Sunday, January 15, 2012

၂၀၀၈ ကို တိုက်ဖျက်နိုင်မယ့်လူဟာ ပြည်သူလူထုပဲဖြစ်ပါတယ်။

၂၀၀၈ ကို တိုက်ဖျက်နိုင်မယ့်လူဟာ ပြည်သူလူထုပဲဖြစ်ပါတယ်။

ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၃၀၀ လောက်ကို လွှတ်ပေးလိုက်တယ်ဆိုတာ သမ္မတကြီးရဲ့ စေတနာတို့ လက်ရှိ အစိုးရအဖွဲ့ရဲ့ အပြုသဘောဆန်တဲ့ အပြောင်းအလဲတွေဖြစ်ပါတယ်လို့ ပြောရင် ကျနော်လက်မခံဘူးလို့ တင်ကြိုပြောထားပါရစေ။

အကြောင်းတရားဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြော စေ့စပ်မှုကနေ ပေါ်ထွက်လာတဲ့ရလဒ် တခုအနေနဲ့ပဲသုံးသပ်ပါတယ်။ နှစ်ဖက်စလုံးမှာ အပေးအယူတွေရှိပါတယ်။ တဖက်က ထိပ်တိုက်ရင်ဆိုင်မှု ကို မလုပ် တော့တာ၊ ၂၀၀၈ ဖွဲ့စည်းပုံလမ်းကြောင်းထဲကို ၀င်ရောက်ပါဝင်လိုက်တာတွေကို တဖက်က ပြန်ပြီးတုံ့ပြန်ပေး လိုက်တဲ့ အကျိုးတွေပဲလို့ မြင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးပါဘူး။ အများကြီးကျန်နေပါသေးတယ်။ ထင်ရှားတဲ့ လူတွေကလွဲရင် မထင်ရှားတဲ့လူတွေကို ရာဇ၀တ်မှုပုဒ်မတွေတပ်ပြီး ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေပါသေးတယ်။

KNU နဲ့ စေ့စပ်တယ်၊ ABSDF ကို ကမ်းလှမ်းတယ်၊ ဒါပေမယ့် တပြည်လုံး အပစ်အခတ်ရပ်စဲရေး မဖြစ်သေးပါဘူး၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်မလာသေးပါဘူး။

နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့်ရပေမယ့် လွပ်လပ်တဲ့ အသင်းအဖွဲ့တွေ၊ သမဂ္ဂတွေ၊ အစည်းအရုံးတွေ ထူထောင်ခွင့်မရသေးပါဘူး၊ ဂျာနယ်တွေမှာ တချို့ သတင်းတွေ ဓာတ်ပုံတွေနဲ့ ဖော်ပြခွင့်ရပေမယ့် လွပ်လပ်စွာရေးသားထုတ်ဝေခွင့် မရသေးပါဘူး၊ ကြိုတင်အကြောင်းကြားခွင့်တောင်းမှုတွေလုပ်ခဲ့ပေမယ့် လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်တွေကို ခွင့်မပြုသေးပါဘူး။ တခွန်းတည်းနဲ့ပြောမယ်ဆိုရင် ပြည်သူ့လွပ်လပ်ခွင့်ဆိုတဲ့ ဒီမိုကရေစီအခွင့်အရေးတွေမရသေးပါဘူး။

ဒီမိုကရေစီအခွင့်အရေးတွေကို ချုပ်ကိုင်ထားတဲ့အရာက ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ဦးသိန်းစိန် အစိုးရက ဆောင်ရွက်နေတာဖြစ်ပါတယ်။ ၂၀၀၈ ကို လက်မခံတဲ့လူတွေကို လက်ခံလာအောင် လုပ်ဆောင်သွားမယ်ဆိုတာ NLD ရွေးကောက်ပွဲလမ်းကြောင်းကို ၀င်တဲ့ ပုံစံမျိုးလို့ မြင်နိုင်ကြမယ်ထင်ပါတယ်။

၈၈ မျိုးဆက်တွေကို ၃ ပိုင်းကွဲသွားတာမျိုး မဖြစ်စေချင်ပါ။ ပါတီထောင်မယ့်အစု၊ NLD ထဲဝင်ပြီး ဆောင်ရွက်မယ့်အစု၊ ပြင်ပကနေ ရပ်တည်တဲ့အစု ၃ မျိုးဖြစ်သွားခဲ့ရင် ၈၈ မျိုးဆက် အင်အား ကြဲကွဲချိနဲ့သွားမှာ ဖြစ်ပါ တယ်။

ရှေ့ မှာ ပေါ်ထွက်လာမယ့် လှုပ်ရှားမှုတွေဟာ ပြည်သူ့လွပ်လပ်ခွင့် လှုပ်ရှားမှုတွေဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အလွှာတိုင်းအလွှာတိုင်း လူတန်းစားအသီးသီးမှာ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ပွဲဝင်ကြ မှာဖြစ်ပါတယ်။ အလုပ်သမား လှုပ်ရှားမှုတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ လယ်သမားလှုပ်ရှားမှုတွေ၊ စာနယ်ဇင်း မီဒီယာ လှုပ်ရှားမှုတွေ၊ အနုပညာလောက လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါလိမ့်မယ်။

အလုံးစုံ ချောမွေ့မယ်၊ တောင်းဆိုချက်တွေ ပြီးပြည့်စုံလာလိမ့်မယ်။ ဗမာပြည်မှာ နောက်တခါ နိုင်ငံရေးလုပ်လို့ အဖမ်းမခံရတော့ဘူးဆိုတဲ့ အမြင်မျိုးကို လက်တွေ့ လက်ခံဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။

အားလုံးကို အကန့်အသတ်နဲ့ ကိုင်တွယ်လာမှာက ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ အယုံအကြည်မရှိအဆိုတင်သွင်းတာလောက်နဲ့ လက်ရှိအစိုးရကို ဖြုတ်ချလို့မရနိုင်သလို၊ ကြားဖြတ်ရွေးကောက်ပွဲမှာ တက်လာမယ့် အမတ်တွေလောက်နဲ့လည်း ဖွဲ့စည်းပုံကို ပြင်လို့ ရနိုင်မယ်လို့ ယူဆ ထားလို့ မရပါ။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ကို တိုက်ဖျက်နိုင်ဖို့ လွှတ်တော်တွင်းမှာ လုပ်မယ့်လူတွေ ရှိဖို့လို သလို၊ လွှတ်တော်ပြင်ပကနေ လုပ်မယ့်လူတွေလည်း ရှိဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အင်အားစုတွေ လွှတ်တော်ထဲရောက်နေတဲ့အချိန်မှာ ၈၈မျိုးဆက်တွေဟာ ပြည်သူလူထုနဲ့အတူ ရှိနေဖို့ လိုပါတယ်။ ၂၀၀၈ ကို တိုက်ဖျက်နိုင်မယ့်လူဟာ ပြည်သူလူထုပဲဖြစ်ပါတယ်။

သားဆွေ

၁၄.၁.၂၀၁၂။

No comments: