Wednesday, January 4, 2012

Generation Wave (မျိုးဆက်သစ် လူငယ်များ) ၏ လွတ်လပ်ရေးနေ့  ထုတ်ပြန်ကြေညာချက်။

စာအမှတ် ၁/၂၀၁၂

ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်

လွတ်လပ်ရေးနေ့ ထုတ်ပြန်ကြေညာချက်။

ယနေ့ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၄ရက်သည် ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်ပါသည်။

ကိုလိုနီနယ်ချဲ့တို့၏ နှစ်ပေါင်း (၁၀၀)ကျော် မတရားသိမ်းပိုက်ဖိနှိပ်အုပ်ချုပ်မှုကို ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အတူလက်တွဲ၍ဆန့်ကျင်တော်လှန်ခဲ့ကြပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတခုအဖြစ် တည်ထောင် ရပ်တည်ရှင်သန်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် (၆၄) နှစ် တိတိပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။

ဤသို့ ရှင်သန်ရပ်တည်ခဲ့ကြသောကာလများအတွင်း ကျွန်ုပ်တို့ပြည်ထောင်စုကြီးအနေဖြင့် အပြောင်းအလဲများစွာနှင့် အခက်အခဲများစွာကိုတွေ့ကြုံရင်ဆိုင်ခဲ့ကြရပြီး နိုင်ငံရေးအငြင်းပွားမှုများနှင့်ပြည်တွင်းစစ်မီးများ တောက်လောင်ခဲ့ရသည်မှာလည်း တိုင်းရင်းသားပြည်သူများအားလုံးအသိပင်ဖြစ်ပါသည်။ ထိုအခက်အခဲအကျပ်အတည်းများကို ပပျောက်ပြေလည်စေရေးနှင့် ပြည်ထောင်စုကြီးအတွင်း လွတ်လပ်ခြင်း၊ တရားမျှတခြင်း ငြိမ်းချမ်းခြင်းတို့ ရှင်သန်ထွန်းကားစေရေးတို့အတွက် မိမိတို့၏ အကျိုးစီးပွား၊ ပုဂ္ဂလိကအရေးကိစ္စများကို စွန့်လွှတ်စတေးကာ အနစ်နာခံ ပေးဆပ်ခဲ့ကြသောသူများ သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်အောင် ရှိခဲ့ကြပြီး၊ ယခုလက်ရှိအချိန်တိုင်အောင်လည်း နိုင်ငံတ၀ှမ်းလုံးရှိ အကျဉ်းထောင်များတွင် ရာနှင့်ချီသော တိုင်းပြည်နှင့်လူမျိုးကိုချစ်မြတ်နိုးသည့် တက်ကြွသူများမှာ ယုံကြည်ချက်အတွက် အကျဉ်းချခံ ပေးဆပ်နေရဆဲပင်ဖြစ်ပါသည်။

အစိုးရအနေဖြင့် ပြည်ထောင်စုကြီးအတွင်း ဒီမိုကရေစီထွန်းကားရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လူပ်ရှုားကြိုးပမ်းနေကြောင်း ပြည်သူလူထုအား အသိပေး ဆောင်ရွက်နေသည့်အတိုင်း စစ်မှန်သော အပြောင်းအလဲများအတွက် မဖြစ်မနေလိုအပ်သည့် အခြေအနေကောင်းများ ပေါ်ပေါက်လာရန်လိုအပ်ပါသည်။ ထို့ကြောင့် ကျန်ရှိနေသေးသည့် ယုံကြည်ချက်အတွက်အကျဉ်းချခံနေရသည့်သူများကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် ပြည်တွင်းစစ်ရပ်စဲရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်တိုးမြှင့်လုပ်ဆောင်ရန် ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ) မှ လေးနက်စွာတိုက်တွန်းအပ်ပါသည်။

Generation Wave (မျိုးဆက်သစ် လူငယ်များ)။

GW Statement on Independence Day 2012

No comments: