Sunday, January 27, 2013

ဗကသများအဖွဲ့ချုပ်၏ ညောင်တုန်းမြို့ အလှူခံခရီး။

ဗကသများအဖွဲ့ချုပ်၏ ညောင်တုန်းမြို့ အလှူခံခရီး။

ယမန်နေ့  ဇန်န၀ါရီလ (၂၅) ရက် သောကြာနေ့တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှ ပြည်သူများ၏ ဖိတ်ကြားချက်အရ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသူကျောင်းသား အင်အား (၂၀) ကျော်သည် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများအတွက် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ရှိ ပြည်သူများထံသို့အလှူခံထွက်ခဲ့ကြပါသည်။



ယခုလို အလှူခံနေကြသည်မှာ ယနေ့နှင့်ဆိုလျှင် (၄) ရက်တိုင်ရှိခဲ့ပြီဖြစ်ပြီး၊ ပထမသုံးရက်ကို ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များတွင် အလှူခံခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းပြင်ပသို့ ဖိတ်ကြားချက်အရ သွားရောက်အလှူခံခဲ့ခြင်းသည့်ယနေ့ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ နောက်ရက်များတွင်လည်း ရန်ကုန်နှင့် တခြားဖိတ်ကြားထားသောနယ်မြို့များသို့ ဆက်လက်အလှူခံထွက်ရန်ရှိသည်။ ရရှိလာသော အလှူခံပစ္စည်းများကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကျောင်းသား၊ကျောင်းသူများကိုယ်တိုင် ကချင်ပြည်နယ်သို့ သွားရောက်လှူဒါန်းကြမည်ဖြစ်သည်။

ယနေ့ ညောင်တုန်းမြို့သူ/သားများ၏ စေတနာသဒ္ဒါတရားထက်သန်စွာ၊ ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ကျူးလှူဒါန်းခဲ့ကြသော အလှူငွေမှာ လေးသိန်းခွဲ (၄၅၀၀၀၀) တိတိဖြစ်ပြီး စောင်၊ ခြင်ထောင်နှင့် ဆေးဝါးပစ္စည်းတစ်ချို့ကိုလည်း အလှူခံရရှိခဲ့ကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကချင်စစ်ဘေးသင့်ပြည်သူများအတွက် (၄) ရက်တာ အလှူခံရရှိခဲ့သောအလှူငွေမှာ တစ်ဆယ့်ကိုးသိန်းကျော် (၁၉) သိန်းကျော်နှင့် အ၀တ်အထည်၊ စောင်၊ ခြင်ထောင်၊ အသုံးအဆောင်ပစ္စည်းနှင့် ဆေးဝါးပစ္စည်း စုစုပေါင်းအထုပ်ပေါင်း (၁၁၀) ရရှိထားပြီ ဖြစ်ပါသည်။

ယနေ့တွင် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သို့ အားတက်သရော လှူဒါန်းခဲ့ကြသော ကာတွန်းဦးဗဂျမ်း၏ ဇာတိ မြို့သူ/သားများ၏ ကောင်းမွန်သောစေတနာနှင့် ပြည်ထောင်စုစိတ်ဓါတ်အား ဗကသများအဖွဲ့ချုပ်ကျောင်းသား/သူများက အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

အလှူခံရက်များလာသည့်အတွက် ပင်ပန်းနေကြသော်လည်း ယနေ့နေ့ချင်းပြန်ခရီးအပါအ၀င် အလှူခံရက်တိုင်း ဗကသများအဖွဲ့ချုပ်ဗဟိုကော်မတီနှင့်အတူ မညီးမငြူလက်တွဲခဲ့သော ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားရဲဘော်များနှင့် အခြားတက္ကသိုလ်အသီးသီးမှ ကျောင်းသားရဲဘော်များအားလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဗဟိုလုပ်ငန်းကော်မတီ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်။

(သတင်း/ဓါတ်ပုံ - လွင်ပြင်)။

No comments: