Wednesday, May 9, 2012

NLD-BG မှ လမ်းပေါ်က အမှိုက်ကောက် ကလေးငယ်များအား စာသင်ကြားပေး။

အသက်ကယ် သွေးအကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်းအခမဲ့သင်ကြားပေးရေးပညာ ဒါန (NLD-BG) မှ လမ်းပေါ်က အမှိုက်ကောက် ကလေးငယ်များအား စာသင်ကြားပေး။

ဓာတ်ပုံ (၁) - အမှိုက်ကောက်ကလေးငယ်များကို ပင်တိုင်သင်ကြားပေးနေသော ဆရာ ကိုကြည်သားဖြိုးနှင့် အမှိုက်ကောက်ကလေးငယ်များ စာမသင်ကြားခင် ရှေးဦးစွာ ဘုရားရှိခိုး ၀တ်ပြုနေပုံ။

ဓာတ်ပုံ (၂+၃+၄) - နေ့စဉ် ပင်တိုင်သင်ကြားပေးနေသော ဆရာမ ဆုဆု၊ မြတ်မြတ်မွန်နှင့် ဆရာကြည်သာဖြိုးတို့မှ အမှိုက်ကောက်ကလေးငယ်များကို စာသင်ကြားပေးနေပုံ။

ဓာတ်ပုံ (၅) - အမှိုက်ကောက်ကလေးငယ်များနှင့်အတူ သူတို့၏ ဆရာ၊ဆရာမများနှင့် NLD-BG ကျောင်းရှေ့တွင် အမှတ်တရ ရိုက်ထားပုံ။

(ဓာတ်ပုံ-သတင်း - မေမေ့သား-လင်းဆက် NLD-BG)။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှလည်း အထက်ပါသင်တန်းမျိုးနှင့် ပတ်သက်ပြီး မေလ (၁) ရက်နေ့က စမ်းချောင်မြို့နယ် အဖွဲ့ချုပ်ရုံးခန်းကို ဖွင့်လှစ်ပေးခဲ့စဉ်ကလည်း အဖွဲ့ချုပ်နာယကကြီး ဦးတင်ဦးနှင့်အတူ အောက်ပါမိန့်ခွန်းများကို ပြည်သူအများ သဘောပေါက် သိရှိနားလည်နိုင်ကြစေရန် ပြောကြားခဲ့ပါသည်။

မျှော်လင့်ချက်ပျောက်နေ။

ကျွန်မတို့လူငယ်တွေကို အားကိုးပါတယ်၊ နောက်ပြီးတော့ လူငယ်အားကိုးတဲ့အချိန်ထဲမှာလည်း ကျွန်မတို့ လူငယ်တွေကို အားပေးတဲ့စကား ပြောချင်ပါတယ်။ တချို့၊ ကျွန်မတို့လူငယ်တချို့မဟုတ်ဘူး။ လူငယ်တော်တော်များများဟာ ကျွန်မသတိထားမိတာကတော့ မျှော်လင့်ချက်ပျောက်နေတဲ့ပုံ ပေါက်နေတယ်။

မျှော်လင့်ချက်ပျောက်နေတယ်ဆိုတဲ့အကြောင်းရင်းကလည်း ကျွန်မတို့ရဲ့ ပညာရေးစနစ်နဲ့ အများကြီးဆက်နွယ်နေတယ်လို့ ကျွန်မထင်ပါတယ်။ ဒီနိုင်ငံရဲ့ပညာရေးစနစ်က လူငယ်တွေကို တကယ်ကို မိမိတို့ရဲ့ဘ၀ကိုဆောက်တည်ပိုင်ခွင့်ပေးမယ့်အလုပ်ရနိုင်အောင်လို့ အထောက်အကူမပေးဘူး။ ပြောရမယ်ဆိုလို့ရှိရင် ဘွဲ့သာရသွားမယ် အလုပ်မရတဲ့အခြေအနေတွေ ဖြစ်နေကြတယ်။

ဖြေရှင်းရမယ်။

ကျွန်မတို့က ဒီပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းရမယ်။ လက်တွေ့ကျကျ ဖြေရှင်းရမယ်ဆိုတာ ကျွန်မတို့အမြင်မှာတော့ ဘွဲ့ရပြီးသား လူငယ်တွေ၊ ဒါမှမဟုတ် ဘွဲ့မရဘဲနဲ့ ကျောင်းပြီးသွားတဲ့ လူငယ်တွေ၊ကျောင်းကို ဆယ်တန်းထိတိုင် မတတ်ရောက်နိုင်တဲ့ လူငယ်တွေ၊ အကြောင်းကြောင်းကြောင့် ထွက်ပြီးတော့ အလုပ်လုပ်ရတဲ့လူငယ်တွေရဲ့အရည်အချင်းတွေကို မြှင့်တင်ပေးရေးအတွက် ကျွန်မတို့ ကြိုးစားမှာပါ။

ဘ၀အသက်မွေးဝမ်းကြောင်းပညာပေးဖို့ ကျွန်မတို့ ဦးတည်ရမယ်။

ပညာဆိုတာ ကိုယ်အသက်မွေးဖို့တောင် ကိုယ်မမွေးနိုင်လို့ရှိရင် ဘယ်လိုလုပ် သုံးမလဲ။ ဘာပဲ ပြောပြော ကိုယ်သင်ထားတဲ့ ပညာတွေဟာ ကိုယ့်အတွက် နိစ္စဓူဝစားနိုင်ဖို့အတွက်တော့ လုံလောက်ရ မယ်။ ကိုယ့်အတွက်တောင်မှ ထမင်းနပ်မှန်အောင်လို့ စားနိုင်တဲ့အခြေအနေမှာ မရှိလို့ရှိရင် တိုင်းပြည် အတွက် ၀င်ရောက်ပြီး လုပ်ပေးဖို့ဆိုတာ အင်မတန်မှ ခတ်ပါတယ်။ ဒါကျွန်မတို့က လူငယ်တွေကို အားကိုးတယ်လို့ပြောတဲ့ အချိန်ထဲမှာလည်း လူငယ်တွေကို ကျွန်မတို့ တာဝန်ရှိတယ်လို့ လက်ခံပါတယ်။ ဒါကြောင့်မိုလို့ အသိပညာ၊ အတတ်ပညာသင်ကြားပေးရေး၊ အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးရေးကိစ္စကို ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးစားပေးပြီးတော့ ကြိုးစားပြီး လုပ်သွားပါမယ် လို့ ကျွန်မပြောချင်ပါတယ်။

လူထုခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ။ ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှု ဖြစ်ပါတယ်။

No comments: