Tuesday, June 12, 2012

ကျေးဇူးရှင်အဖြစ် ဖန်တီးသူများနဲ့  ကျေးဇူးရှင်အဖြစ် လက်ခံသူများ။















ကျေးဇူးရှင်အဖြစ် ဖန်တီးသူများနဲ့  ကျေးဇူးရှင်အဖြစ် လက်ခံသူများ။

ဒီအကြောင်း စ မပြောခင်မှာ ကျေးဇူးရှင်အဖြစ် လက်ခံသူများကို အပြစ်မမြင်လိုပါ။ ကျေးဇူးတင်ထိုက်တယ်လို့  ထင်မြင်မိချိန်မှာ ကိုးကွယ်တဲ့ ဘာသာတရားအရဘဲပြောပြော၊ သက်ကြီးစကား သက်ငယ်လေးစားဆိုတဲ့ ဆိုဆုံးမမှုတွေကိုဘဲ လိုက်နာကျင့်သုံးခဲ့လို့ ဘဲဆိုဆို၊ သိမ်မွေ့ နူးညံ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုအရဘဲဖြစ်ဖြစ်၊ ရိုးသားဖြူစင်မှုနဲ့  ပကတိဖြောင့်မတ်စင်ကြယ်မှုအရဘဲထားထား ကျေးဇူးတင်ကြသူတွေဘက်က သန့် စင်ကြပါတယ်။

ဒီ ရိုးသားဖြူစင် သန့် စင်မှုတွေကို အသုံးချတတ်သူတွေကတော့ ကျေးဇူးရှင်အဖြစ် မဖြစ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကျိုးမျှော်ကိုးပြီး တစ်ဘက်သားရဲ့  ကျေးဇူးတရားကို မရ ရအောင်ယူပြီး ခုတုံးလုပ် အသုံးချတတ်ကြတဲ့ တစ်သက်လုံး ကျေးဇူးတင်ခံနေရအောင်၊ ကျေးဇူးတရားကြောင့် မလွန်ဆန်ရဲအောင်၊ ဖန်တီးထားတဲ့ ကျေးဇူးတရားကြောင့် ဝေဖန်ထောက်ပြ ဆန့် ကျင်မပြောဆိုရဲအောင် လုပ်ကြတဲ့ ကျေးဇူးရှင်ကြီးဘ၀ ခံယူပြနေတဲ့ မရိုးသားသူတွေကိုတော့ ခွဲခြားမြင်တတ်အောင် ထုတ်ဖေါ်ပြောဆိုရမှာပါဘဲ။

အခက်အခဲတွေ့ နေရချိန် အသက်ဘေးလုနေရချိန် အန္တရာယ်နဲ့  ကြုံတွေ့ နေရချိန်မှာ ကူညီစောင့်ရှောက်မှုဟာ ကူညီစောင့်ရှောက်သူဟာ ကျေးဇူးတင်ထိုက်သူ ဖြစ်တယ်ဆိုတာ ကျေးဇူးတင်သင့်တယ်ဆိုတာ ဖြစ်သင့်ပါတယ်။ သို့ သော်လည်း ကူညီစောင့်ရှောက်မှုမှာ မတူညီသော ရည်ရွယ်မှုတွေ ရှိတတ်ကြတာကိုတော့ သတိမူပြီး သိသင့်တယ်ဆိုတာကိုလည်း ထောက်ပြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျေးဇူးတရားကို ဖန်တီးပြီး ကျေးဇူးတရားကို မလွန်ဆန်ရဲတဲ့သူတွေဖြစ်အောင် အကွက်ကျကျ ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီမံမှုနဲ့  ကျေးဇူးခံ ကျေးဇူးစားလုပ်ကြသူတွေကိုတော့ သူတို့ ရဲ့  ပါးနပ်စွာ လှည့်ဖြား ဟန်ဆောင် ဖုံးကွယ်နေတဲ့ မျက်နှာဖုံးကိုတော့ ခွာချပြမှ အမှန်ဆိုတာ ပေါ်ပေါက်လာမှာပါ။

မြန်မာစကားအဆိုမှာ “အကျိုးလိုလို့  ညောင်ရေလောင်း” ဆိုတဲ့ စကားဟာ အလကား အဓိပ္ပါယ်မဲ့ ပေါ်ပေါက်လာတဲ့ အဆိုစကား မဟုတ်ပါဖူး။ ငါးစာသာ မြင်ပြီး ငါးမျှားချိတ်ကို မမြင်မိလို့  အသက်ခန္ဓာကိုယ် ဘ၀တွေ ဆုံးရှုံးတတ်ကြတာ မနည်းလှပါဖူး။



ရိုးသားစွာနဲ့  ကူညီစောင့်ရှောက်မှုလား မရိုးသားစွာနဲ့  ကူညီစောင့်ရှောက်မှုလားဆိုတာ လတ်တလောဖြစ်တာလေးလောက်နဲ့  ဆုံးဖြတ်ရင် မှားတတ်ကြပါတယ်။ ဖြစ်စဉ်တွေကို အရှေ့ ရော အနောက်ရော စုံစေ့အောင် လေ့လာ သုံးသပ် ဆုံးဖြတ်တတ်ကြမှသာ ရုပ်လုံးမမြင်ရသေးတာတောင် ရေးရေးလေး မြင်လာတယ်ဆိုရင်တောင် အမှန်အမှားကို စတင် စဉ်းစားမိမှာပါ။

မတည်ငြိမ်မှုတွေ ဖြစ်နေတယ်၊ မပြေလည်မှုတွေ ကြုံနေတယ်၊ အငြင်းပွားမှုတွေ ပေါ်ပေါက်နေတယ်၊ ငြိမ်းချမ်းသာယာမှုတွေ ပျက်ပြယ်နေတယ်၊ အသက်ဘေး ရင်ဆိုင်နေကြရတယ်၊ ကူညီမှုတွေ အကူအညီလိုအပ်မှုတွေ လိုအပ်နေတယ်။ ကူညီကြတယ် အကူအညီတွေ ရကြတယ်။ ကူညီတာတွေ အကူအညီရယူမှုတွေ လက်တွေ့  မြင်ရတယ်။ ဒါပေမယ့် ဒါပေမယ့် ကူညီမှုရဲ့  အနေအထားတွေ အကူအညီရယူမှုရဲ့  နောက်ကွယ်မှာ ပေးဆပ်ရမှာတွေကို အကူအညီ ရနေချိန်မှာနဲ့ တင် မပြီးဖူးဆိုတာရယ်၊ အကူအညီ ဘယ်လို ဘာကြောင့်ရရတာလည်းဆိုတာကိုလည်း လစ်လျှူမရှူသင့်ဘဲ အကူအညီရလျှက် ပြီးရောဆိုရင်တော့ ရိုးသားဖြူစင်စွာ ကူညီဖေးမမှုအတွက် ကိစ္စမရှိပေမယ့် ကျေးဇူးတရားကို ကိုင်ပေါက်ပြီး မလွန်ဆန်နိုင်အောင် ကြိုတင်ဖန်တီးခဲ့သူတွေရဲ့  ကျေးဇူးတရားဆိုရင်တော့ တစ်ဘ၀တင်မက နောင်ဘ၀ရော မလွယ်တဲ့ အနေအထား ရောက်သွားနိုင်တယ်ဆိုတာ သာဓကတွေ ရှိပါတယ်။

တစ်ဦးတစ်ယောက် မိသားတစ်စုမှသည် နိုင်ငံတစ်နိုင်ငံအထိ ကျေးဇူးရှင်အဖြစ် ဖန်တီးသူများ ရှိတတ်ကြပါတယ်။ နိုင်ငံတစ်နိုင်ငံအဆင့်အထိတိုင်အောင်ရောက်တဲ့ ကျေးဇူးရှင်အဖြစ် ဖန်တီးသူများကတော့ ကျေးဇူးရှင်အဖြစ် မကြည်ဖြူပေမယ့် လက်ခံအောင် လုပ်ကြသလို ကြည်ကြည်ဖြူဖြူနဲ့  လက်ခံနိုင်အောင်လည်း လုပ်ကြပါတယ်။ ကြည်ကြည်ဖြူဖြူနဲ့  လက်ခံနိုင်အောင်ကတော့ အကြီးမားဆုံး အသက်သခင်ကျေးဇူးရှင်ဖွယ်ဖြစ်အောင် အသက်ဘေးတွေ ပေးတွေ့ နေရအောင်လုပ်ပြီးမှ ကျေးဇူးရှင်အစစ်အဖြစ် ထင်မှတ်နေရအောင် ဆောင်ရွက်ဖန်တီးမှုဘဲ ဖြစ်ပါတော့တယ်။

နိုင်ငံတော်ရဲ့  ကျေးဇူးရှင်အဖြစ် ဖန်တီးခံယူခဲ့သူများကတော့ တိုင်းပြည် မတည်ငြိမ် မအေးချမ်း ဆူပူမှုတွေကြောင့် ၀င်ရောက်ထိန်းသိမ်းလိုက်ရပါသည်ဆိုတဲ့ ကိုယ်တိုင်ဖန်တီးခဲ့မှုတွေအပေါ် အရင်းပြုပြီး တိုင်းပြည်နဲ့  လူမျိုးအပေါ် ကာကွယ်စောင့်ရှောက်လိုက်ပါသည်ဟုဆိုသော ကျေးဇူးတင်ထိုက်ဖွယ်စကားများ အသုံးချ၍ ပြောခဲ့သည်မှာ မြန်မာနိုင်ငံသမိုင်းတွင် အကြိမ်ကြိမ် ဖြစ်ခဲ့ရပါသည်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ကျေးဇူးရှင်ကြီးတွေနဲ့  စီးပွားရေးအရ ကျေးဇူးရှင်ကြီးတွေကြောင့် ဘ၀တွေ ပျက်ဆီးနေကြရတဲ့ အမျိုးကောင်းသားသမီးတွေ အသက်ရော အရှက်ရော ပေးဆပ်လိုက်ရတာတွေ မနည်းလှသလို၊ တိုင်းရင်းသားပြည်သူတွေရဲ့  ဆုံးရှုံးနစ်နာမှုတွကိုလည်း ခေတ်အဆက်ဆက်မှာ ဖြစ်ခဲ့တာကို လတ်တစ်လောအခြေအနေ ဖြစ်ပွားမှုနဲ့  မခြေဖျက်လိုက်ဖို့  မပြောက်ပျက်သွားဖို့  အစားမထိုးလိုက်ဖို့  အသိနှလုံးသွင်းထားကြဖို့  လိုပါတယ်။

သဘောထားအမှန်ကို သိရှိလိုက်ရချိန်မှာတော့ နောက်ကျသွားခဲ့ရတဲ့ သာဓကတွေ ယခင်ရော ယခုရော နောင်ရော ထပ်မံ မကြုံရလေအောင် ကျေးဇူးတရားရဲ့ အရင်းခံဇစ်မြစ်ကို လေ့လာမြင်တတ် သုံးသပ်နိုင်ကြဖို့  တစ်ဦးတစ်ဘ၀နဲ့  ဆက်စပ်သလို တစ်တိုင်းတစ်ပြည်နယ်အတွက်လည်း အရေးကြီးလှပါကြောင်း။

ကျွန်တော်တို့  နိုင်ငံမှာ ၁၉၆၂ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်က တစ်ကြိမ် ပြည်သူ့ အာဏာဆုံးရှုံးခဲ့ရစဉ်ကလည်း တိုင်းပြည်ကို ကျေးဇူးရှင်အဖြစ် ခံယူကြတာ ကြုံရသလို၊ ၂၀၀၈ ခုနှစ် နာဂစ်လေမုန်တိုင်းတိုက်အပြီး ကမ္ဘာ့ကူညီမှုတွေကို တံဆိပ်ပြောင်းကပ်ကာ ကျေးဇူးရှင်အဖြစ် ကူညီတာတွေလည်း မြင်ရတာတွေ၊ အရေခွံလဲ အသွင်ပြောင်းတဲ့ မဆလ န၀တ နအဖ အစ ယခုအထိ မူလည်း အလျဉ်းမပြင် လူလည်း အတူတူဘဲ ဖြစ်နေသေးတဲ့ မျက်လှည့်ပြသူတွေရဲ့  ကျေးဇူးတရားကိုတော့ မှန် မမှန် သုံးသပ်ဖို့  သင့်ကြပါပေတယ်။

ယနေ့ ယခု အခြေအနေ ယနေ့ ယခု အဖြစ်အပျက်တွေမှာလည်း ကျေးဇူးရှင်ဖြစ်အောင် ကျေးဇူးရှင်အဖြစ် ဖန်တီးမှုတွေကို မြင်တွေ့ နေရပါကြောင်း ….. ဒီ ကျေးဇူးရှင်အဖြစ် ဖန်တီးမှုတွေအောက်မှာ လူသားတိုင်းရဲ့  အသက်သွေးတွေ ချကျွေးခံ ပေးဆပ်ခံနေရသည်မှာ အင်မတန် ကြေကွဲရင်နာမိစေပါတယ်။

No comments: