခံစားရင်း ညဉ်းပမ်းနှိပ်စက်မှုနဲ့  ထောင်သွင်းအကျဉ်းချခံထားခဲ့ရမှုဒဏ်တွေကြောင့် နိုင်ငံရေးအကျဉ်းသား ဦးသက်နွယ် (ခ) ညိမ်းလူဟာ ထောင်က လွတ်မြောက်လာပြီး တစ်ပါတ်အကျော် မနေ့  ဇန်န၀ါရီလ (၂၂) ရက်နေ့ မှာ ကွယ်လွန်သွားရှာပါတယ်။

ဒီလို ရောဂါဝေဒနာခံစားနေခဲ့ရသူ နိုင်ငံရေးအကျဉ်းသား ဦးသက်နွယ် (ခ) ညိမ်းလူ တစ်ယောက် လူသားချင်းမဆန်စွာနဲ့  ထောင်တွင်းအရူးတိုက်ထဲ ပိတ်လှောင်ထည့်ခဲ့တဲ့ အင်းစိန်ထောင်က တာဝန်ရှိသူများကို ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ ထို့ အတူ စစ်ကြောရေး စခန်းမှာ လူသားတစ်ဦးကို ရိုင်းစိုင်းစွာ ညဉ်းပမ်းနှိပ်စက်ခဲ့ကြတဲ့ ထောက်လှမ်းရေးအဖွဲ့ ဝင်များနဲ့  ဖမ်းဆီးအကျဉ်းချသူများကိုလည်း လူသားမဆန်သော ရိုင်းစိုင်းသူများအဖြစ် သတ်မှတ်ရှုတ်ချလိုက်ပါတယ်။

ဦးသက်နွယ် (ခ) ညိမ်းလူလို မတရားစွပ်စွဲ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ထောင်တွင်းမှာ လစ်လျူရှုပစ်ပယ်ခံရ ညဉ်းပမ်းနှိပ်စက်ခံရလို့  အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မနည်းခဲ့ပါဖူး။ ဒီကိစ္စတွေမှာ တိုင်းပြည်ကို တရားဥပဒေနဲ့ အညီ အုပ်ချူပ်နေပါတယ်ဆိုတဲ့သူတွေမှာ အထူးတာဝန်ရှိပါတယ်။

ယခုလို နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ဦးသက်နွယ် (ခ) ညိမ်းလူ ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါတယ်လို့  ပြောကြားအပ်ပါတယ်။

No comments: