Friday, March 16, 2012

မတ်လ (၁၆) ရက်နေ့  - တံတားနီနေ့ က ကျနော် မှတ်မိခဲ့သော ခွပ်ဒေါင်းအလံတော်။
















အဲဒီနေ့  ….. ၁၉၈၈ မတ်လ (၁၆) ရက် နေ့ ။

မနက် (၁၀) နာရီအချိန်လောက်မှာ ... Main ဒါမှ မဟုတ် ရာဇူး (RASU) လို့  ကျနော် တို့ ခေါ်ကြတဲ့ ပင်မတက္ကသိုလ် ရဲ့  RC အာစီရှေ့ မှာ တရားဟောနေတယ် ကြားလိုက်ရတယ် … သွားတော့ နားမထောင်လိုက်ဖြစ်ဖူး။

RIT စက်မှုတက္ကသိုလ်ဘက်က မျက်မှန်တန်းမိနေသူတချို့ ကိုလည်း သုတ်သုတ် သုတ်သုတ်နဲ့  လျှောက်သွားတာ အဓိပတိလမ်းပေါ်မှာ ဖြတ်ခနဲ သတိထားလိုက်မိတယ်။

သိပ်မကြာတဲ့အချိန်မှာတော့ ဘေးနားက ဖြတ်သွားတဲ့ ကောင်မလေးတစ်စု ကွိစိကွစိ ဖြစ်နေတယ် (အမှတ်မမှားဘူးဆိုရင် ခက်ခက်ဦးသာတို့  အုပ်စုထင်တယ်) ... လုံထိန်းတွေ တက္ကသိုလ်ကျောင်းပေါက်အ၀မှာ လုံခြုံရေးချထားတာကို မကျေနပ်လို့  ပြည့်ပြည့် (အဆိုတော်) အိမ်ပြန် ပြီး ဘေ့စ်ဘောတုတ် ယူပြီးပြန်ရိုက်မလို့  အဲဒါကို မယူဖို့ ဖြောင်းဖျနေကြရတယ်ဆိုတဲ့အကြောင်း ... ဘာညာဆိုပြီး ကြားလိုက်ရမိသလိုပဲ … ပြည့်ပြည့်ကတော့ သူ့ အ၀ါနုရောင် မော်တော်ကား 323 နဲ့ RC 2 နဲ့ Main ဖက် ကူးချည်သန်းချည် လုပ်နေတာကိုတော့ မနက်ပိုင်းထဲက သတိထားမိလိုက်တယ်။ ဒါပေမယ် ကိုယ်က သူတို့ အုပ်စုကို သတိထားမိနေပေမယ့် နီးစပ်နိုင်ခဲ့သူ တစ်ယောက်တော့ မဟုတ်။

ဒီလိုနဲ့  နေ့ လည်မွန်းတည့်ချိန်ထိ … မနီးမဝေးကနေ ကြားနေရတဲ့ အသံတွေက မရပ်ပဲ ဆက်ကာ ဆက်ကာပဲ ကျောင်းကြီးထဲမှာ ပဲတင်သံရိုက် ကြားနေရတယ်။

“ငါတို့ကျောင်းသား ရဲဘော်ကိုဖုန်းမော်ကို မဆလ အဏာပိုင် လက်ပါးစေ လုံထိန်းတွေက မတရား ပစ်သတ်လိုက်ကြတယ် … ပြီးတော့ မဟုတ်မမှန်သတင်းတွေ ထုတ်ပြန်တယ် ဒါလုံးဝမတရားဘူး …. ပြီးခဲတဲ့နှစ် စက်တင်ဘာလတုံးကလည်း ၂၅ိ/၃၅ိ/၇၅ိ ကျပ်တန်တွေ ဖျက်သိမ်းခဲ့တယ်၊ ဒါလည်း လုံးဝမတရားဘူး …. နေ၀င်းအုပ်ချူပ်တဲ့ အာဏာရှင် မဆလခေတ်လက်ထက်မှာမှ ငါတို့ နိုင်ငံ အဆင်းရဲ ဆုံး LDC ဖြစ်ရတယ် … ငါတို့ ဘွဲ့ ရလည်း ဘယ်မှာလည်း ဘ၀အာမခံချက် … “ စသည့် စသည့် အသံတွေကို ကြားနေရတယ်။

ဒီလိုနဲ့  ကျနော်လည်း အတန်းတွေလည်း မတက်တော့ဘူး … ကျူတိုရီကယ်တို့ ပရယ်တီကယ်တို့  ဆိုထားတော့၊ အားလုံးက RC ရှေ့ မှာ တရားများ ထပ်ဟောမလားလို့  အဓိပတိလမ်းမတလျှောက်မှာ ကွန်ဗို (ဘွဲ့ နှင်းသဘင်ခန်းမအဆောက်အဦး) ရှေ့ နားမှာ ဟိုတစု ဒီတစု စောင့်နေကြတယ်။ ဘယ်သူကမှ တရားမဟောတော့ပေမယ် ကိုယ့်အစုနဲ့ ကိုယ် မကျေနပ်ချက်တွေကို ကျယ်ကျယ်လောင်လောင်ကြီးကို ပြောနေကြတော့တယ်။

ထူးထူးခြားခြား မှတ်မိနေတာတခုလည်းရှိတယ် … သမိုင်းမြို့ နယ်ဘက်က BPI အရာရှိရိပ်သာမှာ နေတဲ့  ကျောင်းသားတယောက်က ပြောတာ … ဒါနဲ့ တောင်ဗျာ ရဲချုပ်ဦးဖေကြည်ကလေ မတ်လ (၁၃) ရက်နေ့  ညနေခင်း BPI အရာရှိအိမ်ရိပ်သာရှေ့ က တင်းနစ်ကွင်းမှာ သူ့ လုံထိန်းအရာရှိတွေကို ဟန်ရေးပြပြီး ... ခေါင်းကို မရိုက်ရဘူးနော် ခါးအောက်ပိုင်းကိုပဲရိုက်၊ ဒါတောင် ကိုယ့်ကိုအန္တရာယ်ပြုလာမှ … ဆိုပြီး အထူးအဆန်းတွေအနေနဲ့  လာပြီး ကြည့်နေကြတဲ့ BPI ၀န်ထမ်းရိပ်သာကသူတွေရှေ့ မှာ ပဏာယူပြီး ခွန်းမိတ်ခြွေနေသေးတယ် … နောက်နေ့  မနက်စောစော တင်းနစ်ကွင်းထဲမှာ စခန်းချထားတဲ့ သူတို့ ဆီကို ကျနော့် ဂျီးဒေါ်က မနေနိုင်မထိုင်နိုင် သွားပြီး … ညက သေနတ်သံကြားမိသလားလို့  … ဆိုပြီးမေးတော့ ဘာပြန်ပြောတယ်မှတ်လည်း သေနတ်သံ မဟုတ်ရပါဘူး … သူတို့ ကို ကျောင်းသားတွေကသာ ဗြောက်အိုးတွေနဲ့ ပေါက်တာတဲ့ဗျာ … လို့  လိမ်ညာပြီး၊ မတ်လ (၁၃) ရက်နေ့ က ကိုဖုန်းမော်တို့  သေနတ်ဒဏ်ရာနဲ့ ကျဆုံးခဲ့ရတဲ့ အစြဖ်အပျက်ကို အဲဒီလို မျက်နှာဗြောင်တိုက်ပြီး ဖုံးကွယ်ညာပြောခဲ့ပါသေးတယ်။

(မဆလ ရဲချုပ် ဦးဖေကြည်ရဲ့  သမီး မနွဲစိမ်းနဲ့ သူ့ သူငယ်ချင်းတစု RC2 က T4 ရှေ
့အုတ်ခုံမှာ ထိုင်ရင် သွားသွားကြည့်ခဲ့ ရတဲ့ ထမိန်တိုတို ရှန်ပိန်ခေတ်ကိုလည်း မဆီမဆိုင် မှတ်မိနေသေးပါရဲ့ )။

ဘယ်လိုဖြစ်ဖြစ် … ကိုဖုန်းမော်ကိစ္စနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းထုတ်ပြန်ခဲ့တာဟာ ကျောင်းသားထုရဲ့ ဂုဏ်သိက္ခာကို စော်ကားနေတာဆိုတာကိုတော့ နိုင်ငံရေးအသိရှိတဲ့ ကျောင်းသားထုကရော၊ သာမန်ကျောင်းသားထုတွေကရော သဘောပေါက်နေကြတယ်။ မကျေမနပ်လည်း အားလုံး ဖြစ်နေကြတယ်။

တယောက်မကျေနပ်ချက်တွေကို တယောက်မျှဝေနားထောင်နေကြပြီး … အားလုံးက တခုခုကို စောင့်လင့်နေတဲ့အချိန် … ဒီကိစ္စနဲ့  ပတ်သက်ပြီး အာဏာပိုင်တွေဆီကို သွားအရေးဆိုရမယ်ဆိုတာကိုတော့ အားလုံးက နောက်ဆုံးမှာ သဘောတူလိုက်ကြတယ်။

ဒီအချိန်မှာ RC 2 ဘက်က ကျောင်းသားထုကလည်း အခုလို မဆလအာဏာပိုင်တွေ မတော်မတရားလုပ် မဟုတ်မမှန် ကြေညာတာကို မကျေနပ်လို့  အာဏာပိုင်တွေကို အရေးဆိုဖို့  ပင်မ ရန်ကုန်တက္ကသိုလ် Main ထဲက သူတွေနဲ့ ပူးပေါင်းဖို့ ချီတက်လာပြီဆိုတဲ့  သတင်းတွေလည်း ကြားနေရတယ်။ စွပ်ကျယ်စက်နဲ့ ရှေးဟောင်းသုတေသနဌာနနားမှာ လုံထိန်းကားတွေ မနက်ခင်း ကျောင်းအလာမှာ တွေခဲ့ရတာကို ဖြတ်ခနဲ့ သတိရလိုက်ပေမယ့် ဘယ်သူမှလည်း မပြောဖြစ်ကြဖူး။

ဘယ်သူက ဘယ်လိုစလည်းတော့မသိ … စီးပွားရေးတက္ကသိုလ်/အီကို ဘက်ကို ကိုယ့်အစု နဲ့ ကိုယ် ဦးတည်သွားနေတဲ့ ကျောင်းသားထုကတော့ စုစည်းမိပြီး လူတန်းကြီး ဖြစ်နေပြီ။ RC 2 ဘက်က ချီတက်လာသူတွေနဲ့ သွားပူးပေါင်းကြမယ်ပေါ့ … အားလုံးက ပြည်လမ်းမဘက်ကို ဦးတည်လျက် သွားနေကြပါတယ်။

ဒီလိုနဲ့  ရှေ့ ဆုံးက ဦးတည်ချီတက်သွားသူတွေ အီကို ပြည်လမ်းမဘက်က Bus ကားမှတ်တိုင် ဂိတ်ပေါက်ဝ အရောက်မှာတော့ လှည်းတန်းနားတ၀ိုက်က လာရောက်အားပေးနေတဲ့ ပြည်သူလူထုကလည်း လက်ခုပ်တွေ တီးလို့ ပေါ့။

ဘုတ် … ခနဲ့ ကျအလာ … စက္ကူအိတ်တခု …

အဲဒီခေတ်က ခပေါင်း/ဒူးယား ကာတွန်း တွေထုတ်တဲ့  အညိုရောင်စက္ကူမျိုးနဲ့ ထုတ်ထားတဲ့ စက္ကူအိတ်တခု ချီတက်လာနေကြတဲ့ ကျောင်းသားတွေအုပ်ထဲကို ဘုတ်ခနဲ့ ဆို ကျလာတယ်။ ရုတ်တရက်ဆိုတော့ အားလုံးက တခဏတော့ မှင်တက်သွားကြတယ်၊ ကြောင်သွားကြတယ်။

ရှေ့ ဆုံးမှာရောက်နေတဲ့  အုပ်စုထဲက ကျောင်းသားတယောက်က အထုတ်ကို ကောက်ယူပြီး အိတ်ကို ဇတ်ခနဲ ဆွဲဖြဲပစ်လိုက်တယ် …… ပိတ်စ အနီစ တစ်စ လို့ တော့ အားလုံးက မြင်လိုက်ကြတယ်။

သူလည်း ဘာဆက်လုပ်ရမှန်းမသိ တခဏတော့ မှင်တတ်နေတယ် ထင်တယ် … စက္ကန့်  အတိုင်းအတာတခုအထိတော့ ကြာသွားတာ သေချာတယ်။

ဘေးက ရပ်ကြည့်နေတဲ့ လုအုပ်ထဲက သူလိုကိုယ်လို လူတယောက် ထွက်လာပြီး Bus ကားဂိတ်ဘေးက ကွမ်းယာဆိုင်မှာ အမိုးထူဖို့ ထောင်ထားတဲ့ ၀ါးလုံးတိုင်ကို ဆွဲယူပြီး … အဲဒီ အနီရောင်ပိတ်စကို ကိုင်ထားတဲ့ ကျောင်းသားဆီကို ထိုးပေးလိုက်တယ်။

အဲဒီအခါကြမှ အားလုံးဟာ အသက်ဝင်သွားသလို … အနီရောင်ပိတ်စကို ဆွဲဖြန့် လိုက်တယ်။ ၀ါးလုံးတိုင်မှာ ချည်ပြီး လွှင့်တင်လိုက်တယ်။

“ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံ … “

ခြေပန်းကွင်းကို ဖေါက်ဖြတ်ထွက်ပြီး မတရားမှုတွေကို ရင်ကိုကော့ ခေါင်းကိုမော့ တိုက်ပွဲဝင်မဲ့ဟန်နဲ့  … နီလည်းနီ ချွန်လည်းချွန်တဲ့ အတက်အလက်တွေ နဲ့  ခွပ်ဒေါင်း …

အစဉ်အလာကြီးတဲ့ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံပါခင်ဗျာ …

ဘယ်သူမှလည်း မထင်ထားခဲ့ဘူး ကျနော်လည်း မထင်ခဲ့ဘူး … ဒါ့ထက် …. တခါမှ အပြင်မှာ မမြင်ခဲ့ဘူးတဲ့ ခွပ်ဒေါင်းအလံ …

အနှစ်နှစ် အလလ နှင်းခါးမုန်တိုင်းတွေအောက်မှာ တဆောင်း တမိုး ခိုခဲ့ရတဲ့ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော် …

မျိုးဆက်အသစ်တွေအတွက် မျိုးဆက်အဟောင်းတွေက ဘ၀တွေ နဲ့ ရင်းပြီး ထိန်းသိမ်းထားခဲ့တဲ့  ဒီအလံ ..... တိုက်ပွဲ နဲ့ အတူ ပြန်ပေါ်လာခဲ့ပါတယ်။ မြင်ရတဲ့သူတိုင်း သွေးတွေ ဆူလာစေတယ်၊ ပြန်လည်တွေးတိုင်းလည်း သွေးတွေ ပူလာစေပါတယ်။

ဒီ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတော်ကို ၁၉၈၈ မတ်လ (၁၆) ရက်နေ့  တံတားနီအရေးအခင်း မဖြစ်ခင် မိနစ်ပိုင်းအလိုမှာ နောင်တော်ကျောင်းသားကြီးတွေ မျိုးဆက်ဟောင်းတွေကနေ မျိုးဆက်သစ် ကျောင်းသားကျောင်းသူအပေါင်းကို လက်ပြောင်းလွှဲပေးခဲ့ပါတော့တယ်။

အဲ့ဒီနေ့  ၁၉၈၈ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ မှာ ကံကောင်းထောက်မစွာပဲ ဒါကို ကျနော်တို့ တတွေ တွေ့ ခဲ့ရတယ်၊ မြင်ခဲ့ရတယ်၊ ကြုံခဲ့ရပါတော့တယ်။

အဲဒါနဲ့ တစ်ဆက်ထဲ ခေတ်ကြီးက ပုခုံးပေါ်ကို တင်ပေးလိုက်တဲ့ သမိုင်းတာဝန်တွေကိုလည်း ထမ်းဆောင်ခွင့်ရခဲ့တယ်။ တကယ့် မဟာအခွင့်အရေး တစ်ခုပါပဲ။

မတ်လ (၁၆) ရက်နေ့  (တံတားနီနေ့ ) မှာ အာဏာရှင်လက်ပါးစေ လုံထိန်းတွေရဲ့  လူသားမဆန်စွာ ရိုက်ပုတ်သတ်ဖြတ်မှုကြောင့် ကျောင်းသားကျောင်းသူအပေါင်း သွေးမြေကျခဲ့ရပေမယ့် ဒီ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတော်ကို ၁၉၈၈ ဇွန်လ၊ ၁၉၈၈ ၀ါဆိုလပြည့်၊ ၁၉၈၈ သြဂုတ်လ ၃ ရက်၊ ၅ ရက်နေ့ တွေ အထိ… နောက်ဆုံးတော့ ၁၉၈၈ သြဂုတ်လ ၈ ရက် ရှစ်လေးလုံး၊ ၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှသ်၊ ၂၀၀၇ ခုနှစ်မှ ယနေ့ အထိ ချီတက်ဆဲ မျိုးဆက်အဆင့်ဆင့်က သယ်ဆောင်နေကြဆဲပါ …

ကျောင်းနံရံ တစ်ဝိုက် ဒေါင်းအလံကို ပိုင်ပိုင်နိုင်နိုင် ပြန်စိုက်နိုင်ရေးအတွက် အားမန်မပျက် ချီတက်နေဆဲပါ။

ရေးသားတင်ပြသူ - ကိုဘ။

(အထက်ဖေါ်ပြပါ ရေးသားတင်ပြမှုတွင် ဖြစ်စဉ်တင်ပြမှု၊ ကျောင်းသားစိတ်ဓါတ် အငွေ့အသက်ရနံ့  ပါဝင်မှု၊ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းရဲ့ သမိုင်းတန်ဖိုး၊ အစရှိတာတွေကို လေးနက်ပြည့်ဝအောင် ရေးသားပေးတဲ့ ကိုဘကို ကျေးဇူးတင်ပါတယ်။ ချစ်ခင်သူများ ဖတ်ရအောင် ဖြန့်ဝေမိပါတယ်)။

ကိုပီတာ
စမ်းချောင်း။

No comments: