Sunday, February 3, 2013

အကြွေးတင်လျှင် ဝက်မွေးတာပဲကြားဘူးပါတယ် ( ဝန်ကြီးဦးမြင့်လှိုင်သို့)။

အကြွေးတင်လျှင် ဝက်မွေးတာပဲကြားဘူးပါတယ် ( ဝန်ကြီးဦးမြင့်လှိုင်သို့)။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တွေဟာ ကြွေးတင်လျှင် သံသရာထိ ပါသွားမယ်ဆိုတာ အားလုံးက သဘောပေါက်နားလည် လက်ခံထားကြပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခက်ခဲတွေနဲ့ ကြုံလာပြီး ချေးဌါးထားသည့် အကြွေးတွေကို ပြန်မဆပ်နိုင်သေးစဲကာလမှာ ဘာကြောင့် ပြန်မဆပ်နိုင်သေးတာလည်းဆိုတာကို ခေါင်းအေးအေးထားပြီး စဉ်းစားအဖြေရှာတတ်ဖို့ လိုပါတယ်။

ဆိုကြပါစို့  .... ပြန်မဆပ်နိုင်သေးသူကို ထောင်ချမယ်၊ ရိုက်မယ်၊ ထုမယ်၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရယူမယ်ဆိုတာဟာလည်း အဖြေမဟုတ်ပါ။ ဥပမာ။ ။ ရှိလျှက်သားနဲ့ ပြန်မဆပ်တာက တမျိုးပေါ့နော်။ အခုဟာက ၃၀. ၁. ၂၀၁၃ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌါန- ဦးမြင့်လှိုင်က လယ်သမားတွေနှင့် တွေ့ဆုံပွဲမှာ အောက်ဖော်ပြပါ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ ဥပုပ်စောင့်ပြီး ထမင်းတနပ်လျှော့စားပါက အကြွေးပြန်ဆပ်ပါဟု ပြောဆိုသုံးနှုန်းလိုက်သည့်အပေါ် ကျနော့်အနေနဲ့ ခေါင်းမရှိတဲ့ ဦးမြင့်လှိုင်ကို အနည်းငယ် တင်ပြအကြံပြု ရေးသားလိုပါသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအသစ်အနေနဲ့ မြန်မာနိုင်ငံက အခြေခံ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေနဲ့ လူနေမှုဘဝ မြင့်မားတိုးတက် မြင့်မားလာစေရန် တိကျတဲ့ရည်မှန်းချက်များထားပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိတယ်ဆိုပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌါန ဦးမြင့်လှိုင်အဖွဲ့က ပြောဆိုခဲ့ပါတယ်။

ပြီးတော့ .... ဦးမြင့်လှိုင်နှင့်အဖွဲ့ဟာ ကွင်းဆင်းပြီး လယ်သမားတွေရဲ့အခြေအနေကို လေ့လာရာမှာတော့ ဧရာဝတီတိုင်း မအူပင်ခရိုင် ဓနုမြူမြို့နယ်ထဲက လယ်ယာကဏ္ဍနှင့် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းတွေ၊ လယ်ယာကဏ္ဍတွေမှာ အကူအညီပေးမယ့် လုပ်ငန်းပိုင်းဆိုင်ရာတွေကိုလည်း သွားရောက်ဆွေနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကြွေးတင်ပြီး အဆင်မပြေဖြင့်နေတဲ့ လယ်သမားတွေကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌါန ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်က အောက်ဖော်ပြပါ အသုံးအနှုန်းကို အခုလိုပြောကြားခဲ့ပါတယ်။

‘ငါကြွေးတင်နေတဲ့အတွက်ကြောင့် ထမင်းတနပ် လျော့စားမယ်၊ တလပြည့်လို့ရှိရင် ငါဘယ်လောက်ဆပ်နိုင်မလဲ၊ ၆ လပြည့်ရင် ဘယ်လောက်ဆပ်နိုင်မလဲ၊ ဒါဆို ငါ့မိသားစုတွေ ထမင်းတနပ်လျှော့စားမယ်၊ ဥပုပ်စောင့်သလိုပေါ့ဗျာ၊ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုတဲ့ သဘောမျိုးပေါ့ဗျာ၊ ငါတို့ ဥပုပ်စောင့်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လုပ်လိုက်ရင် အကြွေးကြေသွားမယ်။ ရပါတယ်ကွာ - ရပါတယ်ကွာထားရင် အကြွေးမကြေဘူး။ အကြွေးမကြေရင် ခင်ဗျားသံသရာထဲက မလွတ်မှာမဟုတ်ဘူး၊ သံသရာထဲက မလွတ်ရင် ခင်ဗျားနောင်ဘဝကြရင် ကျွန်ပြန်ဖြစ်လိမ့်မယ်ဆိုပြီး အသံမာမာနှင့် ပြောဆိုခဲ့ပါတယ်။

အခုလို ဧရာဝတီတိုင်းတွင် ငွေချေးဌါးထားပြီး အတိုးပိနေတဲ့ လယ်သမားတွေအပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌါန - ဝန်ကြီးဦးမြင့်လှိုင်၏ ပြီးစလွယ် အခုလိုပြောဆိုခြင်းကို စာရေးသူအနေဖြင့် ပြင်ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အစိုးရအသစ်အနေနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်သမားတွေအပေါ် တကယ်စိတ်ရင်းကောင်းစေတနာထားပြီး ဆင်းရဲတွင်မှု အထိုက်အလျှောက် လွတ်လိုလျှင် .... လက်ရှိ လယ်သမားတွေ တင်နေတဲ့ အကြွေးတွေကို ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါသည်။ ဥပမာ။ ။ အတိုးများဖြင့် ချေးဌါးထားသည့်အကြွေးတွေကို အရင်းသာ ပြန်ပေးပြီး၊ အတိုးငွေများကို လျှော်ပစ်ပေးရန်လိုပါသည်။ ပြီးမှ- ၎င်းတို့ရဲ့ ဝင်ငွေအပေါ်မူတည်ပြီး တလလျှင် ဘယ်လောက်ပြန်ဆပ်ပေးရမည်ဟု ငွေချေးဌါးထားတဲ့ တောင်သူလယ်သမားများနှင့် တိုင်ပင်ဆွေးနွေးညှိနိုင်း လုပ်ဆောင်သင့်ပါသည်။

အခုဟာက အဲဒီလိုမဟုတ်ပဲ ၂၀၁၂ တုန်းက လျှပ်စစ်ဝန်ကြီး ဇော်မင်း ပြောသလို ဖယောင်းတိုင်ထွန်းညှိပြီး ချွေတာပါလို့ လက်လွတ်စပယ် ပြောဆိုခြင်းနှင့် ထပ်တူကြနေပါတယ်။ ဝန်ကြီးတစ်ယောက်လုပ်ပြီး ပြည်သူတွေရဲ့ ကြုံတွေ့ရင်ဆိုင်နေတဲ့ အခက်ခဲတွေကို ကူညီမဖြေရှင်းပေးနိုင်ရင် ကိုယ့်ဘာသာ ကိုယ့်အသိစိတ်ဓါတ်နဲ့ ရာထူးက နှုတ်ထွက်ပေးကြပါလို့ ဝန်ကြီးအပေါင်းကို ဒီနေရာက အသိပေးပြောကြားလိုပါတယ်။ အဲဒီလို မိမိအသိစိတ်ဓါတ်နဲ့ နှုတ်ထွက်ပေးမှသာလျှင် လစ်ဟသွားတဲ့နေရာတွေမှာ လူမှန်နေရာမှန် အစားထိုးခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။

တိုင်းပြည်မှာ အရည်အချင်းမရှိတဲ့လူတွေကို နေရာပေးထားခြင်းဟာလည်း တိုင်းပြည်ပြန်လည်ထူထောင်စဲကာလမှာ တိုးတက်မှုတွေကို နှောင့်နှေးစေသလို .... မလိုလားအပ်ပဲ အချိန်တွေကို ဖြုန်းတီးသလို သက်ရောနေပါတယ်။ ဒီနေရာမှာ ရှင်းရှင်းပြောရရင် မနိုင်ဝန်ကို မထမ်းမိကြပါနဲ့၊ မနိုင်ဝန်ကို ထမ်းဆောင်မိတဲ့အတွက် မိမိတာဝန်ပြီး မလုပ်ဆောင်နိုင်တဲ့အခါ အများပြည်သူတွေရဲ့အပြောတွေကိုလည်း ခံရမှာဖြစ်ပြီး၊ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ ဘာမှ အကျိုးရှိနိုင်မည် မဟုတ်ပါ။

အချုပ်အနေနဲ့ ပြောရလျှင် ကျနော်ကြားဘူးတာက ကြွေးတင်လျှင် ဝက်မွေးပဲ ကြားဘူးတယ်။ ဥပုပ်စောင့်ပြီး ထမင်းတနပ်လျှော့စားခိုင်းတာ မကြားမိဘူးပါ။ အခုမှ ကြွေးတင်လျှင် ဥပုပ်စောင့်ပြီး ထမင်းတနပ်လျှော့စားခိုင်းတာ မောင်မြင့်လှိုင် လက်ထက်ကြမှ ကြားဘူးပါတော့တယ်....ခင်ဗျား။

(ကိုဗလိုင်)။


No comments: