ဗိုလ်ချူပ်အောင်ဆန်း စိတ်ဓါတ်။
ဗိုလ်ချူပ်အောင်ဆန်း စိတ်ဓါတ်။
၁၉၃၄-ခုနှစ်တွင် အောင်ဆန်းသည် အိုင်အေစာမေးပွဲ အောင်မြင်ပြီးနောက် ကျောင်းသားနိုင်ငံရေးကို စတင်ဆောင်ရွက်ပါသည်။ ထိုနှစ် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အမှုဆောင်ရွေးကောက်ပွဲတွင် ၀င်ရောက်၍ ယှဉ်ပြိုင် အရွေးခံရာ အောင်ဆန်း အရွေးမခံရပါ။ လူသိနည်းသေးသည့်ပြင် ကျောင်သားအများက သူ့ကို လူ့ဂွစာဟုသာ အသိအမှတ်ပြုထားကြပါသေးသည်။
အရွေးမခံရသော်လည်း အောင်ဆန်းသည် စိတ်ပျက်မသွားပါ။ သူ့အား မဲမပေးသူများကိုလည်း စိတ်ခုမသွားပါ။ အောင်ဆန်းသည် သဘောထားကြီးသူပေတည်း။
မည်မျှသဘောထားကြီးသည်ကို မြူနီစီပယ်မင်းကြီးဟောင်း ဦးထွန်းအုန်၏ ၁၉၆၁-ခု ကမ္ဘာ့ကလေးများနေ့ ၁၃-၂-၆၁ သ၀ဏ်လွှာကို ဖတ်ရှုခြင်းအားဖြင့် သိနိုင်ပါသည်။
ဦးထွန်းအုန်က ကလေးများထံ ပို့သည့် “ဦးလေးထွန်းအုန်၏ စကားလက်ဆောင်” ဟူသော သ၀ဏ်လွှာ၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။
“ပထမဦးဆုံး ဦးလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတိရတာကတော့ ၁၉၃၄ ခုနှစ်ကဘဲ။ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်ရွေးကောက်ပွဲလုပ်တယ်။ ဒီအခါမှာ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်တို့က အဖွဲ့တခု ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ကြတယ်။
ကိုအောင်ဆန်းကို မဲထည့်ပါ၊ ကျုပ်တို့ တာဝန်ယူပါတယ်တဲ့။ ဦးလေးက ပြန်ပြောလိုက်တယ်။ “ဒါလောက် ရှုသိုးတဲ့လူကို မဲထည့်လိုက်လို့ ဘယ်ဖြစ်မလဲ၊ မထည့်နိုင်ဘူးဗျာ” လို့ ဦးလေးက ပြန်ပြောလိုက်တယ်။ ဒီအခါမှာ သူတို့က “ခင်ဗျား တော်တော်ခေါင်းမာတဲ့လူဘဲ” လို့ မှတ်ချက်ချပြီး လက်လျှော့သွားကြတယ်။
မဲရေတွက်ပြီးတဲ့ ညနေ ကိုအောင်ဆန်းဟာ ဦးလေးရဲ့ အခန်းကို ရောက်လာတယ်။ ခပ်လှမ်းလှမ်းကထဲက သူက ရယ်မောပြီး လှမ်းပြောလိုက်တယ်။ “ကိုထွန်းအုန် ကျွန်တော် အရွေးမခံရဘူးဗျာ့ ဟဲဟဲဟဲ” တဲ့။ အနားရောက်လာတော့ ဦးလေးက ကုလားထိုင် ထိုးပေးပြီး “ခင်ဗျား စိတ်ဆိုးချင်ဆိုး၊ ခင်ဗျားကို ကျွန်တော်မဲမထည့်ခဲ့ဘူး” လို့ ပြောလိုက်တော့ သူက အားရပါးရ ရယ်မောပြီး “ဒါမျိုးမှ ကျွန်တော်က ကြိုက်တာ၊ မဲတန်ဘိုးဆိုတာ အဲဒီလိုထားရတယ်ဗျ။
အရွေးမခံရတာ ခံရတာက အရေးမကြီးပါဘူး။ အပြင်လူ အနေနဲ့လဲ ကျောင်းသားကိစ္စတွေ တပြုံတခေါင်းကြီး လုပ်နိုင်ပါတယ်။ တိုင်တိုင်ပင်ပင်နဲ့ ဆက်ဆောင်ရွက်ကြတာပေါ့ဗျာ” စသည်ဖြင့် ၃ နာရီလောက် စကားလက်ဆုံကျပြီး သူငယ်ချင်းလုပ်ဖော်ဆောင်ဘက်အဖြစ် ရင်းနှီးသွားကြတယ်။
၁၉၃၅-၃၆ ခုနှစ်ကျတော့လဲ အမှုဆောင်များအဖြစ် တင်မြှောက်ခံကြရတဲ့အခါ၊ ကျောင်းသား ကိုအောင်ဆန်းဟာ အထွေထွေအတွင်းရေးမှူးအနေနဲ့ အလုပ် သိပ်လုပ်ပြချင်တယ်။
ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေက သူ့ရဲ့ ဆက်ဆံမှုကို အားမရသေးတဲ့အတွက် သူ့ရဲ့စွမ်းရည်ကို ကလောင်ဖြင့် ပြစေဘို့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာဝန်အဖြစ် တာဝန်ယူစေတယ်။
လုပ်ပြချင်တာ မလုပ်ရလို့ သူ စိတ်ကောက်သွားသလား၊ မကောက်ပါဘူး။ ထားတဲ့နေရာကနေ သူ့စွမ်းရည်ကို ပြပြီး ကျောင်းသားကိစ္စအ၀၀ကို ဆောင်ရွက်ခဲ့ပါတယ်။ သာမန်အားဖြင့်သာဆိုရင် ငါ တော်ရဲ့သားနဲ့ ငါ့ကို နေရာမပေးရကောင်းလားဆိုပြီး စိတ်လိုက်မာန်ပါ ဂွလုပ်မှာဘဲ။
ဒါတင်လား၊ မဟုတ်သေးပါဘူး။ ၁၉၃၆-ခုနှစ် သပိတ်မှောက်ပြီးတဲ့ နောက်ပိုင်းမှာတောင် သူ့ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌနေရာမှာထားပြီး ဆောင်ရွက်စေကြတယ်။
ဒီလိုလုပ်လဲ သူဟာ ဘယ်သူ့ကိုမှ စိတ်ကွက်ခြင်း၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးကို ထိုးဖောက်မယ်ဟေ့ ဆိုတဲ့ စိတ်မျိုးမထားဘဲ သဘောထားကြီးစွာ ကြည်ဖြူစွာ လုပ်ဖော်ကိုင်ဖက်များ စီစဉ်ပေးတဲ့အတိုင်း စွမ်းစွမ်းတမန် လုပ်ပြပြန်ပါတယ်။
ဒီလို မြင့်မြတ်တဲ့စိတ်ထားတွေကြောင့် မြန်မာအမျိုးသားခေါင်းဆောင်တင်မက ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ကြီး ဖြစ်ခဲ့ပါတယ်။
(ဗိုလ်ချူပ်အောင်ဆန်း၏ အကိုဖြစ်သူ ဦးအောင်သန်း ရေးသားသော “အောင်သန်း၏ အောင်ဆန်း” စာအုပ်မှ ပြန်လည်ဖေါ်ပြအပ်ပါသည်)။
No comments:
Post a Comment