Monday, April 16, 2012

မန္တလေးမြို့တော်ဝန်ကြီးရဲ့  သင်္ကြန်အမြောက်။


































သင်္ကြန်နဲ့ဝေးနေခဲ့တာတော့ ကြာပါပြီ။ သင်္ကြန်ကို လွမ်းသလားဆိုတော့ ဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ သင်္ကြန် မတိုင်ခင် သူငယ်ချင်းတွေ လူစုမယ်၊ သန်လျှင်ဖက်က ဂျစ်ကားကောင်းကောင်းတစီး ကြိုတင် ငှားမယ်၊ ပြီးရင် သင်္ကြန်တွင်းမှာ ရေပက်ခံထွက်မယ်။ (သူငယ်ချင်းတွေနဲ့လည်ပတ်တာလည်း လည်ပတ်သလို အဆင်ပြေ မယ့် တရက်ရက်ကို ဆွေမျိုးညီအကိုမောင်နှမတွေနဲ့လည်းေ ရပက်ခံ ထွက်လည်ပေးရမယ်။) နှစ်ဆန်းတရက်နေ့ ကန်တော်ကြီးမှာ ငါးသွားလွှတ်မယ်၊ ရွှေတိဂုံဘုရားသွားမယ်။ ဒီလောက်ပါပဲ။ နှစ်တိုင်းလုပ်နေကြဆိုတော့ သိပ် မလွမ်းလှဘူး။ ရေပက်ခံထွက်ရတာလည်း ပျင်းဖို့ကောင်းတယ်။ ကိုယ်ကချည်းခံနေရတာ၊ ခေါင်းမဖော်နိုင်ဘူး၊ ဘယ်ကမှန်းမသိ ရေဘော်လုံးနဲ့ထုတာ၊ မီးသတ်ပိုက်နဲ့ထိုးတာ၊ ခွက်စောင်းခုတ်တာ၊ ဒီကြားထဲ လစ်ပြီထင်ပြီး ကိုယ့်ဖိနပ်လာဆွဲချွတ်လို့ ဆောင့်ကန်ထုတ်ရတာ၊ ၀ါရှာဟေ့ ၀ါရှာ ဆိုတဲ့ ညာသံပေးတာတွေကြောင့် ကိုယ့် မိန်းခလေးသူငယ်ချင်းတွေ၊ အမတွေ နှမတွေကို ကာကွယ်ပေးရတာ။ အခြေအနေ မကောင်းရင် ရန်ပွဲနဲ့ ရင်ဆိုင်ရတာ၊ ဒါတွေပဲ များပါတယ်။ ဒါကြောင့် သင်္ကြန်လည်ပတ်မှုကို သိပ်တော့ မလွမ်းလှဘူး။

သင်္ကြန်ကို အင်မတန်လွမ်းတာရှိတယ်။ အဲဒါက ညဖက်ဆိုအလှကားတွေ ကြည့်ရတာ၊ သံချပ်အဖွဲ့တွေ ဆုပေးမဏ္ဍပ်တွေ မှာ အပြိုင်အဆိုင်ယှဉ်ပြိုင်ကြတာတွေကို ကြည့်ခဲ့ရတာတွေကိုတော့ လွမ်းတယ်ဗျာ။ သံချပ်တွေကလည်း ပြောင်မြောက် သလားမမေးနဲ့၊ ခေတ်နဲ့စနစ်ကို ထင်ဟပ်တဲ့ သရော်လှောင်ပြောင်ချက်တွေနဲ့။ ဘယ်သံချပ်အဖွဲ့တော့ အပိတ်ခံလိုက်ရပြီ။ ဘယ်အဖွဲ့တော့ ဖမ်းခံလိုက်ရပြီ၊ နောက်ဆက်တွဲသတင်းတွေ နားစွင့်နေရတယ်။ မှတ်မိသလောက်ဆိုရင် သံချပ်အဖွဲ့တွေ မှာ မောင်မောင်တို့ အဖွဲ့၊ ဧည့်သည်၊ ဆိတ်ပါးစပ်နဲ့နတ်မျက်စိ။ ဧည့်သည် သံချပ်အဖွဲ့ဆိုရင် သူတို့ ပင်တိုင်သီချင်း မှတ်မိ သေးတယ် ဘာတဲ့ ... ဧည့်သည်တို့က ပြောပြီဗျို့ ... အမှားအမှန်ဝေဖန်ဖို့ ... အိမ်ရှင်တို့ရဲ့ တာဝန်ဗျို့  နဲ့ အစချီပြီး ပြည်သူ့ဆိုင်စာရေး ခိုးတာဝှက်တာ အတိုအရှိုလုပ်တာကအစ ခေတ်စနစ် နဲ့ လူထုခံစားချက်ကို ထင်ဟပ်တဲ့ သံချပ်တွေထိုးတာပဲ။

ဆိတ်ပါးစပ်နဲ့နတ်မျက်စိ သံချပ်အဖွဲ့ဆိုရင် .... ဆိတ်ပါးစပ်တို့ပြောတာ မှန်တာတွေဖြစ်သည်... နတ်မျက်စိတို့ကြည့်တာ အကုန်မြင်ရသည် ... အဲဒီ သီချင်းနဲ့ အစချီပြီး ခေတ်စနစ်ကို အပီအပြင် သရော်လှောင်ပြောင်တဲ့သံချပ်တွေနဲ့ ပြည်သူလူထုခံစားချက်ကို ဖော်ထုတ်တင်ပြကြတာ။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က အဲဒီ ဆိတ်ပါးစပ်နဲ့နတ်မျက်စိ သံချပ်အဖွဲ့သားတယောက်ပေါ့။ မောင်မောင်တို့အဖွဲ့ က အတော်များများက ၈၈ မှာ တောခိုသွားကြတာပဲ။ ဒါကြောင့် သင်္ကြန်ဆိုရင် သံချပ်တွေ အလှကားတွေကို လွမ်းတယ်ဗျာ။

မနေ့က သင်္ကြန်အထိမ်းအမှတ် ကိုအေးကိုတို့အိမ်မှာ သင်္ကြန်ထမင်းသွားစားရတယ်။ ဖယောင်း နံ့လေး သင်းနေတဲ့ သင်္ကြန်ထမင်း နဲ့ သရက်သီး၊ ကြက်သွန်နီ ငါးခြောက် အစပ်အအဟပ်တည့်အောင်လုပ်ထားတဲ့ သင်္ကြန်ဟင်း က (ဖင်လန်နိုင်ငံမှာ) ရှားရှားပါးပါး တနှစ်မှာမှ တစ်လ၊ တစ်လမှာမှ တစ်ရက်၊ တရက်မှာမှ တနာရီလောက် တွေ့ခွင့်ရတဲ့ ဖင်လန်ပိတောက်လို့ ကျနော်က နာမည်ပေးထားတယ်။ အဲဒီ ဖင်လန်ပိတောက်က ဘယ်အိမ်မှာမှမပွင့်ဘူး၊ ကိုအေးကိုနဲ့ အမ တို့ အိမ်မှာပဲ ပွင့်တယ်။

နေ့လည်ဖက်ကျတော့ မိတ်ဆွေမိသားစုတွေစုပြီး ကိုမောင်လှတို့အိမ်မှာ သင်္ကြန်မုန့်လက်ဆောင်းလုပ်စားကြတယ်။ အဲဒီမှာ အင်တာနက်ကနေ ရန်ကုန်သင်္ကြန်၊ မန်းလေးသင်္ကြန်၊ (ကလေးတွေဖွင့်ကြည့်နေတော့) ထိုင်ကြည့်ဖြစ်တယ်။ ရန်ကုန်သင်္ကြန်ကတော့ သိပ်မထူးခြားပါဘူး၊ မန်းလေးသင်္ကြန်က မြို့တော်ဝန်မဏ္ဍပ်၊ ထူးခြားတယ်၊ စင်အောက်က ယိမ်းအဖွဲ့တွေက သင်္ကြန်ရောင်စုံလေးတွေ ဆင်တူနဲ့၊ စင်ပေါ်က ယိမ်းအဖွဲ့ကတော့ အစိမ်းရောင်ဝတ်စုံတွေနဲ့ မိုးပျံပူဖောင်းတွေကလည်း အစိမ်းရောင်၊ ကြံ့ဖွတ်တွေ မဲဆွယ်နေသလား အောက်မေ့ရတယ်။ အထူးခြားဆုံးက မြန်မာပြည်ကြီး သာယာပါစေ၊ ငြိမ်းချမ်းပါစေ၊ အေးချမ်းပါစေနဲ့ ဆုတောင်းပြီး မိန့်ခွန်းတွေ (လေဖော) ပေးသွားတဲ့ (၂၀၀၇ မှာ ဘုန်းကြီးတွေကို သတ်သွားတဲ့) မန္တလေးမြို့တော်ဝန်ကြီး။

အဲဒီအချိန် ကျနော့် စိတ်ထဲမှာ (အဲဒီသင်္ကြန်ပွဲကြီးထိုင်ကြည့်နေရင်း) စဉ်းစားမိနေတာက ကချင်ပြည်နယ်က စစ်ပွဲတွေ။ မန္တလေးမှာတော့ ငြိမ်းချမ်းပါစေ သာယာပါစေနဲ့ ..

ကချင်ပြည်နယ်မှာတော့ အမြောက်သံတွေ၊ သေနတ်သံတွေ၊ ယမ်းနံ့တွေ သွေးညှီနံ့တွေ။

ကျနော်တို့ မေးရမှာ ဗမာပြည် တကယ်ပဲ ငြိမ်းချမ်းပြီလား?

အစိုးရနဲ့ ပြည်သူ တကယ်ပဲ တသားတည်း ဖြစ်နေပြီလား?

မန္တလေးမြို့တော်ဝန်ကြီး ရူးကြောင်မူးကြောင်နဲ့ သင်္ကြန်အမြောက်တွေ ထဖောက်နေတာလား?

(သားဆွေ)။

No comments: