Thursday, September 13, 2012

ရှင်သာ ရခိုင်တန်ဆောင်လော။

ရှင်သာ ရခိုင်တန်ဆောင်လော။

ကောင်းကင်သည်ကြည်လင်၏၊ မည်းညစ်သော တိမ်စိုင်တို့ မရှိ။
ဖြူလွှသောတိမ်မျှင်တို့ များများစားစားရှိနေသည်။

သို့ဖြင့် နေသည် ခေါင်းမပြူရဲ။ လေနုအေးအေး၊ မိုးဖွဲဖွဲတို့ နှင့်အတူ
အလင်းခပ်ဖျော့ဖျော့။

ကောလိပ်လမ်းအတိုင်း ရခိုင့်ရိုးရာ အောင်နီအောင်ဖြူကာလာများဖြစ်ကြသော
အနီနှင့်အဖြူအရောင်များ ဒလဟောလိမ့်ဝင်လာသည်။ အဖြူရောင်အောက်ခံတွင်
အနီရောင်စတစ်ကာနှင့်တီရှပ်များဝတ်ဆင်ထားသည့် လူငယ်များ။ သူတို့ရဲ့အလယ်မှာ
လွမ်းသူ့ ပန်းခွေ။ သူတို့ တွေရဲ့ တီရှပ်တွေ ရင်ဘတ်တည့်တည့်တွင်
ဆရာတော်ဦးဥတ္တမ ပုံတော်တွေ။

နောင်တွင် ဆရာတော်ဦးဥတ္တမ ဖြစ်လာမည့် ပေါ်ထွန်းအောင်ကို စစ်တွေမြို့
ရူပရပ်တွင် မွေး၏။ ငယ်စဉ်က စာတော်သည်။ ပညာကိုမက်သည်။ ထို့နောက်
ရဟန်းဝတ်သည်။ နိုင်ငံရေး တရားဟောသည်။ ထောင်ကျ သည်။ ပြန်လွတ်လာလျှင်
နိုင်ငံရေးတရားဟောသည်။ ထောင်ကျသည်။ ပြန်လွတ်လာလျှင် နိုင်ငံရေးတရား
ဟောသည်။

ဤသို့တမူ လောကဓံ၏ အနိမ့်အမြင့်များကို ဖြတ်သန်းပြီးနောက် ၁၉၃၉ ခု
စက်တင်ဘာ (၉)ရက်နေ့ ပျံလွန်သည်။ ဟိုစဉ်ကအကြောင်းများကို သိမီလိုက်သော
နိုင်ငံရေးသမားဟောင်းတစ်ယောက်၏ စကားအရဆိုလျှင် ‘ခင်ဗျားတို့ ဆရာတော်ဘုရား
လမ်းဘေးမှာ ဘယာကြော်လေးစားပြီး သေသွားရှာတယ်’ ဟူသော အခြွေအရံမရှိသည့်
လောကဓံကို ခံစားယင်း ဆုံးပါးသွားရှာသည်။

ယနေ့ မနက် ခုနစ်နာရီလောက်ကပင် စစ်တွေမြို့ မြို့မရုပ်ရှင်ရုံအရှေ့တွင်
လူအများဖြင့် ပြည့်နှက်နေသည်။ အချို့မှာ ပန်းခွေများ၊
ပန်းစည်းများကိုင်ကာ စီတန်းလျက်။ အချို့မှာ
တူညီဝတ်စုံများဖြင့်အုပ်စုလိုက်၊ လမ်းပေါ်တွင်၊ လမ်းဘေးတွင်၊
လမ်းဘေးပလက်ဖောင်းပေါ်တွင်။ ဟုတ်ပါသည်။ ယနေ့ကား စက်တင်ဘာ (၉)ရက်။
မြန်မာတစ်ပြည်လုံး ကိုလိုနီဘ၀မှ ရုန်းထလာနိုင်အောင်
စတင်မီးမောင်းထိုးပြခဲ့သည့် အာဇာနည် တစ်ဦး၏ နောက်ဆုံးနေ့ကို နှစ်စဉ်
အမှတ်တရ ဂုဏ်ပြုကြသည့်နေ့။ ဆရာတော် ဦးဥတ္တမနေ့။

“နောက်ဆုံးတော့ အဲဒီနိုင်ငံရေးသမားတွေကပဲ သူ့ကို ချောင်ထိုးလိုက်ကြတာ” ဟု
သက်လတ်ပိုင်း လူကြီး တစ်ဦးက တွေးတွေးဆဆပြောပြသည်။

“ဒီမြင်ကွင်းကို မမြင်ခဲ့ရတာ နှစ်တွေအတော်ကြာခဲ့ပါပြီ။ အခုမြေးတွေနဲ့အတူ
လာကန်တော့တာ၊ ဆရာတော်ရဲ့ စိတ်ဓါတ်ကို အားလုံးအတုယူကြရမယ်” ဟု စစ်တွေမြို့
မောလိပ်ရပ်ကွက်မှ အငြိမ်းစား အစိုးရ၀န်ထမ်း တစ်ဦးက Coral Arakan
ကိုပြောသည်။

ဆရာတော်၏ ရုပ်တုသည် ပန်းခြံအလယ်တွင် မားမားရပ်လျက်။ ဆရာတော်၏
ရှေ့တော်မှောက်တွင် ပန်းစည်း များ၊ ပန်းခွေများ၊ ဆီမီးတိုင်၊
အမွှေးတိုင်များက အစီအရီဦးညွှတ်လျက်။

အသစ်စက်စက်ဖွဲ့စည်းလိုက်သော “ရခိုင်ကျောင်းသားသမဂ္ဂ” ၏ အလံသည်
ဆရာတော့်ရုပ်တု ရှေ့မှောက်သို့ ရောက်လာသည်။ လက်ယာရစ် သုံးကြိမ်
လှည့်ပတ်ကာ ပူဇော်ကြသည်။ ရုပ်ထုတော်၏ ခြေရင်းမှ ဖြာထွက်လာသော
ဆီမီးအလင်းရောင် တို့သည်ကား မိမိတို့အတွက် အာရက္ခ အလင်းတန်းများပင်တည်း။
ရ၊က၊သ (ရခိုင်ကျောင်းသားသမဂ္ဂ) သည် လွတ်လပ်ရေး မီးရှူးတန်ဆောင်နှင့်
အဖြစ်ချင်း ထပ်တူကျနေ သလိုပင်။ ယနေ့ သမိုင်းတစ်ခေတ်အဆန်းတွင် အာရှနေ၀န်း
နှင့် ရ၊က၊သ အလံ တို့ ညှိုးငယ်နေရသေး သည်မှာကား ရက္ခိတ၀ိညဉ်အတွက်
အားအင်ပြန်တည်ဆောက်ခါစ ကာလ ဖြစ်သောကြောင့်ပင်တည်း။

”ကျောင်းသားတွေ၊ ပြန်ထွက်ကြတော့ ဟေ့။ ငါးယောက် တစ်တန်းနော်။ ငါးယောက်ပဲ။
ငါးယောက်ထက် မပိုရဘူး” ဟု အနီးကပ်စောင့်ကြည့်နေသည့်
လုံခြုံရေးဝန်ထမ်းများက မကြားကြားရလေအောင် ပြောဆိုကာ ကျောင်းသားများ
စီတန်းထွက်သွားကြလေကုန်၏။

အတန်ကြာတော့ လူထုအများတို့ လုံးဝမျှော်လင့်မထားသည့် မြင်ကွင်း ရောက်လာချေသည်။

သူသည် တောင်ဘက်တက်လမ်းအတိုင်း ခပ်ယို့ယို့တက်လာကာ ကိုယ်တော့်၏ အရှေ့တွင်
ရပ်လိုက်သည်။ ပြီးနောက် အဆင့်မြင့်သိုင်းသမားတစ်ယောက် အေးဆေးသက်သာ
ဓါးအိမ်မှ ဓါးကို ဆွဲထုတ်သကဲ့သို့သော ယုံကြည်စိတ်ချအေးဆေးမှုမျိုးဖြင့်
သူလွယ်ထားသော အိတ်မှ ဂီတာခပ်သေးသေးတစ်လက်ကို ဆွဲထုတ် လိုက်သည်။
သူ့ရှေ့တွင် မီဒီယာသမားများ စုပြုံရောက်ရှိသွားသည်။ ကင်မရာ
မီးများပွင့်သွားသည်။ ဂီတာကို ညင်သာစွာ တီးခတ်ယင်းကနေ လူအများကို
သူတချက်မော်ငဲ့ကြည့်လိုက်သည်။ ဆူညံသံများငြိမ်သက်သွားပြီး၊
ငံ့လင့်စောင့်စားမှုတို့ဖြင့် တိတ်ဆိတ်ကုန်သည်။

ကလက်ဆီကယ် (classical) ဂီတာသံစဉ်နှင့်အတူ တေးသွားတစ်ပိုင်းတစ်စ
စတင်ပျံလွင့်လာသည်။ ခပ်ဆွေးဆွေး၊ အသံအားကောင်းကောင်း ၄င်းအနုပညာရှင်က
ကိုယ်တော်အား တေးတစ်ပုဒ်ဖြင့်ပူဇော်လေ သည်။ ထို့နောက် ဂီတာကို
အိတ်ထဲသို့အသာအယာထည့်သည်။ ပြီးလျှင်ထိုင်ကန်တော့သည်။ ၀ိုင်းကြည့်
အားပေးနေကြသူ လူအုပ်ထဲမှ မိန်းကလေးတစ်ဦးက ၀င်းကိုခိုင်ဆိုတာသူလား
ဗမာလိုဆိုတယ်နော် ဟု ရခိုင်ဘာသာစကားဖြင့် မသီဆိုသည့်အတွက် အနည်းငယ်
မလိုလားသော လေသံဖြင့်ဆိုသည်။ ထို ကောင်မလေးရှေ့နားက ကောင်လေးတစ်ယောက်က
ပြန်လှည့်ကြည့်ပြီး “ဦးဥတ္တမ ဆိုတာ မြန်မာတစ်နိုင်ငံ လုံးကို
မျက်လုံးဖွင့်ပေးခဲ့တဲ့ပုဂ္ဂိုလ်လေ။ ဗမာလိုဆိုရတာက တစ်နိုင်ငံလုံး
သိဖို့အတွက်လေ” ဟု ခွန်းတုံ့ပြန် သည်။

“ဆရာတော်ဦးဥတ္တမလို့ဆိုလိုက်ရင် ကျွန်တော်တို့တစ်မျိုးသားလုံးရဲ့ ရင်ထဲ
နှလုံးသားထဲမှာ နေရာအပြည့် ယူထားတယ်ဆိုတာ ဘယ်သူကမှ ပြောစရာမလိုပဲ
သိကြတယ်။ ကျွန်တော် ဒီသီချင်းနဲ့ အမျိုးသားအာဇာနည် ဆရာတော် ဦးဥတ္တမကို
သီဆိုပူဇော်တာကို၊ ဖယောင်းတိုင်မီးနဲ့ မီးပူဇော်တဲ့ သဘောနဲ့
နှိုင်းကြည့်ချင်တယ်။ ဖယောင်းတိုင်ကနေ အလင်းပေးတဲ့မီးကူးသွားသလို
ကျွန်တော်တို့ရဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ကျွန်တော့် သီချင်းနဲ့
မီးကူးပေးလိုက်တာဖြစ်ပါတယ်”ဟု မြန်မာ့အာရှနေ၀န်း သီချင်းဖြင့် ဆရာတော်အား
သီဆို ပူဇော်ခဲ့သည့် ရခိုင်အမျိုးသားတေးသံရှင် ၀င်းကိုခိုင်က
ကျွန်တော်တို့ Coral Arakan သတင်းအဖွဲ့အား ပြောကြားသည်။

ဆရာတော်အား ရခိုင်နိုင်ငံရေးပါတီနှစ်ခု အပါအ၀င် သံဃာတော်များ၊
မြို့ပေါ်ရပ်ကွက်မှ ရခိုင်မျိုးချစ် အမျိုးသား အမျိုးသမီးများ အစုလိုက်
အသင်းအဖွဲ့အလိုက် လာရောက်ဂါရ၀ပြုကြသည်။ ရခိုင် တိုင်းရင်းသားများ
တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
နှင့် ပြည်ခိုင်ဖြိုး( USDP) အပါအ၀င် နိုင်ငံရေးပါတီများက ပန်းစည်း
ပန်းခွေကြီးများဖြင့် အသီးသီး လာရောက် ဂါရ၀ပြုကြသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) ကိုတော့ မတွေ့ရပေ။
နိုင်ငံရေးဆက်လုပ်ချင်သေးလျှင် ပန်းခွေတစ်ခွေကိုင်လျက် ငါတို့ မသေ
မပျောက်သေး ဟု သူတို့အနေဖြင့် အလုံးအထည် လာပြသင့်သည်။ ဦးပေါင်းကျားနှင့်
မြင်းကျားရှင် ကဲ့သို့ ငါမအိုသေး ဟု အထူးတလည် ပြောနေစရာမလို။

ညနေ သုံးနာရီခန့်တွင် အသျှင်မြတ်၏ နိမိတ်ပုံဖြစ်သော မီးရှူး
ကိုရှေ့ဆုံးမှတင်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏
ဦးဆောင်မှုဖြင့် လူသုံးရာကျော်ခန့်ချီတက်လာသည်။ ယခင်နှစ် အခမ်းအနားတွင်
မီးရှုးကိုင်ဆောင်ခဲ့သူ ကိုဝါဘိုကား ဇွန်လ သုံးရက်နေ့
ရဲစခန်းရှေ့ဆူပူမှုတွင် ပါဝင်သည်ဟု စွပ်စွဲ ဖမ်းဆီးခြင်း ခံထားရသည်။
စစ်တွေမြို့အစွန်က ထောင်ကြီးထဲကို သူရောက်နေသည်။ ဆူပူနေသူများကို
ထိန်းသိမ်းရန် အလို့ငှာ ဗလ ကောင်းသော ကိုဝါဘို ကို လာကူလှည့်ပါဟု RNDP
ပါတီမှ တာဝန်ရှိသူများက မရမက အိမ်ကို လိုက်ခေါ်လို့ ကူညီထိန်းသိမ်းပေးရန်
သူ လိုက်လာခဲ့သည်ဟု ဆိုကြသည်။ သို့သော် ကိုဝါဘို အဖမ်းခံရ သောအခါ RNDP မှ
တာဝန်ရှိသူ ဆိုသူများ သူ့ကို မကူညီနိုင်တော့ပြီ။ တောင်ဝှေးလဲသောအခါ
ဖိုးသူတော် ကူနိုင်သော် လည်း ဖိုးသူတော်လဲသောအခါ တောင်ဝှေး
မကူနိုင်တော့ပြီ။ (သို့ဆိုသဖြင့် သ၀ှါပါတီအား တောင်ဝှေးသာသာ
လုပ်ပိုင်ခွင့်မျှသာရှိကြောင်း ပြောသည်ဟု မထင်စေလို။ ဥပမာမျှသာ
ဖြစ်ကြောင်း မှတ်ယူစေလို။)

သို့ပင်ငြားသော်လည်း တစ်ဗိုလ်ကျလျှင် တစ်ဗိုလ်တက်ရပေမည်။ သည်တော့
ဒီနှစ်လည်း ဆရာတော်ကား မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ဖြစ်သည်
ဆိုကြောင်းကို အတိအလင်းဖော်ကျုးသည့် မီးရှုးတန်ဆောင် အလင်းဆောင်လျက်
ချီတက်လာ ကြပြန်ချေသည်။

ယနေ့ စစ်တွေမြို့ လမ်းမကြီးတွင် ထောင်နှင့်ချီသော လူတန်းကြီးက နေရာယူ
လှည့်လည်နေလေသည်။ “မြန်မာ့ လွတ်လပ်ရေးမီးရှူးတန်ဆောင် ကျေးဇူးရှင်ဆရာတော်
ဦးဥတ္တမ”ဟု ရေးထားသည့် အလျားရှစ်ပေ အနံခြောက်ပေခန့်ရှိ
ပိုစတာကြီးတစ်ခုကို လူတန်းကြီး၏ အလယ်ပိုင်းကျကျတွင်တွေ့ရသည်။

တစ်ချိန်က ဗြိတိသျှအစိုးရလက်ထက် ၁၉၂၇-ခုနှစ်တွင် ပုဒ်မ(၁၄၄)ကြောင့်
အကျဉ်းချခံခဲ့ရဖူးသည့် ဆရာတော်အား အောက်မေ့ဘွယ်နေ့ ဖြစ်သည့် ယနေ့တွင်
ပုဒ်မ(၁၄၄)ထုတ်ထားသော စစ်တွေမြို့၌ ရာနှင့်ချီသော ရဟန်းရှင်လူ
ပြည်သူများသည် ဆရာတော်၏ ကျေးဇူးတရားကို ဂါရ၀ပြုရန် ချီတက်လာ ကြကုန်သည်။
အုတ်အုတ်ကျက်ကျက် ပင်တည်း။ သောင်းသောင်းသဲသဲ ချီတက်ကြကုန်၏။
"တစ်ရာ့လေးဆယ့်လေး" ကို "တရားရေအေးလေး" နှင့် နားကြားလွဲသွား
ကြဟန်တော့မတူ။

ခုနစ်ဆယ့်သုံးကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင်
လမ်းလျှောက်ချီတက်ဂါရ၀ပြုကြခြင်းနှင့် ပတ်သက်၍ RNDP မှ
ဦးခိုင်ပြည်စိုးအား Coral Arakan ကမေးမြန်းရာတွင်၊ မိမိတို့ပါတီက
သက်ဆိုင်ရာအုပ်ချုပ်ရေးဋ္ဌာနကို
တရားဝင်အကြောင်းကြားစာပေးထားပြီးဖြစ်ကြောင်း၊ ကားဖြင့်သွားရောက်
ဂါရ၀ပြုရန် ညွှန်ကြားထား သော်လည်း ဆရာတော်အားဂါရ၀ပြုရာတွင်
ခြေလျင်လမ်းလျှောက်မှသာလျှင် လေးစားရာရောက်မည်ဖြစ်သဖြင့် ပုဒ်မ-၁၄၄
ထုတ်ထားသော်လည်း ကောင်းမြတ်သောရည်ရွယ်ချက်ဖြင့်
စီတန်းလှည့်လည်ခြင်းဖြစ်ကြောင်း ဖြေကြားသည်။

(သို့ရာတွင် ယနေ့ကျပြန်တော့ ကိုဝါဘိုအား ဖမ်းဆီးခဲ့သည့် ပြည်သူ့ရဲဘက်မှ
တာဝန်ရှိသူများ သည် ရဲစခန်းရှေ့ ဆူပူမှုဖြစ်စဉ် ညဥ့်ကလို သေနတ်အချက်ပေါင်း
သုံးရာကျော် မပစ်ခတ်ပေ။ ပါတီတစ်ခုမှ တာဝန်ရှိသူအချို့သည်လည်း ထိုစဉ်ညက
တချို့သောခေါင်းဆောင်တွေလို ရဲတွေက စခန်းအပြင်ဘက်က လူတွေကို
ပစ်ခတ်နေစဉ်မှာ ရဲစခန်းထဲမှာ ခပ်ကုပ်ကုပ်လေး ခေါင်းလျှိုနေစရာမလိုခဲ့ပေ။
ထိုစဉ်ညကလို ပုန်းနေစရာမလိုပဲ ယနေ့မှာတော့ စီတန်းလှည့်လည်ပွဲကို
ခပ်ကြွားကြွားလေး ဦးဆောင်ကြသူများကလည်း ဦးဆောင်ကြကုန်လေ၏။)

ဆရာတော်ကို လာရောက်ပူဇော်သည့် ကျောင်းဆရာအငြိမ်းစားတစ်ဦးက
“အမျိုးသားရေးစိတ်ဓါတ် ပြန်လည်နိုးထလာတယ်လို့ပြောရမယ်။ တစ်လောက
ဘင်္ဂါလီအကြမ်းဖက်မှုတွေဖြစ်ခဲ့တာနဲ့လည်း ဆိုင်ပါလိမ့် မယ်။ အခု ဘင်္ဂလီတွေက
အကြမ်းဖက်နယ်မြေလုတော့မှ အားကိုးစရာမရှိမှန်းသိလာကြတယ်။ အမိမဲ့သား
ရေနည်းငါးလို ဖြစ်ရတယ်။ ခေါင်းဆောင်ရှာလာကြတယ်။ ဦးဥတ္တမလို
ခေါင်းဆောင်တွေ ငါတို့လူ့အဖွဲ့စည်းမှာ လိုအပ်နေတယ်” ဟု တစ်ဖက်က
မြေးငယ်ကို လက်ဆွဲထားရင်း Coral Arakan ကိုပြောသည်။ ဆရာတော် ဦးဥတ္တမသည်
မြန်မာနိုင်ငံလွတ်လပ်ရေးရရန်အတွက် စွမ်းစွမ်းတမံကြိုးပမ်းရင်း
မိမိဇာတိရခိုင်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရန် မေ့လျော့နေခဲ့သူ
ဟုတ်မဟုတ်ကိုလည်း မည်သူမျှ မေးခွန်းမထုတ်ကြပေ။

မြန်မာပြည်တစ်ခုလုံး ကိုလိုနီဘ၀တွင် နေသားကျနေသည့်အချိန်၊ ဂျော့ဘုရင်
ဘုန်းတော်ဘွဲ့ကို မြိန်မြိန် ရှက်ရှက် သီဆိုနေကြချိန်တွင် ဆရာတော်
ဦးဥတ္တမက “ဒါဟာ ကျွန်ပြုခံ နေရတာ၊ ငါတို့မဖြစ်မနေ တော်လှန်ရ မယ်”ဟု
နိုင်ငံရေးအသိစိတ်မြှင့်တင်ပေးခဲ့သည်။

ဂျော့ဘုရင်ခေတ်က တော်လှန်ခဲ့သည့် သတ္တိကို မမေ့အပ်၊ ယနေ့ခေတ်တွင်လည်း
အတုယူ ထားရှိအပ်သည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ကဆိုလိုချင်
သလား မပြောတတ်။ သူတို့၏ ဦးဥတ္တမနေ့ထုတ် လက်ကမ်းစာစောင်မှာတော့ သည်လို
ရေးထားသည်။

ဘယ်သမိုင်းခေတ်မှာမဆို
ပြည်သူ့အကျိုး ဦးထိပ်ထားပြီး
ဖိနှိပ်ကျွန်ပြုတဲ့ မင်းဆိုးမင်းညစ်တွေကို ဆန့်ကျင်ရဲတာ
သစ္စာတရားပါဘဲ . . . ဟု (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) RNDP
မှ ထုတ်ဝေသည့် ဦးဥတ္တမနေ့ အထိမ်းအမှတ် လက်ကမ်းတစ်စောင်တစ်ခုတွင် ဖတ်ရသည်။

ယင်းစာပုဒ်ကို ရေးသူမှာ ရဲစခန်းရှေ့ ဆူပူမှုဖြစ်စဉ်ညက
သေနတ်တွေတစ်ဒိုင်းဒိုင်း ပစ်ခတ်နေစဉ် တည်းခိုခန်း တစ်ခုတွင် ပုန်းနေခဲ့သူ
မဖြစ်ဖို့ကိုပဲ ကျွန်တော်တို့ အလေးအနက် မျှော်လင့်ပါသည်။

RNDP (အရပ်အခေါ်၊ တိုးတက်ရေးပါတီ) က စည်းရုံးရေးမှာ လက်ဦးထားသဖြင့်
လူအင်အားများများနှင့် နေ့ခင်းကြောင်တောင် စီတန်းလမ်းလျှောက်ခြင်းကို
လုပ်ဆောင်နိုင်သောအချိန်မှာ ပြိုင်ဖက် စစ်တွေ ALD (အရပ်အခေါ်၊
ရခိုင်ဒီမိုကရေစီ) က နည်းနည်းနှင့် ကျဲကျဲဝိုင်းပုံက၊
မနက်စောစောပိုင်းမှာ ကြီးပေ့ဆိုတဲ့ လွမ်းသူ့ပန်းခွေ
အကြီးကြီးသွားထားလိုက်ရုံပင် ဖြစ်၏။ လူနည်းတာလည်း ပြည်သူမသိနိုင်။
လွမ်းသူ့ ပန်းခွေ ကြီးတာကိုပဲ လူသိတော့မည် ဖြစ်သည်။

* * *

ယနေ့ နေမင်းသည် အာရှနေ၀န်းကို ရင်ဆိုင်ရဲဟန်မတူ။ တိမ်တို့၏ နောက်တွင်သာ
တစ်နေ့လုံး ခပ်ယို့ယို့ နေလေသည်။

သို့သော် ယနေ့ ကောင်းကင်သည်ကား ဆရာတော်အတွက် ၀မ်းနည်းဟန်တူသည်။
မိုးမျက်ရေတွေ တဖြိုင်ဖြိုင် ကျလေ၏။

သို့သော် အသျှင်မြတ်ကား ပန်းခြံအလယ်တွင် မိုးဒဏ်လေဒဏ်ခံ၍ မားမားရပ်မြဲ။

တီရှပ်၏ ရင်ဘတ်တည့်တည့်တို့တွင် we are not slaves. ဟု အင်္ဂလိပ်ဘာသာဖြင့်
ရေးထားသည့် တူညီ ၀တ်စုံဝတ် လူငယ်များက အသျှင်မြတ်အား ဂါရ၀ပြုကာ
ပြန်သွားကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်လောက်ကလို ဦးဥတ္တမနေ့တွင်
လွမ်းသူ့ပန်းခွေလာချရုံမျှဖြင့် စစ်ထောက်လှမ်းရေးများ အိမ်ကို
ရောက်လာပြီး မေးလား မြန်းလား စစ်လားဆေးလား လုပ်ကြသည့် ခေတ် မဟုတ်တော့ပြီ။
ပါမစ်ရ နိုင်ငံရေး ဖြစ်ကုန်ပြီ။ ဟိုတစ်လောက
ရဲစခန်းရှေ့ဆူပူမှုမဖြစ်ခင်လေးတင်က ပါတီတစ်ခု၏ ညီလာခံတွင် တက်ရောက်
စကားပြောသူ ခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့က ဒီပါတီကို အသက်စွန့်ပြီး
တည်ထောင်လာခဲ့တာ” ဟု စင်ပေါ်မှ ပြောလေရာ ပရိတ်သတ် အပေါင်းက
သောင်းသောင်းဖျဖျ လက်ခုပ်တီးကြသည်ကို အံ့သြဖွယ်ရာ ကြားရ မြင်ရဖူးလေသည်။
၂၀၀၈-ဖွဲ့စည်းပုံအခြေခံကို ထောက်ခံကာ Myanmar Egress လို
အဖွဲ့အစည်းမျိုး၏ အကူအညီဖြင့် ပါတီထောင်ရန်မှာ အသက်စွန့်ရန်ကို
မပြောနှင့်။ အရေပြားကိုမျှပင် အပွန်းခံရန် လိုမည် မထင်ပေ။
ပါးစပ်မှပြောထွက်သောသူများကိုရော လက်ခုပ်တီး ကြသူများကိုပါ ဤလောကတွင်
ဤလိုမျိုး ရှိနေသေးပါသလားဟု အံ့သြကုန်နိုင်ဖွယ်တွေ့ရဖူးသည်။
ထိုစကားပြောသူ၏ ဆိုလိုသည့်အချက်က မိမိတို့သည် ဤမျှ သက်စွန့်ဆံဖျား
အလုပ်လုပ်လာကြသူများ ဖြစ်ကြသည်။ ဤသို့သော သူများကပင်လျှင်
ရှစ်ပြည်နယ်ဖက်ဒရယ်ပြည်ထောင်စုမူကို မတင်ဝံ့သေးပါ ဟူသတတ်။

ကဲ . . . ဒီနေ့ ဦးဥတ္တမနေ့မှာ သမ္မတခန့်အပ်သော ရခိုင်ပြည်ပဋိပက္ခ
စုံစမ်းရေးကော်မရှင်က စစ်တွေမြို့မှာ လက်ရှိ ရောက်နေကြပြီ။ ၄င်းတို့အား
အထောက်အလှမ်းလုပ်ကာ လိုအပ်ရင် လိုအပ်သလို အတို့အထောင် လုပ်မည့် OIC ၏
အေးဂျင့်များကလည်း ဂုဏ်သရေရှိ ထောင်ထောင်မောင်းမောင်း
နိုင်ငံခြားသားများအဖြစ် မြို့စစ်တွေတွင် ရောက်ရှိနေကြလေပြီ။
စစ်တွေမြို့သူမြို့သားတို့ကား ယင်းအချက်ကို သတိမထားမိနိုင်အားကြ။

ဦးဥတ္တမနေ့ ကျင်းပနေရာ ဦးဥတ္တမပန်းခြံ နှင့် မျက်နှာချင်းဆိုင်တွင်
“နိုင်ငံခြားသားများကို ကူညီပါ” ဆိုသော ဆိုင်းဘုတ်က ပြူးတူးပြဲတဲ
ရှိနေဆဲ။ နိုင်ငံခြားသား ဘင်္ဂါလီများကို ကျွန်ုပ်တို့ ကူညီရမည်လော။
နမိတ်မရှိ နမာမရှိ။

မြို့သူမြို့သားများက ရုတ်ရုတ်သဲသဲနှင့် အလုပ်ရှုပ်နေကြချိန်မှာ
စစ်တွေဟိုတယ်တွင် အမေရိကန် ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက
ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ဆုံတွေ့ကာ ဒေသခံများက နိုင်ငံခြားသားဟု
သတ်မှတ်သဘောထားကြသော ဘင်္ဂါလီများကို မြို့ပြင် ဒုက္ခသည်စခန်းများကနေ
စစ်တွေမြို့တွင်းသို့ ပြန်ခေါ်သွင်းနိုင်မည့် အလားအလာကို
တီးခေါက်မေးမြန်းနေလေသည်။ ယင်း တွေ့ဆုံပွဲမှာ တက်ရောက်စကားပြောနေသည့်
ဝံလက် ဖောင်ဒေးရှင်း အပါအ၀င် လူမှုရေးအသင်း ကိုယ်စားလှယ်များက
ဤဘင်္ဂါလီများပြဿနာသည် ဘင်္ဂလာဒေ့ရှ်၏ ပြဿနာသာဖြစ်သည်ဟု ငြင်းချက်ထုတ်
ပြောဆိုနေရလေသည်။ စစ်တွေမြို့တွင်းမှာကား ရုတ်ရုတ်သဲသဲ
အုတ်အုတ်ကျက်ကျက်ပင်။

ဘာပဲပြောပြော . . . စစ်တွေမြို့ပေါ်တွင် ယနေ့ ၂၀၁၂ခုနှစ် စက်တင်ဘာလ
(၉)ရက်နေ့တွင် ကျင်းပသော (၇၃)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမအား
ချီတက်ဂါရ၀ပြုသည့် အခမ်းအနားကို နိုင်ငံရေးပါတီများ၊
ရခိုင်ကျောင်းသားသမဂ္ဂ အသစ်စက်စက်၊ Aussar ကျောင်းသားအဖွဲ့၊
ရဟန်းပျိုများသမဂ္ဂ၊ လေညင်းခံအဖွဲ့၊ ကိုယ်ခံပညာရှင်များအဖွဲ့ အပါအ၀င်
အဖွဲ့ပေါင်း (၃၀)ခန့်နှင့် လူအင်အား(၁၅၀၀)ခန့်လာရောက် ဂါရ၀ပြုခဲ့ကြသည်။
မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်၊
ကျောက်ဖြူမြို့ပေါ် နှင့် ကျောက်ဖြူမြို့နယ် ဇင်ချောင်း တို့တွင်လည်း
ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ကြီးကြီးငယ်ငယ် ကျင်းပခဲ့ကြသည်။

ဆိုလိုသည်က နှစ်ဆယ်ပေါင်းများစွာ ဆရာတော်ဦးဥတ္တမနေ့ကို ကျင်းပခွင့်မပေးပဲ
ရခိုင့်သူရဲကောင်းအာဇာနည် တစ်ယောက်ကို ရခိုင်တို့၏ နှလုံးသည်းပွတ်တွင်
မရှိရလေအောင် လုပ်ပင်လုပ်သော်ငြားလည်း ရခိုင်တို့က ငါတို့သည်
ငါတို့၏ဆရာတော်ဦးဥတ္တမကို ဘယ်တော့မှ မမေ့ ဟု
ဖော်ထုတ်ပြောဆိုလိုက်ခြင်းပင် ဖြစ်လေတော့ သတည်း။

သို့သော် . . . ။ ဒါကို လိုလားဖို့ရာ အဆင်သင့် မဖြစ်နိုင်သေးသူများကား
သံတွဲမြို့နယ်မှ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများပင် ဖြစ်လေသည်။ စီတန်း
လှည့်လည်ရန် အသင့်ဖြစ်ပြီးနေသော လူစုလူဝေးအား လူစုခွဲခိုင်း
ပြန်လှည့်ခိုင်းသည် ဆိုသည်ကိုကား သံတွဲမြို့သူမြို့သားများကလည်း မကျေနပ်၊
တောင်ကုတ်မြို့ သူမြို့သားများကလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြလေရာ
သံတွဲမြို့ကို တောင်ကုတ်မြို့ကဲ့သို့ တိုးတက်သာယာသော မြို့တစ်မြို့
ဖြစ်လာအောင် လုပ်ကြပါတော့ လုပ်ကြပါတော့ ဟု တွန်းပို့ပေးရာ မရောက်အောင်
သတိချပ်ရမည်ကား အုပ်ချုပ်ရေးအရာရှိမင်းတို့တာဝန်ပေတည်း။ ဤသည်ကား ဤသတင်း
ဆောင်းပါးက နောက်ဆုံး ပေးလိုသော အချက်အလက်ပင် ဖြစ်ပေ၏။

(သာထွန်းဦး နှင့် ဟန်မောင်သိန်း အား မင်းခရီက ကူညီရေးသားသည်။)





Read this document on Scribd: Brief History of AASYC

No comments: