Sunday, October 7, 2012

သတင်းစာများက သမိုင်းကို ပြောနေကြသည်။



သတင်းစာများက သမိုင်းကို ပြောနေကြသည်။

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်း၊ Central Hotel, Ruby House Room တွင် Than Lwin Citizen Enpowerment Program အဖွဲ့မှ ဦးဆောင်ကာ စက်တင်ဘာ ၆ ရက်နေ့၊ နေ့လည် ၁း၀၀ နာရီတွင် စတင်ကာ “သတင်းစာများက သမိုင်းကိုပြောနေကြသည်” ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

ယင်းအဆိုပါ အခမ်းအနားတွင် အဓိကထား ဖိတ်ကြားထားသော ပြည်တွင်း ပြည်ပ စာနယ်ဇင်း၊ မီဒီယာများမှ သတင်းသမားများနှင့် စာရေးဆရာများ၊ သတင်းစာဆရာများ၊ ကထိကဟောင်းကျောင်း ဆရာများနှင့် ဧည့်ပရိသတ် (၆၀) ကျော်တက်ရောက်ခဲ့ကြပါသည်။


ဟံသာဝတီ ဦးဝင်တင်နှင့် ကြေးမုံ ဦးကိုကိုကြီးတို့၏ “သတင်းစာများက သမိုင်းကို ပြောနေကြသည်” ဆွေးနွေးပွဲတွင် ဟံသာဝတီ ဦးဝင်းတင်မှ သတင်းစာသမားများဟာ ကိုယ့်ခေတ်ကိုပဲ ဖော်ပြယုံ တင်မဟုတ်ဘဲ နောင်လာမည့် အနာဂတ်ကိုပါ အလင်းရောင်တွေပေးနိုင်မယ့် လမ်းစဉ်များ၊ ဒီမိုကရေစီ စနစ်လမ်းစဉ်များကိုလည်း ဖော်ဆောင်ပေးနိုင်ရမယ်၊ ဖန်တီးနိုင်ရမယ်ဆိုတဲ့ စိတ်ကူးဆန္ဒတွေနဲ့ ရေးနိုင် ရမယ်ဟု အဓိကထား ဆွေးနွေးခဲ့ပါသည်။

များသောအားဖြင့် သတင်းသမားများဟာ ဘယ်သူ့အကြောင်း မရေးရ၊ မပြောရဆိုတာတွေကိုပဲ ကျော်ဖြတ်ခဲ့ရတယ်။ လွတ်လွတ်လပ်လပ် မရေးခဲ့ရဘူး။ အခုလည်း မလွတ်လပ်သေးဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်း သတင်းစာထဲမှာ မပါသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားတယ်၊ ဘယ်လာတယ်၊ ဘာပြောတယ်၊ ဘယ်လိုတွေ လုပ်ခဲ့တယ်ဆိုတာတွေကို လူထုတွေ တိုက်ရိုက်သိအောင်သတင်းစာကြီးတွေကနေ အခုထိ မပါသေးဘူး။ အဲဒါတွေကို အခု သတင်းစာကနေ ဖော်ဆောင်ပေးမယ်ဆိုရင်တော့ သတင်းစာဟာ လွတ်လပ်ပြီလို့ ပြောလို့ရပါပြီ။ အမှန်ဆို ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းတွေ သတင်းစာထဲမှာ ပါဖို့ကို ကောင်းပါတယ်။ အခုတော့ ဖဲကြိုး ဖြတ်၊ တံတားဖွင့်၊ မြောင်းတူးတာတွေ၊ မော်တော်ကားရောင်းဝယ်၊ အလှကုန်တွေ ကြော်ငြာပေးတာလေးတွေလောက်နဲ့ပဲ ပြီးသွားတာနဲ့တင် မဖြစ်စေချင်ဘူး။ အချို့နာမည်ကြီးတဲ့ ဂျာနယ်တွေဆိုရင်လည်း ဆောင်းပါးကောင်းတွေ၊ အယူအဆတွေ၊ အတွေးခေါ်ကောင်းတွေ၊ သမိုင်းတွေ မပါလို့ အားမရဘူး။ တကယ့်သတင်းစာကောင်းဟာ သမိုင်းကို ပြောနေကြသည်ဆိုတာထက် သမိုင်းကို ဖန်တီးပေးနေရမယ်၊ ပဲ့ကိုင်ပေးနေရမယ်၊ ထုတ်ဖော်ပေးနေရမယ်၊ ဒါကြောင့် သတင်းစာသမားများဟာ မှန်တာကို ပြောနေရုံနဲ့ မပြီးသေးဘူး၊ မှားနေတာတွေကိုလည်း ဘာကြောင့် မှားနေတယ်၊ ဘယ်လိုမှားနေတယ်ဆိုတာတွေကို ဘက်မလိုက်ဘဲ မည်သူ့ကိုမဆို ဝေဖန်သုံးသပ် ဖော်ပြပေးရမယ်။ ထောက်ပြပေးရမယ်ဟု ရဲရဲတောက် လမ်း ညွန်မှုများကို ဆွေးနွေးခဲ့ပြီး ၊ ကြေးမုံဦးကိုကိုကြီးကတော့ သူ၏ ဖြတ်သန်းလာခဲ့ရာ သတင်းစာသမား ဘ၀နှင့် အကြောင်းအရာများ၊ သမိုင်းများကို ဆွေးနွေးခဲ့ပါသည်။

ထိုကဲ့သို့ အပြန်အလှန် ဆွေးနွေးခဲ့ကြရာက အနှစ်ချုပ်ကတော့ ယနေ့အချိန်ထိ လွတ်လပ်တဲ့ သတင်းစာမျိုး မရှိသေးတာရယ်။ ဒါကြောင့် သတင်းစာတိုင်းက သမိုင်းကို မှန်ကန်စွာ မဖော်ဆောင်နိုင်ဘူး။ လွတ်လပ်စွာ ဖော်ဆောင်ခွင့်ရမယ့် သတင်းစာမျိုးကသာ မှန်ကန်တဲ့ သမိုင်းကို ဖော်ဆောင်နိုင်သည်ဟု  အဆိုပြု၊တင်သွင်း ထောက်ခံရင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

(သတင်း/ဓါတ်ပုံ - လင်းဆက်)။

No comments: