စက်တင်ဘာလကို ပြန်လည်အောင်းမေ့ခြင်း။
စက်တင်ဘာလကို ပြန်လည်အောင်းမေ့ခြင်း။
(ရွှေဝါရောင်တော်လှန်ရေး ၂၀၀၇ ခုနှစ် မှတ်တမ်းများ ပြန်လည်ဖေါ်ထုတ်ခြင်း - ၂၀၁၂ ခုနှစ်)။
စက်တင်ဘာလကို ပြန်လည်အောင်းမေ့ခြင်း။
အပိုင်း (၁)။
ကျွန်တော်တို့ ရှုံးလို့မဖြစ်ဘူးဗျာ..ကျွန်တော်တို့ရှုံးရင် ဒီ့ထက်ပိုပြီး အဖိခံရလိမ့်မယ်ဗျ...ဒီအခြေအနေရောက်ဖို့ အနှစ်နှစ်ဆယ်လောက် စောင့်ခဲ့ရတာ ..ရှုံးသာရှုံးခဲ့ရင် နောက်ထပ်အနှစ်နှစ်ဆယ်ထပ်စောင့်ရလိမ့်မယ်..အခုတောင်အထဲမှာ မင်းကိုနိုင်တို့ ဘယ်လောက်ခံနေရပြီလဲမသိဘူး... တုန်တုန်ရီရီ ကြေကြေကွဲကွဲပြောနေတဲ့ သူ့ကို ကျွန်တော်ဘာပြန်ပြော ရမှန်းမသိအောင်ဆို့နစ်နေတယ်....တကယ်တော့ သူလဲကျွန်တော့်ကို မသိသလို ကျွန်တော်လည်းသူ့ကိုမသိပါဘူး...ဒါပေမယ့် အရင်နေ့တွေက ဆန္ဒပြချီတက်ပွဲတွေမှာ မြင်တွေ့ခဲ့ကြဖူးပါတယ်။
အခု သူရောကျွန်တော်ပါ လုံထိန်းတွေရဲ့ ရွှေဘုံသာလမ်းနဲ့ သိမ်ကြီးဈေး အကြား ဖရေဇာလမ်းပေါ်မှာ ဆန္ဒပြနေသူတွေကို တစ်လမ်းဝင် တစ်လမ်းထွက် ပိတ်ဆို့ဖမ်းဆီးမှုကနေ လွတ်မြောက် လာခဲ့ကြတာပါ..နောက်နေ့တွေ ..နောက်နေ့နောက်နေ့တွေ ဘာဆက်လုပ်ကြမလဲ..ဘယ်သူတွေကဆက်ဦးဆောင်မလဲ..နှစ်ယောက်သား ပလက်ဖေါင်းပေါ်မှာ လေးလေးလံလံ လျှောက်နေရင်းနဲ့ မေးခွန်းတွေ ကြားမှာ ချောင်ပိတ်မိ နေတယ်...
ကြည့်စမ်းပါဦး..ကမ္ဘာပေါ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံတဲ့ဗျာ...အရင်က ဆွမ်းခံကြွရင် သံဃာ တော်ကအနည်းဆုံး အပါး ၃၀လောက်၊ ကိုရင်က ဆယ်ပါးလောက်ကြွနေုကျနေရာတွေမှာ အခုတော့ ကိုရင် ဆယ်ပါးလောက်နဲ့ သံဃာတော်ငါးပါးလောက်ပဲ ကြွတာတွေ့ရတော့ ကိုယ့်ဘာသာ ကိုယ့် သာသနာ အတွက် စိတ်တောင်မကောင်းဘူးဗျာ။ ဘယ်လိုကပ် ဆိုးတွေရဲ့အောက်မှာ သံဃာတော်တွေ ကျရောက်ခဲ့တာလဲ....ကိုယ့် ဆွမ်းဒကာ၊ ဆွမ်းဒကာမအတွေ အတွက် အစတေးခံသွားတဲ့ သံဃာတော်တွေ ဘယ်နှစ်ပါးလောက် ရှိနေပြီလဲ...အခုဆိုရင် သံဃာတော်တွေကိုဆွမ်းလောင်းလှူဖို့ ကိုတောင်မှ ဥပဒေပပြစ်မှုတစ်ခုလို မ၀ံ့မရဲဖြစ် နေရတာတွေ...မင်းကွန်း ဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့အခွေ ကိုအသံအကျယ်ကြီး မဖွင့်ရဲတာတွေ...ဓမ္မာရုံမှာ ထောင်ထားတဲ့ သာသနာ့အလံကိုတောင် ရန်အရှာခံရတာတွေ..ကိုယ့်ဘာသာ ကိုယ့် သာသနာ တော်ကြီးတစ်ခုလုံးကို အစော်ကားခံရတာတွေ...ဒါတွေအားလုံးကို ဘယ်သာသနာစောင့်နတ်တွေဆီ တိုင်တည် တိုင်တန်းလို့ ရနိုင်မလဲဗျာ.....
....................
အပိုင်း (၂)။
လူတွေအားလုံးရဲ့ရင်ထဲမှာ ဇဝေဇ၀ါတွေဖြစ်နေကြပါတယ်။ပခုက္ကူကိစ္စက တကယ်ပဲလား၊ ၁၇ ရက်နေ့ ရောက်လို့မှ အစိုးရဘက်က ဘာမှမထူးခြားရင်သံဃာတော်တွေဘက်က ငြိမ်းချမ်းစွာစီတန်း လှည့်လည် ဆန္ဒပြ မယ်ဆိုတာကရော တကယ်လား။ ၁၇ ရက်နေ့အထိကို လူတွေရင်ထဲမှာ တအုံနွေးနွေးနဲ့ စိုးရိမ်နေ ကြပါတယ်။ လမ်းပေါ်မှာ သံဃာတော်တစ်ပါးတစ်လေ သူ့ကိစ္စနဲ့သူ ကြွသွားတာမြင်ရင်တောင်မှ လိုက်ကြည့် နေကြတဲ့ အခြေအနေမျိုးပါ။ ဒီဇဝေဇ၀ါဖြစ်မှုတွေ ၊ စိုးရိမ်စိတ်တွေဟာ ၁၈ ရက်နေ့အရောက်မှာတော့ နေရောင်ကို မြင် လိုက်ရတဲ့ နှင်းထုတွေလို အကုန်ကွယ်ပျောက်ခဲ့ရပါတယ်။ သံဃာတော်တွေ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်တဲ့သတင်းကို ၁၈ ရက်နေ့ညပိုင်းကျမှ ကျွန်တော်သိရတာပါ။ အင်တာနက်ပေါ်က စီတန်းလှည့်လည်နေ တဲ့ သံဃာတော်တွေရဲ့ ပုံတွေကို ကြည့်ပြီး ကြက်သီးဖျန်းဖျန်း ထမိပါရဲ့။
၁၉ ရက်နေ့မှာလည်းသံဃာတော်တွေ စီတန်းလှည့်လည်ကြတယ်။ ဒီအချိန်အထိ ကျွန်တော့်မှာ မျက်ဝါးထင် ထင်မြင်တွေ့ဖူးခြင်းမရှိသေးပါဘူး။ အဲဒီ့အတွက် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်မိပါတယ်။ ဆူးလေဘုရားနဲ့ ကျွန်တော်ရှိတဲ့နေရာ မဝေးပေမယ့် သံဃာတော်တွေက ဆူးလေဘုရားလမ်းက နေကြွ သွားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော် ဘာမှမသိလိုက်ရတာ ဖြစ်ပါတယ်။
၂၀ ရက်နေ့မှာတော့ ကျွန်တော့်ရဲ့ဆန္ဒတွေ ပြည့်ဝသွားပါတယ်။ အဲဒီ့နေ့တွေက မုန်တိုင်းရှိလို့ နေ့လည် ပိုင်းလောက်ဆိုရင်မိုးရွာပါပြီ။ ဒီနေ့မှာလည်းမိုးကထုံစံအတိုင်းတဖွဲဖွဲကျနေပါတယ်။ အချိန်က ၃နာရီဝန်း ကျင်လောက်ရှိပါပြီ။ အဲဒီ့အချိန်မှာပဲ သံဃာတော်တွေ ဗိုလ်ချုပ်လမ်းပေါ်ကနေ ဆူးလေဘုရား လမ်းဘက် ကြွလာတာကို တွေ့ပါတယ်။ ပတ်ဝန်းကျင်တစ်လျှောက်မှာရှိတဲ့လူတွေလည်း၊ အံ့သြတဲ့မျက်လုံးတွေ၊ ၀မ်းသာ တဲ့မျက်နှာတွေနဲ့ ရုတ်ရုတ်သဲသဲတွေဖြစ်လို့။ မိုးရေတွေရွှဲစိုနေတဲ့ သံဃာတော်တွေဟာ ဘာကိုမှဂရုမထားပဲ လက်အုပ်ချီလို့၊ မေတ္တာပို့ကိုသာသံပြိုင်ရွတ်ဖတ်လို့ ကြွနေကြပါတယ်။ သံဃာတော်တွေရဲ့နောက်မှာတော့ လူက ဆယ်ဂဏန်းလောက်သာလိုက်လာပါတယ်။ အကြောက်တရားနဲ့ အုပ်စိုးခြင်းခံထားရတဲ့ပြည်သူတွေဟာ လောလောဆယ်မှာတော့ နောက်ကနေလိုက်ဖို့၊ လက်ခုပ်တီးပေးဖို့နေနေသာသာ လက်အုပ်ချီရှိခိုးဖို့ကိုတောင်မှ ခိုးကြောင်ခိုးဝှက်နဲ့ ရှိုခိုးနေရတာပါ။ ကျွန်တော်ကတော့ သံဃာတော် တွေကိုကြည့်ရင်းမျက်ရည်လည်မိပါတယ်။ (အခုစာရေးနေချိန်အထိလည်း ပြန်တွေးပြီး မျက်ရည်လည်မိပါတယ်ဗျာ။) ရေစိုနေတဲ့သင်္ဃန်းအလေးကြီးတွေနဲ့ ရွှေတိဂုံဘုရားနေလျှောက်လာရတဲ့ခရီး၊ တစ်နပ်တည်း သာရှိတဲ့ဆွမ်းအာဟာရနဲ့အဆက်မပြတ်မေတ္တာပို့ရွတ်ဆိုနေတာ ၊ ဒါတွေဟာကျွန်တော်တို့ အတွက် မဟုတ်ဘူးလားဗျာ။
အပိုင်း (၃)။
၂၁ရက်နေ့လောက်ကစလို့ သံဃာတော်များရဲ့ လမ်းလျှောက်မေတ္တာပို့ပွဲတွေဟာ တဖြည်းဖြည်း အရှိန် ရလာပါပြီ။ ပြည်သူတွေလဲတစ်နေ့ထက်တစ်နေ့အင်အားပိုများလာပါတယ်။ ကျွန်တော် လဲ ဒီရက်ပိုင်းတွေ ကစလို့ ဗိုလ်ချုပ်လမ်းပေါ်မှာ သံဃာတော်တွေကြွလာသံကိုနားစွင့်နေပြီး သံဃာတော်တွေ ကြွလာပြီ ဟေ့ဆိုတာနဲ့ မြို့တော်ခမ်းမရှေ့ရောက်တဲ့အထိ အနောက်ကနေလိုက်အားပေးဖြစ်ပါတယ်။ သံဃာတော် တွေရဲ့ ဦးဆောင်မှုကို ပြည်သူလူထုကြီးက သဘောပေါက်လာပါပြီ။
အနုပညာ နဲ့ စာပေသမား တချို့ရဲ့ တပ်လှန့်နှိုးဆော်သံကလဲ ပြည်သူလူထုကြီးကိုပိုပြီး အာရုံစိုက်မိစေပါတယ်။ သံဃာတော်တွေရဲ့အနောက်ကလိုက်ရုံတင်မဟုတ်တော့ပါဘူး။ သံဃာတော်တွေရဲ့ဘေးကနေ လက်ချင်း ကာရံချိတ်ပေးထားတဲ့အထိ နိုးကြားတက်ကြွလာပါပြီ။ လက်ချင်းချိတ်ပြီးလိုက်ပါနေတဲ့ လူထုဟာဆိုရင်လဲ ပုံစံအမျိုးမျိုးနဲ့ပါ။ ကွာတားဘောင်းဘီနဲ့ ဆံပင်အနီနဲ့ နားပေါက်နဲ့ လူငယ်တွေပါသလို၊ ပုဆိုးနဲ့ ရှပ်အင်္ကျီဝတ်ထားတဲ့လူငယ်တွေလဲ ပါပါတယ်။ ထို့အတူပဲ မိန်းကလေးတွေနဲ့ အဒေါ်ကြီးတွေ လည်းပါပါတယ်။
အသွင်အပြင်တွေ၊ ပုံသဏ္ဍာန်တွေ အမျိုးမျိုးကွဲနေပေမယ့် သူတို့ရဲ့ ရင်ထဲမှာတော့ တစ်ခုပဲရှိမှာပါ။ တိုက်ပွဲရဲ့အရှိန်ကတဖြည်းဖြည်းမြင့်လာပါပြီ။ ဒီအချိန်မှာပဲ သံဃာတော်တွေက ၂၃ ရက်နေ့အထိမှ တွေ့ဆုံဆွေးနွေးရေးတွေမဖြစ်မြောက်ဘူးဆိုရင် ၂၄ ရက်နေ့မှာ တပြည်လုံးမှာ လူထု နဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့ချီတက်ပွဲတွေ လုပ်မယ်လို့ တိုက်ပွဲအရှိန်ကိုတစ်ဆင့်ထပ်မြှင့်လိုက်ပါတယ်။
ဒီတိုက်ပွဲခေါ်သံက လူတိုင်းရဲ့ ရင်ကိုပဲ့တင်ရိုက်ခတ်လို့ ညံသွားစေပါတယ်။ ညဘက်ဆိုရင် တကြွီကြွီ၊တဂွီဂွီနဲ့ နိုင်ငံခြား အသံလွှင့်ဋ္ဌာနတွေရဲ့ မြန်မာပိုင်းအစီအစဉ်ကို ဖမ်းယူနားဆင်နေကြသံကို နေရာတိုင်း လိုလိုမှာ ကြား လာရပါတယ်။ စလောင်းကလွှင့်တဲ့ ဒီဗီဘီ ရုပ်သံမှာလည်း သံဃာတော်တွေချီတက်နေတဲ့ ဓါတ်ပုံ တွေကို လွှင့်ပေးနေပါတယ်။
လှုပ်ရှားမှုအရှိန်အဟုန်ကို တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ငြိမ်းချမ်းစွာရပ်တန့်ဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် တခြားနည်းလမ်းသုံးမလား ။ တကယ်လို့ တခြားနည်းလမ်းသုံးခဲ့မယ်ဆိုရင် ဘယ်လိုနည်းလမ်းလဲ ။ ပွင့်ပွင့် လင်းလင်း ပြောရရင် ကျည်ဆံသုံးမှာလား ၊ မသုံးဘူးလား။ ဘယ်သူမှ မခန့်မှန်းနိုင်သေးတဲ့ကာလပါ။ လူတွေ အားလုံး ဟာ ၂၃ရက်နေ့ ည ၈နာရီသတင်းကို ရင်ခုန် စွာစောင့်ကြည့်နေပါတယ်။
...........................
၂၄ ရက်နေ့ရဲ့ မိုးကောင်းကင်ကတော့ အရင်နေ့တွေတုန်းကလိုပါပဲ။ ဒါပေမယ့်လမ်းပေါ်မှာ တော့ အရင် နေ့တွေကလို မဟုတ်ပဲ ခြောက်ကပ်ကပ်နိုင်နေပါတယ်။ အခါတိုင်းနေ့တွေကတော့ ၁၂နာရီခွဲ ၁နာရီ လောက်ကျမှ ရွှေတိဂုံဘုရားကနေ သံဃာတော်တွေ စချီတက်နေကျပါ။ အဲဒါကြောင့်ကျွန်တော်လည်း သံဃာ တော်တွေဆွမ်းကပ်ချိန်လောက်အရောက်သွားရမယ်ဆိုပြီး အိမ်ကနေ ၁၀နာရီခွဲလောက်မှာ ထွက်ခဲ့ပါတယ်။ ၁၁ နာရီကျော်လောက်ဘုရားပေါ်ရောက်တဲ့ အချိန်ကျတော့ အရပ်ဝတ်နဲ့ထောက်လှမ်းရေးတွေကို တန်ဆောင်းတွေထဲမှာတွေ့ရပါတယ်။
အရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းကြီးဘုရားကိုသွားဖို့ ဆင်းလာတာလမ်း တစ် ၀က်လောက်ရောက်ချိန်မှာတော့ ဟိန်းဟိန်းညံနေတဲ့ ကြွေးကြော်သံတွေနဲ့ တဖြောင်းဖြောင်း တီးခတ်နေတဲ့ လက်ခုပ်သံတွေကိုစကြားရပါတော့တယ်။တပ်ဦးထိပ်မှာတလူလူလွင့်နေတဲ့ သာသ နာ့အလံတွေနဲ့အတူ သံဃာတော်တွေ ရွှေတိဂုံဘုရားပေါ်တက်လာကြပါပြီ။ ၀မ်းမြောက်ပီတိ ဖြစ်တဲ့စိတ်၊ တက်ကြွ ဆူဝေလာတဲ့သွေးတွေနဲ့အတူ လက်အုပ်ချီကန်တော့လိုက် ၊ လက်ခုပ်တီးအားပေးလိုက်နဲ့ တစ် ယောက်ထဲအလုပ်ကိုရှုပ်နေတာပါပဲ။
သံဃာတော်တွေကျော်ဖြတ်သွားပြီးချိန်မှာတော့ အနောက်ကလိုက်ပါလာတဲ့လူ ပရိတ်ဿတ်တွေထဲဝင် ပူးပေါင်းပြီးဘုရားပေါ်ပြန်တက်ခဲ့ပါတယ်။ လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်းကမ္ဘာလွှမ်း အေးချမ်းကြပါစေ ဆိုတဲ့ သံပြိုင်ကြွေးကြော်သံတွေဟာ ကြားရသူအပေါင်းကို ကြက်သီးဖျန်းဖျန်းထမတတ်ပါပဲ။ အောင်မြေရှေ့ရောက်ချိန်မှာတော့ သံဃာတော်တွေက အရှေ့ဆုံးမှာ စီတန်းပြီး အနောက်မှာ မယ်သီ လရှင်တွေ ၊ နောက် လူပရိတ်သတ်တွေဟာ ညီညီညာညာစီတန်းပြီး ထိုင်လိုက်ပါတယ်။ အောင်မြေတစ်ခုလုံးလည်းပြည့်ကျပ်နေပါပြီ။ ဦးဆောင်ဆရာတော်တွေ ညှိနှိုင်းတိုင်ပင်လို့အပြီးမှာတော့ အားလုံးဟာ နမောဿတ အစချီလို့ ဘုရားရှိခိုးကြပါတယ်။
ဒီ့နောက် ဆရာတော်တစ်ပါးက ဦးဇင်းတို့ ဒီနေ့ မြေနီကုန်း၊ အဲဒီ့ကနေလှည်းတန်း နောက်တံတား ဖြူဘက်ကနေ ကမ္ဘာအေးဘုရားကိုချီတက်မယ်လို့ ကြော်ငြာလိုက်ချိန်မှာတော့ လူအပေါင်းက သောင်း သောင်းဖျဖျ လက်ခုပ်တီးကြပါတယ်။
ချီတက်ပွဲစပါပြီ။ ရင်ပြင်တော်ပေါ်မှာတင်ပဲ သုံးဦးစီတွဲပြီး စီတန်းလိုက်ကြပါတယ်။ကျွန်တော်အပါအ၀င် တခြား လူကြီးလူငယ်တွေကလည်း သံဃာတော်တွေရဲ့ဘေးမှာ လက်ချင်းချိတ်ကာရံလို့ လိုက်ပါလာကြပါတယ်။ ဒါဟာ သတင်း စာတွေထဲမှာပုတ်ခတ်ထားသလိုအတွင်းကလူတွေ ပြင်ပြန် ထွက် လို့မရအောင် ၀န်း ရံ ပိတ်ဆို့ထားတာမဟုတ်ပါဘူး။ အပြင်က အန္တရာယ်တွေအတွင်းကိုဝင်မလာနိုင်အောင် ကာရံပေး ထားခြင်းသာဖြစ်ပါတယ်။ဘာပဲပြောပြော ရှေ့ဘက်မုခ်ဆီမှ ချီတက်လာခဲ့ကြတဲ့ သံဃာတော်များနဲ့ ပြည်သူအပေါင်းတို့ဟာ ကမ္ဘာအေးဘုရားဆီချီတက်ဖို့အတွက်အရှေ့ဘက်မုခ်ကနေ ပြန်ဆင်းလို့လာခဲ့ပါပြီ။ တ နည်းပြောရရင် မြန်မာပြည်သူ တွေအိပ်မက်သစ် မက်နိုင်ဖို့အတွက် မနက်ဖြန်ရဲ့တံခါးတွေကိုရိုက်ချိုးဖို့ ရဲရဲဝင့်ဝင့်ချီတက်လာခဲ့ကြပါပြီခင်ဗျား။
......................
အပိုင်း (၄)။
ကျွန်တော်တို့တွေလည်း အရှေ့ဘက်မုခ်ကနေတည့်တည့်ဆင်းလာကြပြီး ဗဟန်းဈေးအရောက်မှာ ဘယ် ဘက်ကိုချိုးကွေ့လို့ ရေတာရှည်လမ်းဟောင်းအတိုင်းချီတက်လာကြပါတယ်။ လမ်းဘေးဝဲယာမှာရှိကြတဲ့ ပြည်သူ လူထုတော်တော်များများကလည်း လက်ခုပ်တွေတီးပြီးအားပေးကြတာသောင်းသောင်းဖျဖျပါပဲ။
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်ပေမယ့် လက်ခုပ်တီးပြီးအားပေးဖေါ်ရတာကို ကျွန်တော်တို့ရင်မှာ အတိုင်းမသိ ၀မ်းမြောက်ကြည်နူးရပါတယ်။ ခြောက်လုံးလှန့်လုံးတွေကြောင့် တီးရတာမဟုတ် တဲ့ ၊ ဘာပယောဂမှမပါဝင်တဲ့ လက်ခုပ်သံစစ်စစ်ဆိုတာကို အဲဒီ့အချိန်ကတီးခဲ့တဲ့လူတွေအကုန်လုံး သိမှာပါ။
ရေတာရှည်လမ်းဟောင်းကနေထွက်လိုက်တဲ့အခါမှာတော့ရွှေဂုံတိုင်လမ်းမကြီးပေါ်ရောက်သွားပါတယ်။ အရှေ့ ဆုံးမှာရှိတဲ့ဦးဆောင်သံဃာတော်များဟာ အဖွဲ့ချုပ်ရုံးရှေ့မှာ ရပ်လို့ မေတ္တာပို့ ပေးပါတယ်။ မေတ္တာပို့ပြီးလို့ သံဃာတော်တွေကျော်ဖြတ်သွားတဲ့အခါမှာတော့ အဖွဲ့ချုပ်ရုံးရှေ့မှာရှိတဲ့ ပုဂ္ဂိုလ်များဟာ ရွေးချယ်ခံကိုယ်စားလှယ်များဆိုတဲ့ နဖူးစည်းနဲ့ အဖွဲ့ချုပ်ရဲ့အလံတွေကို ကိုင်စွဲပြီး ၀င်ရောက် ပူးပေါင်းပါဝင်လာ ကြပါတယ်။ သံဃာ၊ ကျောင်းသား ၊ လူထုနဲ့ နိုင်ငံရေးပါတီဝင်များပါဝင်တဲ့ ဆန္ဒပြအစုအဝေးကြီးဟာ အားရစရာကောင်းလောက်အောင်ကို ကြီးထွားလာခဲ့ပါပြီ။
မြေနီကုန်းဘက်ကိုတရွေ့ရွေ့ရောက်ရှိလာတဲ့အချိန်မှာတော့ဘယ်မှာ အစ၊ဘယ်မှာအဆုံးဆိုတာကို လှမ်းမျှော် ကြည့်လို့မမြင်နိုင်တော့ပါဘူး။ ခရီးရှည်လာတာနဲ့အမျှလူပရိတ်သတ်အပေါင်းကိုလည်းပုံစံအမျိုးမျိုးနဲ့ တွေ့လာ ရပါတယ်။ သံဃာတော်တွေကြွလာတာကိုမြင်တွေ့ရလို့ကိုယ်ပိုင်ကားကို ရပ်ပြီးကားထဲက ဆင်းကန်တော့တဲ့ လူတွေကိုတွေ့ရသလို၊ သင်တန်း ဒါမှမဟုတ် ကျောင်းကနေကြုံကြိုက်လို့ လိုက်လံအားပေးနေသူတွေကို လည်းတွေ့ရပါတယ်။ ထို့အတူပါပဲ လှိုက်လှိုက်လှဲလှဲလက်ခုပ်တီးအားပေးတဲ့ အမျိုးသမီးတွေကို တွေ့ ရသလို၊ မတုန်မလှုပ်ရပ်နေကြတဲ့ အမျိုးသားတွေကိုလည်း တွေ့ရပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။
ကိုးထပ်ကြီးဘုရားရှေ့မှာလည်း သံဃာတော်တွေဆုတောင်းမေတ္တာပို့ကြပါသေးတယ်။ လိုက်ပါလာတဲ့သံ ဃာနဲ့ လူဦးရေတွေအရမ်းများလာတဲ့အတွက် သုံးဦးစီကနေ ငါးဦးတစ်တွဲစီတွဲလို့စီတန်းပေမယ့်လည်း ရှည် လျားနေဆဲပါပဲ။ သံဃာတော်တွေဟာ ဗားကရာလမ်းအတိုင်းတည့်တည့်သွားလို့ ကမ်းနားလမ်း အ ရောက်မှာတော့ ညာဘက်ကိုချိုးလို့ လှည်းတန်းဘက်ဆီဆက်လက်ချီတက်နေပါတယ်။
အားလုံးဟာစည်းကမ်းရှိရှိနဲ့စနစ်တကျချီတက်နေတာပါ။ ဖိနပ်ပေါက်သူတွေကို ပလာစတာ ၊ မူးမော်သူတွေကို ဆေးဂွမ်းလိပ်၊ ညောင်းညာကိုက်ခဲလာသူတွေအတွက် ပရုပ်ဆီ စသဖြင့် လိုလေသေးမရှိရအောင် ဆေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် စေတနာရှင်တွေကလည်း သောက်ရေသန့်၊ သကြားလုံး၊ ဆေးလိပ်နဲ့ ကွမ်းယာပါမကျန်ရအောင် လိုက်လံဝေငှပေးနေပါတယ်။
ကမ်းနားလမ်းမတစ်လျှောက်လုံးလည်း ပြည့်ကျပ်နေပါပြီ။ အဝေးပြေးကုန်းဆင်းနားက ရဲစခန်းရှေ့ မှာလည်း သံဃာတော်တွေရပ်ပြီး မေတ္တာပို့ပေးကြပါသေးတယ်။ ရဲစခန်းကြီးကတော့ ၀င်းတံခါးတွေပိတ်လို့ တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်ပါပဲ။ လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။ စွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ}} အရှေ့အရပ်၌ရှိသော အနန္တစင်္ကြာဝဋ္ဌာ အနန္တသတ္တ၀ါတို့ ....... တစ်လမ်းလုံးတောက်လျှောက်ရွတ်ဆိုလာရလို့အားပျော့နေတဲ့အ သံများဟာ ရဲစခန်းရှေ့အရောက်မှာတော့ ဟိန်းညံပြီးထွက်ပေါ်လာပါတယ်။
လှည်းတန်းလမ်းဆုံကိုရောက်တော့ ပြည်လမ်းမပေါ်ကို ချိုးကွေ့လိုက်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မေတ္တာ ပို့သံတွေကိုကြားရတဲ့အခါ ရန်ကုန်တက္ကသိုလ်ထဲမှာ စာမေးပွဲဖြေနေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေဟာ စာမေးပွဲဆက်မဖြေကြတော့ပဲ ကျောင်းထဲကထွက်ပြီး လိုက်လာကြပါတယ်။ သံဃာတော်တွေဟာ အင်းလျား ကန်ရှေ့ တံတားဖြူကိုရောက်တဲ့အခါမှာတော့ ၈၈ တုန်းက ဒီတံတားဖြူမှာ ကျဆုံးသွားကြတဲ့ ကျောင်းသူ ကျောင်းသားတွေကိုရည်စူးအာရုံပြုလို့မေတ္တာပို့ပေးပါတယ်။ အားလုံးရဲ့ ရင်ဘတ်ထဲမှာတော့ မိုးကောင်း ကင်နဲ့ အပြိုင် မှိုင်းညှို့လို့ပေါ့။
တံတားဖြူကနေ ရှစ်မိုင်ဘက်ကိုဆက်လက်ချီတက်လာချိန်မှာ မိုးက တဖွဲဖွဲကျနေပါတယ်။ အနှောက်အယှက်မရှိ ချီတက်နိုင်တာကြောင့်ရော ၊ လိုက်ပါအားပေးသူ အရမ်းများပြားလွန်းတာကြောင့်ပါ ( ခန့်မှန်းခြေ တစ်သိန်းခွဲ၊ နှစ်သိန်းလောက်တော့ ရှိမှာပေါ့။ ) အားလုံးဟာ ပျော်ရွှင်နေကြပါတယ်။ ဒီလောက်လူအင်အားနဲ့ ဒီလိုညီညွတ် မှုမျိုးဟာ ၈၈ နောက်ပိုင်းမှာ ဒါပထမဆုံးအကြိမ်ပါပဲ။ ရှစ်မိုင်လမ်းဆုံရောက်တော့ ကမ္ဘာအေး ဘုရားဘက်ကိုချိုးကွေ့လို့ ဆက်လက်ချီတက်ကြပါတယ်။ မှတ်မှတ်ရရပြောရရင် တစ်လမ်း လုံးတောက်လျှောက်လက်ချင်းချိတ်လာတဲ့အတွက် လက်မောင်းတွေ နာနေပါ ပြီ။ ဒူးဆစ်တွေလဲ ကိုက်နေပါပြီ။ နောက်ဆုံး ဘေးကနေ လိုက်လာတဲ့လူတွေအရမ်းများတာကြောင့် လက် ချင်းချိတ်ထားတာတွေကိုလဲ ဖြုတ်လိုက်ကြပါတယ်။
မေတ္တာပို့လိုက်၊ လက်ခုပ်တီးလိုက် ၊ ကိုယ့်ဘေးနားက လူနဲ့ စကားပြောလိုက် နဲ့ ချီတက် လာကြတာ ကမ္ဘာအေးဘုရားကိုရောက်လာပါတယ်။ဘုရားကိုရောက်တော့ သံဃာတော်တွေက ဘုရား ပေါ်တက်သွားကြပြီး လူတွေက ဘုရားခြေရင်းမှာ အသီးသီးစောင့်နေကြပါတယ်။ လမ်းမကြီးဘေးက ဆိုင်တွေ လည်း ရေသန့်ဘူးတွေလက်မလည်အောင် ရောင်းရတာ ပစ္စည်းပြတ်သွားတဲ့ အထိပါပဲ။ အချိန်ကတော့ ည နေ ငါးနာရီခွဲလောက်ရှိပါပြီ။ တော်တော်ကြာတော့မှ ဆန္ဒပြပွဲကို ဒီနေရာမှာပဲ အဆုံးသတ် လိုက် တယ်ဆိုတဲ့အကြောင်းနဲ့ မနက်ဖြန်ကို ရွှေတိဂုံဘုရားမှာပဲဆုံကြမယ်ဆိုတဲ့အကြောင်းကြော်ငြာသံကို ကြားလိုက်ရပါတယ်။ လမ်းဘေးပလက်ဖောင်းတွေမှာ အဆင်ပြေသလိုထိုင်နေကြတဲ့လူထုကြီးဟာ အဲဒီတော့မှ ကျေနပ် အားရစွာ အသီးသီးလူစုခွဲလိုက်ကြပါတော့တယ်။
အပိုင်း (၅)။
၂၅ ရက်နေ့မှတော့ ဘုရားပေါ် ကျွန်တော်မသွားဖြစ်ပါဘူး။ ဒါပေမယ့် ဘယ်အချိန်ဆူးလေကို ရောက် လာမလဲလို့ နားစွင့်နေခဲ့ပါတယ်။ ထုံးစံအတိုင်းပါပဲ ။ နေ့လည် ၂နာရီကျော်လောက်မှာ ဆူးလေကို ရောက် လာပြီဆိုတဲ့အသံကြားတာကြောင့် ချက်ချင်းလိုက်သွားလိုက်ပါတယ်။ ဆူးလေကိုရောက်တော့ လူစု လူဝေး ကြီးက တိုးမပေါက်အောင်ပါပဲ။ အားလုံးဟာ ငြိမ်သက်စွာထိုင်လို့ သံဃာတော်တွေရဲ့ မိန့်ခွန်းတွေကို နားစိုက် ထောင်နေကြပါတယ်။ ဒါပေမယ့် လူအရမ်းများတာကြောင့် သဲသဲကွဲကွဲမကြားရပါဘူး။ သံဃာတော် အချို့ နဲ့လူအချို့စကားပြောအပြီးမှာ ဆက်လက်ချီတက်ဖို့ပြင်ဆင်ကြပါတယ်။ အဲဒီ့မှာ မမြင်တွေ့ရတာ အတော် ကြာပြီဖြစ်တဲ့ ခွပ်ဒေါင်းအလံကို ပြန်တွေ့လိုက်ရပါတယ်။ ဟုတ်ပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဆိုတဲ့နဖူးစည်းနဲ့အတူ “ဗကသ” ပြန်လည်မွေးဖွားလာခြင်းပါပဲ။
၁၉၃၆ ခုနှစ်က (အမှတ်မှားရင်ပြင်ပေးကြပါ။) ဖြစ်ပွားခဲ့တဲ့ကျောင်းသားသပိတ်ကြီးနဲ့အတူ မွေးဖွားလာခဲ့ တဲ့ “ဗ.က.သ” ဟာ မီးပုံအတွင်းကနေ ပြန်လည်ရှင်သန်ထမြောက်လာတဲ့ ဖီးနစ်ငှက်လိုပါပဲ။ အခုလည်း မုန်တိုင်းကြားကနေ တဖန်ပြန်လည်မွေးဖွားလာခဲ့ပါပြီ။ ပတ်ဝန်းကျင်တစ်လျှောက်မှာရှိတဲ့ လူတွေကလည်း ကျောင်းသားတွေကို လက်ခုပ်တီးပြီး အားပေးကြပါတယ်။
မြို့တော်ခမ်းမရှေ့ကနေထွက်ခွာချိန်မှာ ကျွန်တော်လည်း သံဃာတော်တွေရဲ့ဘေးကနေ လက်ချင်းချိတ်ပြီး လိုက်ပါခဲ့ပါတယ်။ မဟာဗန္ဓုလလမ်းအတိုင်း ချီတက်လာကြတာပါ။ လမ်းဘေးမှာရပ်ကြည့်ရင်း လက် ခုပ်တီးအားပေးတဲ့လူတွေ၊ တိုက်ခန်းဝရံတာတွေပေါ်ကနေ လက်ခုပ်တီးအားပေးနေတဲ့လူတွေ၊ ရပ်ကြည့် နေရာက စိတ်ဓါတ်တွေတက်ကြွလာပြီး ၀င်ရောက်လိုက်ပါလာတဲ့လူတွေ ။ မြင်ကွင်းတစ်ခုလုံးဟာ အပေါင်း လက္ခဏာတွေချည်းပါပဲ။ သိမ်ဖြူလမ်းကိုရောက်တော့ ဘယ်ဘက်ကိုချိုးပြီး သိမ်ဖြူလမ်းတောက်လျှောက် ဆက်လက်ချီတက်လာခဲ့ပါတယ်။ သာသနာ့အလံတွေ၊ ခွပ်ဒေါင်းအလံတွေ၊ ကြွေးကြော်သံတွေနဲ့ မြိုင်မြိုင် ဆိုင်ဆိုင်ကြီးချီတက်လာကြတာ သိမ်ဖြူကုန်းတံတားကို ကျော်လာချိန်မှာတော့ ကျွန်တော့်ဒူးတွေဟာ မနေ့က အရှိန်နဲ့ ပေါင်းပြီး အနှုတ်လက္ခဏာပြလာတာကြောင့် ဆက်မလိုက်နိုင်တော့ပဲ နေခဲ့ရပါတယ်။ တရွေ့ရွေ့ဝေးကွာသွားတဲ့ ရဲဘော်အပေါင်းကိုငေးရင်း အရေးတော်ပုံကြီးအတွက် ကျေနပ်အားရတဲ့ပီတိနဲ့ ဆက် မလိုက်နိုင်တော့လို့ ခံစားရတဲ့ဝမ်းနည်းမှု နှစ်ခုပေါင်းပြီး အီလည်လည်ကြီး ဖြစ်ရပါတယ်ဗျာ။
......................
စက်တင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ဟာ ပြက္ကဒိန်ပေါ်မှာတော့တော်သလင်းလပြည့်နေ့ဖြစ်ပေမယ့် သံဃာတော်တွေနဲ့ပြည်သူတွေ အတွက်ကတော့ မှောင်လွန်းသောနေ့များလို့ သတ်မှတ်ရမလိုပါပဲ။ ၁၂ နာရီဝန်းကျင်လောက်မှာ ဆူးလေဘက်ဆီက တဖေါင်းဖေါင်းနဲ့ ဆက်တိုက်ပစ်ခတ်သံတွေကြားရလို့ မြို့ထဲဝန်းကျင်ကလူတွေအားလုံး အထိတ်တလန့်ဖြစ်သွားကြပါတယ်။ စစ်တပ်ကတော့ ဗုဒ္ဓဘာသာဝင်တို့ ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ စတင်ပစ်ခတ်ပြလိုက်ပါပြီ။
အနော်ရထာလမ်းမတစ်လျှောက်မှာ လူတွေဟာ ရုတ်ရုတ် ရုတ်ရုတ်နဲ့ အခြေအနေကို အကဲခတ်နေကြပါတယ်။ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းဒေါင့် တစ်ဖက်တစ်ချက်မှာတော့ လူစုလူဝေးကြီးက “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” လို့ သံပြိုင်ကြွေးကြော်နေကြပါတယ်။ ဦးထုပ်အနီဆောင်းထားတဲ့ လုံထိန်းတွေဟာ သံတမန်ကုန်တိုက်ရှေ့ လောက်မှာ ဆူးလေဘုရားကိုကျောပေးပြီး ရင်ဘောင်တန်း ရပ်နေပါတယ်။ သူတို့နဲ့မျက်နှာချင်းဆိုင် ဆူးလေကုန်းတံတားအောက်မှာတော့ ဆန္ဒပြသူတွေကထိုင်ပြီး “ကမ္ဘာမကြေ” ဆိုနေကြပါတယ်။ မေးကြော တွေ ထောင်နေအောင်ကို မာန်အပြည့်နဲ့ဆိုနေကြတာပါ။ ရှေ့ဆုံးမှာတော့ သံဃာတော်တစ်ပါးက သာသနာ့ အလံကိုကိုင်ပြီး မတ်မတ် ရပ်လျှက်။ ခဏနေတော့ ဘေးပရိသတ်ထဲကနေ အခြားသံဃာတစ်ပါးပါ ၀င်လာပါတယ်။
ဆန္ဒပြလူအင်အားကို ပိုများသွားစေတာကတော့ သမ္မတရုံကုန်းကနေ လူတွေချည်းပဲပါဝင်တဲ့ ဆန္ဒပြ အဖွဲ့တစ်ဖွဲ့ဆင်းချပြီး ပူးပေါင်းလာတာပါပဲ။ အားလုံးဟာ ရွှေတိဂုံကနေ ချီတက်လာကြမယ့် သံဃာတော်တွေကို စောင့်မျှော်နေကြတာပါ။ ဒါပေမယ့် နောက်မှသိရတာက ရွှေတိဂုံမှာလည်း အကြမ်းဖက်ဖြိုခွင်းတာကြောင့် သံဃာတော်အဖွဲ့တွေ ကွဲကုန်တယ်ဆိုတာပါပဲ။
ဆူးလေဘုရားလမ်းပေါ်မှာလည်း အခြေနေတွေက ရှုပ်ထွေးနေပါတယ်။ ဒီအချိန်မှာ ဆူးလေဘုရားလမ်းအတိုင်း ဆူးလေဘုရားဘက်ဆီ စစ်ကားများဟာ အပြင်းမောင်းချလာပါတယ်။ မရှေးမနှောင်းပဲ ဗိုလ်ချုပ်လမ်းကနေ ဆူးလေဘုရားဆီ နောက်ထပ်စစ်ကားတွေ အပြင်းမောင်းလာသလို သေနတ်သံတွေလဲ ဆက်တိုက် ထွက်လာတာကြောင့် ကျွန်တော်လည်း လမ်းသွယ်တစ်ခုထဲ ၀င်ပြေးခဲ့ပါတယ်။
အခြေအနေနည်းနည်းငြိမ်သွားတဲ့အချိန်မှာတော့ မယုံနိုင်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကို အနော်ရထာလမ်းပေါ်မှာ တွေ့လိုက်ရပါတယ်။ သာသနာ့အလံတွေနဲ့ သံဃာတော်တွေ အပြင် ခွပ်ဒေါင်းအလံတွေနဲ့ကျောင်းသားတွေအပါအ၀င် ဆန္ဒပြသူတွေ ချီတက်လာလို့ပါပဲ။ ကျွန်တော်လည်း ၀မ်းသာအားရနဲ့သူ တို့ ချီတက်ရာနောက်ကို လိုက်ခဲ့ပြန်ပါပြီ။
သိမ်ကြီးဈေးထောင့်က လူကူးကုန်းကျော်တံတားအောက်မှာ အားလုံးထိုင်နားကြပြီး သံဃာတော်တွေက အချင်းချင်းတိုင်ပင်ပါတယ်။ နောက်တော့ သံဃာတော်တွေဟာ မေတ္တာသုတ်ကို ရွတ်ဖတ်ကြပါတယ်။ အားလုံးသော သံဃာတော်တွေဟာ အကြမ်းဖက်ဖြိုခွင်းမှုကို ခံလာရတာရော၊ ပင်ပန်းနွမ်းနယ်လာတာကြောင့်ပါ မျက်နှာတွေ ညှိုးငယ်နေပါ တယ်။ သံဃာတော်တွေ ရွတ်ဆိုပြီးချိန်မှာ ရှေ့ကို ဆက်လက်ချီတက်ကြပါတယ်။ ဘုန်းကြီးလမ်းအရောက်မှာ ညာဘက်ကိုချိုးလို့ ကားမှတ်တိုင်ရှေ့ လမ်းပေါ်မှာပဲ အားလုံးထိုင်ကြပြန်ပါတယ်။ အချိန်က ၃နာရီခွဲလောက်ရှိပါပြီ။
ဒီကနေ့ ကျုပ်တို့ အရှေ့ဘက်မုခ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲခြင်းကို ခံခဲ့ရတယ်။ စစ်တပ်က မျက်ရည်ယိုဗုံးတွေနဲ့ပစ်တယ်၊ နောက် ၀ါးရင်းတုတ်တွေနဲ့ ၀င်ရိုက်တယ်။ ဟောသည့်မှာ ကျုပ်ခေါင်းပေါ်မှာ သူတို့ ရိုက်ထားတဲ့ ဒါဏ်ရာ။ ဘာပဲဖြစ်ဖြစ် သူတို့ကို မကြောက်ဘူးဆိုတာ ပြရအောင် မနက်ဖြန် နေ့လည် ၁၂နာရီ ဘုရားမှာ စုလို့မဖြစ်တော့တဲ့အတွက် ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနဲ့ရွှေဂုံတိုင် တစ်လျှောက် အရောက် လာခဲ့ကြပါ။ ဘယ်လိုလဲ လာကြမှာလား။ လာပါ့မယ်ဘုရာ့ ၊ လာကြ မှာလား၊ လာပါ့မယ်ဘုရာ့ ၊ လာကြမှာလား၊ လာပါ့မယ်ဘုရာ့ ။
သံဃာတော်တစ်ပါးက လက်တစ်ဖက်က လက်ကိုင်စပီကာကို ကိုင်၊ ကျန်လက်တစ်ဖက်က ခေါင်းက ဒါဏ်ရာကို ပြရင်း လူထုထဲဝင်လို့ တရားဟောနေတာပါ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါလျက် သံဃာ့သွေးတွေ စွန်းထင်း ခဲ့ရလို့ဒေါသဖြစ်နေတဲ့လူအုပ်ကြီးရဲ့ပြန်ဖြေ သံဟာ မြေကြီးသိမ့်သိမ့်တုန်မတတ်ပါပဲ။ တရားဟောပြီး သွားတော့ အချိန်လင့်နေပြီဖြစ်တာကြောင့် အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ လူစုခွဲလိုက်ကြပါ တယ်။
စက်တင်ဘာအရေးတော်ပုံအကြောင်းပြောရမယ်ဆိုရင် နှစ်ပိုင်းခွဲပြောရမယ် ထင်ပါတယ်။ တစ်ပိုင်းက သံဃာ တော်များရဲ့ စတင်ဦးဆောင်မှုဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ကျောင်းသားလူငယ်များရဲ့ ဆက်လက် ဦးဆောင်မှုဖြစ်ပါတယ်။ သံဃာတော်တွေဟာ ဒီအရေးတော်ပုံဖြစ်မြောက်ရေးအတွက် စတင်လှုံ့ ဆော် စည်းရုံးခဲ့ပါတယ်။ အကြောက်တရားအားကြီးနေတဲ့လူထုကို လမ်းမတွေပေါ် ထွက်လာရဲအောင် ဦးဆောင် နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိက သံဃာတော်တွေ အကောင်းဆုံးဦး ဆောင်ခဲ့တာပါ။ ၂၇ ရက်နေ့မှာတော့ သံဃာတော်အင်အားက ဆယ်ဂဏန်းလောက်ပဲရှိပြီး ကျောင်းသား အများစုက စတင်ဦးဆောင်ခဲ့ပါတယ် ။ ၂၈ နဲ့ ၂၉ ရက်တွေကိုတော့ ကျောင်းသားတွေချည်းပဲ ဦးဆောင်ခဲ့တာပါ။ ဒီခေတ်လူငယ်တွေဟာ နိုင်ငံရေးစိတ်မ၀င်စားတော့ဘူးလို့ ထင်ထားသမျှကို ခြေဖျက်ပြလိုက်ခြင်းပါပဲ။
၂၇ ရက်နေ့ နေ့လည် ၂နာရီခွဲ လောက်မှာ သံဃာတော်ဆယ်ပါးလောက်နဲ့ ကိုရင်တွေအပါအ၀င် ကျောင်းသားတွေ ဦးဆောင်လာတဲ့အဖွဲ့ဟာ ဗိုလ်ချုပ်လမ်း ၊ ထိုမှတဆင့် လမ်းမတော်လမ်းအတိုင်းချိုးကွေ့ပြီး မဟာဗန္ဓုလလမ်းကို ဆင်းချလာပါတယ်။ မဟာဗန္ဓုလလမ်းကို ရောက်တော့ ဆူးလေဘက်ကို ချိုးကွေ့လိုက်ပါတယ်။ တဖြည်းဖြည်း နဲ့လူဦးရေလည်း များပြားလာပါပြီ။
လသာလမ်းထိပ်ကိုဖြတ်တော့ လမ်းထဲက ရဲစခန်းရှေ့ လမ်းမပေါ်မှာ လုံထိန်းတွေ ရင်ဘောင်တန်းပြီး ရပ်နေတာတွေ့ပါတယ်။ ရွှေတိဂုံဘုရားလမ်းကိုရောက်တော့ကမ်းနားလမ်းဘက်ကို ချိုးကွေ့လိုက်ပေမယ့် ဆက်မချီတက်ဖြစ်သေးပါဘူး။ အနော်ရထာလမ်းပေါ်မှာရှိတဲ့တခြားကျောင်းသားအဖွဲ့တစ်ဖွဲ့ နဲ့ ပူးပေါင်း ဖို့ အပေါ်ဘက်ကို ချီတက်ကြမလား၊ အောက်ဘက်ကိုဆက်ဆင်းပြီး ကမ်းနားလမ်းအတိုင်း ချီတက်ကြမလားဆိုတာကို ညှိနှိုင်းကြပြီး နောက်ဆုံး အပေါ်ဘက်ကို ပြန်လှည့်တက်လာကြပါတယ်။
အနော်ရထာလမ်းပေါ်က သိမ်ကြီးဈေးကုန်းတံတားအောက်ကိုရောက်တော့ သံဃာတော်များပြန် ကြွရ တော့မှာဖြစ်လို့ လူစုခွဲကြမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကျောင်းသားတွေနဲ့ လူထုအများစုက လူစုမခွဲချင်ကြပါဘူး။ ဒါနဲ့ပဲ သံဃာတော်များကို အငှားကား စီစဉ်ပေးလိုက်ပြီး ကျောင်းသားများနဲ့လူထုကတော့ အနော်ရထာလမ်းအတိုင်း ကျုံးကြီးဘက်ကို ဦးတည်ကာ ချီတက်လာခဲ့ကြပါတယ်။ ဖိနှိပ်ဖြိုခွဲမှုများ ကြားကနေ ဒီလိုချီတက်လာတာကို တွေ့ရတဲ့အတွက် ပြည်သူလူထုအပေါင်းကလဲ သောင်းသောင်းဖျဖျပါပဲ။
ကမ္ဘာမကြေ သီဆိုသံတွေ၊ လက်ခုပ်သံတွေဆိုတာလည်း အဆက်မပြတ်ပါပဲ။ ကျုံးကြီးထိပ်ကိုရောက်တော့ ကမ်းနားလမ်းမအတိုင်း အဝေးပြေးဘက်ကို ဦးတည်လိုက်ကြ ပါတယ်။ ရှေ့ဆုံးက ကျောင်းသားလေးတွေ ဦးဆောင်တဲ့အတိုင်း ချီတက်နေကြတာပါ။ ချီတက်နေကြတဲ့လူတွေထဲမှာ ယောကျာင်္း၊ မိန်းမ အရွယ်အစား အမျိုးမျိုး ပါဝင်ပါတယ်။ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်းပါပဲ။
ကမ်းနားလမ်းပေါ်မှာရှိတဲ့ အစိုးရသစ်စက်ဝင်းတွေရှေ့က ဖြတ်တော့ သူတို့ရုံးလွှတ်ချိန်ရောက်နေပါပြီ။ ဒါပေမယ့် အထက်အထက်က လူကြီးတွေ ငြိုငြင်မှာ စိုးတဲ့အတွက် ၀န်ထမ်းတွေဟာရုံးပြင်မထွက်ရဲ၊ လက်ခုပ်မတီးရဲကြပဲ ရုံးတွေပေါ်ကနေ တိတ်တဆိတ် အားပေးနေရပါတယ်။
သီရိမင်္ဂလာဈေးကိုဖြတ်တော့ ဈေးသူဈေးသားတွေဟာ လမ်းဘေးဝဲယာတစ်လျှောက်မှာသာမကပဲ၊ ဈေးအထပ်ထပ်က ၀ရံတာတွေမှာပါ ပြည့်ကျပ်နေအောင် အားပေးကြပါတယ်။ ကျွန်တော်တို့ချီတက်လာကြ တဲ့ လူအင်အားဟာ တစ်သိန်းလောက်တော့ရှိမှာပါ။ ဒီလိုအင်အားမျိုးနဲ့ လှည်းတန်းအထိ ချီတက်နိုင်ရင် မဆိုးဘူး လို့တောင် စိတ်ကူးမိပါသေးတယ်။ ဒါပေမယ့် စိတ်ကူးက စိတ်ကူးပါပဲ။ နတ်စင်လမ်းနားအရောက်မှာတော့ အဲဒီ့မှာစတွေ့တာပဲ လို့ပြောရမယ်ထင်ပါတယ်။ ချီတက်နေရင်းကနေ နောက်ဆုံးကလိုက် လာတဲ့လူ ဟာ တွေ ဟာ “လာပြီ လာပြီ” ဆိုပြီး ၀ုန်းကနဲ ၀ရုန်းသုန်းကားနဲ့ ထွက်ပြေးကုန်ကြပါတယ်။
အခြေအနေကို တည်ငြိမ်အောင်ထိန်းပြီး စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ ဘာမှမဟုတ်ပါဘူး ။ ကွန်တိန်နာကားကို တွေ့လို့ အလန့်တကြားတွေ ဖြစ်ကုန်ကြတာပါ။ ဒါနဲ့ချက်ချင်း လူပြန်စုပြီး သာဓုကျောင်းတိုက်ရှေ့ကို ချီတက်ကြပါတယ်။ ကျောင်းတိုက်ရှေ့ရောက်တော့ အားလုံး ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး နမောဿတ အစချီလို့ဘုရားရှိခိုးပြီး မင်းကွန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့ကို ရွတ်ဆိုကြပါတယ်။
ဒီသာဓုကျောင်းတိုက်က သံဃာတစ်ပါးဟာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မနေ့က (၂၆ ရက်နေ့) ကျဆုံးသွားတာကြောင့် ထိုသံဃာတော်ကို ရည်စူးပြီး ဘုရားရှိခိုး၊ မေတ္တာပို့ကြတာ ဖြစ်ပါတယ်။ မေတ္တာပို့ရင်းနဲ့ ငိုနေတဲ့လူတွေရှိသလို အားလုံးရဲ့ ရင်ထဲမှာလည်း ၀မ်းနည်းနေကြပါတယ် ။ မေတ္တာပို့ပြီးလို့ ဆက်လက် ချီတက်ဖို့ပြင်နေတုန်းမှာပဲ နောက်တစ်ကြိမ် အလန့်တကြားထပ်ဖြစ်ပြီး ဘုန်းကြီးကျောင်းထဲ ၀င်ပြေးကြပါတယ်။ ကျွန်တော်တို့လည်း မပြေးကြဖို့ မကြောက်ကြဖို့ အော်ဟစ်ပြီးထိန်းပေမယ့် ထိန်းမရတဲ့အတွက် ဒေါသ တွေ ဖြစ်နေကြရပါတယ်။ ဒီလိုကြောက်ပြနေသ၍ သူတို့ဘက်က ဖြဲခြောက်နေမှာပါပဲ။
အားလုံးနီးပါး ထွက်ပြေးကုန်ကြတာကြောင့် ကျောင်းသားလေးတွေနဲ့ လူအနည်းငယ်ကလွဲရင် လူအင်အား သိပ်မရှိတော့ပါဘူး။ ရှိတဲ့လူတွေနဲ့ပဲ ရှေ့ကိုဆက်တက်လာကြတော့အဝေးပြေးကားမှတ်တိုင်လောက်မှာ စစ်သားတွေ လမ်းပိတ်ထားကြပါပြီ။
ကျွန်တော်တို့လည်း လူစုမခွဲပဲ နေရာမှာတင်ရပ်ပြီး အခြေအနေကို အကဲခတ်နေကြပါတယ်။ ကျွန်တော် တို့ဘက်က လူစုမခွဲတဲ့အတွက် သူတို့တွေဟာ သေနတ်တွေချိန်ပြီး ရှေ့ကို တိုးလာကြပါတယ်။ နောက်ဆုံးသူ တို့တွေက မိုးပေါ်ကိုထောင်ပြီး ဆက်တိုက်ပစ်ပါတော့တယ်။ ပစ်နေရင်းနဲ့ကျွန်တော်တို့ဆီ လျှောက်လာတာကြောင့် ကျွန်တော်တို့လည်း ရပ်ကွက်ထဲဝင်ပြီး လူစုခွဲလိုက်ကြရပါတော့တယ်။ လူစုမခွဲခင်မှာ မနက်ဖြန် နေ့လည် ၁ နာရီ လမ်း ၃၀ ထိပ်မှာ ဆုံကြမယ်လို့ ကြေငြာလိုက်ပါသေးတယ်။
အပိုင်း (၆)။
၂၈ ရက်နေ့ဟာ ကျွန်တော့်အတွက်တော့ ယုန်တောင်ပြေး ခြင်္သေ့မြောက်လိုက် ဖြစ်ရတဲ့နေ့ပါပဲ။ (ဟိုအကောင်ကိုတော့မသုံးပါရစေပါနဲ့ခင်ဗျာ။) အဖွဲ့တွေနောက်ကို ပတ်ရှာနေရင်းနဲ့ကို လမ်းကြောင်းတွေ လွဲပြီး တောင် တခြားမြောက်တခြားဖြစ်ခဲ့ရတဲ့အတွက် ဘာဆို ဘာမှကို မဘာလိုက်ရတဲ့နေ့တစ်နေ့ပါပဲ။
အဲဒီ့နေ့က မြင်တွေ့ခဲ့ရတဲ့အခြေအနေတွေကို ပြန်ပြီးတော့ဖောက်သည်ချရမယ်ဆိုရင် ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်ထဲမှာ စစ်ကားတွေဟာ အဆက်မပြတ် ကင်းလှည့်နေပါတယ်။ ရှေ့ဆုံးမှာတော့ ကား တစ်စီးက လော်စပီကာကြီးနဲ့ လူငါးဦးထက် ပိုမစုဖို့ ၊ ဆူပူသူတွေကို (ဒါကတော့သူတို့အသုံးအနှုံးပါ ) လိုက်လံဖမ်းဆီးတဲ့အခါ ရပ်ကွက်အတွင်းမှာနေထိုင်တဲ့ပြည်သူများအနေနဲ့ အိမ်ထဲမှာလက်ခံမထား ဖို့၊ အကယ်၍ အိမ် ထဲကို ၀င်စစ်လို့ သန်းခေါင်စာရင်းဝင်မဟုတ်တဲ့လူများကိုတွေ့ရင် အိမ်ရှင်ကိုပါ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတာတွေကို အော်ဟစ်ကြေငြာနေပါတယ်။ သူ့နောက်မှာကတော့ စစ်သားအပြည့်တင်ထားတဲ့စစ်ကား ငါးစီး (အထက်) လောက်က လိုက်ပါလာပါတယ်။ နောက်ဆုံးမှာတော့ စွမ်းအားရှင်တွေကို တင်ထားတဲ့ ဒိုင်နာကားနဲ့ ဟိုင်းလပ်စ်ကားတွေ ပါလာပါတယ်။
အနော်ရထာလမ်းပေါ် ၊ မောင်ထော်လေးလမ်းထိပ်လောက်မှတော့ စစ်သားတွေ ရင်ဘောင်တန်း ရပ်နေပါတယ်။ ဆယ့်တစ်နာရီဝန်းကျင်လောက်မှာ အနော်ရထာလမ်းပေါ်က ရွှေဘုံသာလမ်း မီး ပွိုင့်ထောင့်တွေမှာ လူငယ်တွေစုပြီး အော်နေကြပါပြီ။ အော်လို့မှ သိပ်မကြာသေးပါဘူး ။ စောစောက ပြောတဲ့ စစ်ကားတန်းတွေ ရောက်လာတဲ့အတွက် လူစုခွဲလိုက်ရပါတယ်။ ကားတန်းကြီးဟာ လမ်းအတည့် မောင်းလိုက် ၊ ပြောင်းပြန် မောင်းလာလိုက်နဲ့ လူပြန်စုချိန်မရလောက်အောင် လှည့်နေပါတယ်။
ကျွန်တော်လည်း ဟိုလမ်းဝင်ဒီလမ်းထွက်နဲ့ နေ့လည်နှစ်နာရီထိုးသွားပါတယ်။ အဲဒီ့အချိန်လောက်မှာမှ ကမ်းနားဘက်မှာ အဖွဲ့တစ်ဖွဲ့ချီတက်နေကြတယ်လို့ ပြောသံကြားတာကြောင့် အမှီလိုက်ပေမယ့် အရိပ်အယောင် တောင်မတွေ့ရတော့တာကြောင့် လက်လျှော့ပြီး အိမ်ပြန်လာခဲ့ရပါတယ်။
၂၉ရက်နေ့ကတော့ ဆန္ဒပြပွဲတွေ နောက်ဆုံးဖြစ်တဲ့နေ့ပါ။ ဒီနေ့လည်း မနေ့ကလိုပါပဲ။စုရပ်ဖြစ်တဲ့လမ်း ၃၀ထိပ်မှာ ဆုံကြဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် ရွှေဘုံသာလမ်းထိပ်မှာပဲ စုကြရပါတယ်။
ဆယ့်တစ်နာရီလောက်မှာ လူတွေဟာ အရှိုရှိုထွက်လာလိုက်ကြတာ ကားလမ်းအပြည့်ပါပဲ။ လူလည်းစုမိရော ထုံးစံအတိုင်း အော်ကြပါတယ်။ အော်နေရင်းနဲ့လည်း မနေ့ကလို စစ်ကားတွေရောက်လာမှာကို ကြည့် နေရပါသေးတယ်။ ခဏနေတော့ လူအုပ်ကြားထဲကနေ လက်မောင်းမှာ၊ နဖူးမှာ ပိတ်စ အနီလေး တွေပတ်ထားတဲ့ ကျောင်းသားလေးတွေ ထွက်လာကြပါတယ်။ တချို့တွေက မြတ်စွာဘုရားရဲ့ ပုံတော်ကို ကိုင်ဆောင်ထားလို့၊ တချို့ ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ကိုင်ဆောင်ထားလို့ပါ။ သနားစရာ တစ်ခုကတော့ သူတို့မှာ ကျောင်းသားတို့ရဲ့ သင်္ကေတဖြစ်တဲ့ ခွပ်ဒေါင်းအလံ မရှိခြင်းပါပဲ။ ဒါပေမယ့် သူတို့ဟာ ခွပ်ဒေါင်းအလံအစား အနီရောင်ပိတ်စတစ်စကို အလံလို လွှင့်ထူထားပါတယ်။ ဘာပဲပြောပြော အခု အချိန်မှာ ဒါဟာ အားလုံးအတွက် ခွပ်ဒေါင်းအလံတော်ပါပဲ။
ကျောင်းသားလေးတွေဟာ အဲဒီ့နေရာမှာ ကြွေးကြော်သံတွေ တိုင်ပေးပါတယ်။ အဲဒီ့နောက်မှာတော့ ကျောင်းသားတွေနဲ့ လူထုဟာ ရွှေဘုံသာလမ်းအောက်တည့်တည့်ကို ချီတက်သွားကြပါတယ်။ ဖိနှိပ်မှု တွေကြားထဲက လူထုဟာ လက်ခုပ်မတီးရဲလောက်အောင်တော့ မကြောက်ကြသေးပါဘူး။ ရွှေဘုံသာလမ်း အောက်ဘလောက်ကို ရောက်တော့ အပေါ်ဘက်ကို ပြန်တက်လာကြပြန်ပါတယ်။ အနော်ရထာလမ်းပေါ် ပြန်ရောက်လာတော့ ဘယ်ကိုမှ ဆက်မချီတက်တော့ပဲ ကြွေးကြော်သံတွေပဲ အော်ဟစ်နေကြပါတယ်။
အော်နေကြတဲ့အချိန်မှာပဲ ရွှေဘုံသာလမ်းထဲကို စစ်ကားတွေ အပြင်းမောင်းဝင်လာတဲ့ အတွက် အကုန်ထွက်ပြေးကြပါတယ်။ တွေ့ရာလမ်းတွေထဲ ၊ တွေ့ရာဆိုင် ၊ တွေ့ရာအိမ်ထဲ ၀င်ပြေးကြရတာပါ။ ကျွန်တော်လည်း လွတ်ရာတစ်နေရာကို ပြေးရပါတယ်။ “ပြေး ၊ ပြေး ၊ ပြေး” ကိုယ့်ဘာသာ အားပေးရင်း တစ်နေရာမှာ ၀င်ပုန်းနေလိုက်ရပါတယ်။ စစ်သားတွေကလည်း ကားရပ်တာနဲ့ ချက်ချင်းဆင်းပြီး မည်းမည်း မြင်ရာ အကုန်လုံးကို လိုက်ဖမ်းတာပါ။ လမ်းတွေထဲဝင်ပြေးရင် လမ်းတွေထဲအထိ လိုက်ပါတယ်။ တိုက်ခန်းလှေခါးတွေထဲ ၀င်ပြေးတဲ့လူတွေကိုလည်း လိုက်ဖမ်းပါတယ်။ မိသွားတဲ့ လူတွေလည်း မနည်း ပါဘူး။ ဘေးကင်းလောက်ပြီလို့ ယူဆရတဲ့အချိန်ကျမှပဲ ပုန်းနေရာကထွက်ပြီး အိမ်ကိုပြန်ခဲ့ရ ကြောင်းပါ ခင်ဗျား။
(ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ခွန်း (khoon) ရဲ့  စက်တင်ဘာမှ သဲတစ်ပွင့်များ ကို ပြန်လည်တင်ပြ ခြင်း ဖြစ်ပါသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့  ၂၀၀၇ ခုနှစ်)။
No comments:
Post a Comment