Thursday, August 9, 2012

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား (မြောက်ဥက္ကလာပမြို့ နယ်)။



















၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား (ငွေရတုအကြို) ကို မြန်မာနိုင်ငံတွင် နေရာ အသီးသီး၊ ပြည်နယ် တိုင်းအသီးသီးတို့တွင် ပြုလုပ်ခဲ့ကြသလို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ငါးလမ်း၊ ဥတ္တရာခမ်းမမှာ ၂၀၁၂ ခုနှစ် ၈-ရက် ၈-လနေ့၌ နံနက် (၇း၃၀ မှ ၉း၃၀ ထိ) ကျင်းပခဲ့ရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈-မျိုးဆက်ကျောင်းသားရဲဘော်ရဲဘက်များ၊ နိုင်ငံရေးပါတီဝင်များ၊ ပန်းချီ ဆရာများ၊ နေရာတိုင်းတွင် သွေးများကို လှူဒါန်းနိုင်အောင် ကြိုးစားနေသော BG သွေးအလှူရှင်များ၊ ကဗျာဆရာ စာရေးဆရာများ၊ အဖွဲ့ဝင်လူငယ်များ စုစုပေါင်း အင်အားနှစ်ရာကျော် တက်ရောက်ခဲ့ကြပါသည်။



















ယင်းအဆိုပါအခမ်းအနားတွင် ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများအတွက် ရည်ရွယ်ပြီး သံဃာတော် (၈) ပါးကို ၀ါဆိုဆွမ်းနဲ့ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာသော ဧည့်ပရိတ်သက်များကို ၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပတ်လည် သဘောထားကြေငြာချက်၊ ၈၈ အလုပ်သမားများ၏ ထုတ်ပြန်ကြေငြာချက်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ၏ ကြေငြာချက်၊ ကဗျာဆရာစာရေးဆရာများ ပေးပို့သော ကြေငြာချက်၊ မျိုးဆက်သစ်ကျောင်းသားများ ပေးပို့သောကြေငြာချက်တို့ကို ဖတ်ကြားခဲ့ကြပါသည်။



















ထိုကဲ့သို့ပေးပို့သော သ၀ဏ်လွှာများထဲတွင် မြောက်ဥက္ကလာပမြို့နယ်၊ အခမ်းအနားကျင်းပရေးကော်မတီမှ ထုတ်ပြန်ကြေငြာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး၊ဒီမိုကရေစီရရှိရေးအတွက် လူထုတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည့် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာဆိုလျှင် ၂၄-နှစ်ပြည့်မြောက်ခဲ့ပါ ပြီ။ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်နေ့ စစ်အာဏာရှင်တို့ အာဏာသိမ်းတဲ့အချိန်ကစပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားဆန္ဒပြမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၂ ရက်နေ့ ကျောင်းသား အရေးတော်ပုံက စပြီး၊ စစ်အာဏာရှင်တို့ကို လူထုလူတန်းစား အသီးသီးကနေ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ရာမှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအထိ ဖြစ်ပါတယ်။

လူထု၏ အဓိကလိုအပ်ချက်များဖြစ်တဲ့ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေးအပြည့်အ၀ရရှိရေးတို့ အတွက် ရဟန်းရှင်လူ ကျောင်းသားကျောင်းသူတွေဟာ တိုက်ပွဲဝင်ရင်း တိုက်ပွဲအတွက် ကျဆုံးသွားခဲ့ကြတာ မနည်းတော့ပါဘူး၊ ၈-၈-၈၈ လူထုအရေးတော်ပုံမှာ ကျဆုံးမှု အများဆုံး ဖြစ်ခဲ့ရပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ၀ိညာဉ်တွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် မပေါ်ထွန်းသရွေ့ ဆက်လက်တိုက်ပွဲဝင်နေမယ်လို့ ယုံကြည်မိပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အကျိုးဆက်အဖြစ် တစ်ပါတီအာဏာရှင်စနစ်ကို အမြစ်ကစ မြေလှန် ပစ်လိုက်နိုင်ပြီး ပါတီစုံဒီမိုကရေစီစနစ် လမ်းစပေါ်ထွန်းလာခဲ့ပါတယ်။ ဒီမိုကရေစီအင်အားစု နိုင်ငံရေးပါတီများ ပေါ်ထွန်းလာခဲ့ပါတယ်။ လူထုရဲ့ စည်းလုံးညီညွတ်မှုဟာ ဘယ်အာဏာရှင်ကိုမဆို အောင်နိုင်တယ်ဆိုတဲ့ ညီ ညွတ်ခြင်း အကျိုးတရားများကို လက်တွေ့ရရှိခဲ့ပါတယ်။ လူထုတစ်ရပ်လုံးရဲ့ ရင်ထဲမှာ ရှစ်လေးလုံးစိတ်ဓာတ် အစဉ်ထာဝရ ကိန်းဝပ်နေဖို့ လိုအပ်တယ်လို့လည်း ယုံကြည်မိပါတယ်။

ယနေ့လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး၊ လယ်သမားများ လယ်ယာမြေပိုင်ဆိုင်ရေး၊ အလုပ်သမားများ လူနေမှုဘ၀ တိုးတက်ခိုင်မာရေး အစရှိတဲ့ လူထုတစ်ရပ်လုံးရဲ့ လိုအင်ဆန္ဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးတို့အတွက်လည်း ရှစ်လေးလုံးစိတ်ဓာတ်ဟာ မရှိမဖြစ် လိုအပ်တဲ့အရာလို့ အခမ်းအနားကျင်းပရေးကော်မတီမှ ယုံကြည်ပါတယ်။

အမိနိုင်ငံတော်မှာ ရှစ်လေးလုံးစိတ်ဓာတ် အဓွန့်ရှည် တည်တံ့ခိုင်မြဲဖို့အတွက် ယခုလို ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်။ လူထုလူတန်းစား အလွှာအသီးသီးအနေနဲ့ ရှစ်လေးလုံးစိတ်ဓာတ်ကို အမြဲနှလုံးသွင်းကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

အခမ်းအနားကျင်းပရေးကော်မတီ (မြောက်ဥက္ကလာမမြို့နယ်)။






































မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းကို အဓိက အုတ်မြစ်ချပေးခဲ့သည့် ၈.၈.၈၈ နေ့ကို သမိုင်းဝင်အထိမ်းအမှတ်နေ့တစ်နေ့အဖြစ် တရားဝင် သတ်မှတ်ပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ဆက်လက်အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားအားလုံးအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးနှင့် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသည့် ဒီမိုကရေစီအင်အားစုများ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မဖြစ်မနေ လိုအပ်နေသည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ကြေငြာပေးရန်လည်း လိုအပ်နေပါကြောင်း၊ ရှစ်လေးလုံးနေ့သည် မြန်မာ့သမိုင်းတွင် အလွန် အရေးပါသည့် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ကြောင်းကို ပညာရှင်များ၊ သမိုင်းသုတေသီများ၊ ကဗျာဆရာ စာရေးဆရာများ၊ နိုင်ငံရေးသမားများက ဖတ်ကြားတိုက်တွန်းခဲ့၍ အခမ်အနားကို ၁၁း၃၀ နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။

(သတင်း-ဓါတ်ပုံ - လင်းဆက်)။

No comments: