ယနေ့  ကျောင်းသားဘ၀ တစ်နေ့တာ။
ယနေ့  ကျောင်းသားဘ၀ တစ်နေ့တာ။
ဒီနေ့ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်အတန်းတွေ စတင်ဖွင့်လှစ်တဲ့အတွက် ကျွန်တော့်အတန်းဖြစ်တဲ့ အရှေ့ပိုင်းတက္ကသိုလ်က ဒုတိယနှစ်ရုက္ခဗေဒအတန်းမှာ ကျွန်တော်သွားတက်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ နီးလာတာကြောင့် မနေ့ညက အိုးဝေပညာဒါနက ဆယ်တန်းကျောင်းသားတွေနဲ့ လုံးပန်းနေရတဲ့အတွက် သူတို့ရော ကျွန်တော်ရော မနက်သုံးနာရီခွဲမှ အိပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီမနက် Practical ချိန် (8:30) မှာ မနိုးပဲ မနက် (9:00) ထိုးမှ အိပ်ရာနိုးတဲ့အတွက် ထုံးစံအတိုင်းပါပဲ ပထမဆုံးလက်တွေ့ချိန် နောက်ကျပါတယ်။
ကျောင်းဝမှာ ဆိုင်ကယ်ရပ်ပြီး ရုက္ခဗေဒအဆောင်ကို လမ်းလျှောက်လာတော့ မတွေ့ရတာကြာတဲ့ သားတစ်ယောက်ကို အမိကျောင်းတော်ကြီးက တစ်စိမ်းဆန်မနေဘဲ ရင်းနှီးနေကျ မြင်ကွင်းတွေနဲ့ပဲ ဖက်လဲတကင်း ထွေးပွေ့ပါတယ်။ အကြောင်းကြောင်းတွေကြောင့် ကျွန်တော် နှစ်ကာလတစ်ချို့ တက္ကသိုလ်နဲ့ ဝေးခဲ့ရပါတယ်။
ကျောင်းပြင်ပကျောင်းသားအဖြစ် နေထိုင်ရပ်တည်ရင်း ဒီနှစ်အဝေးသင်သိပ္ပံ လက်တွေ့ချိန်တွေစတဲ့အပတ်မှာပဲ ကျောင်းပြန်တက် ဖြစ်ခဲ့တာပါ။ လမ်းမတလျှောက်က ခရေပင်တွေ၊ စားသောက်ဆိုင်တန်းက ကျောင်းသားတွေရဲ့ ရယ်သံတွေ စတဲ့အမိတက္ကသိုလ်ကြီးရဲ့ ရင်ခုန်သံစည်းချက်တွေကို ခံစားရင်း အတန်းထဲကို ရောက်လာပါတယ်။
အခန်းဝကို ရောက်ရောက်ခြင်းပဲ ကျွန်တော်နဲ့ သိနေတဲ့ ဆရာမက နောက်ဆရာမတစ်ယောက်ကို `သီဟသန်းဝင်းဆိုတာသူလေ´လို့ မိတ်ဆက်ပေးပါတယ်။ ကျွန်တော့်ကို ဒီနှစ်ရော စာမေးပွဲကို ကောင်းကောင်းမွန်မွန် ဖြေမှာလားလို့ မေးပါတယ်။ ပြီးတော့ ကျွန်တော်ဝတ်လာတဲ့ 7 ဇူလိုင် အထိမ်းအမှတ်အင်္ကျီကို ကြည့်ပြီး အင်္ကျီက တော်တော် ကောင်းတာပဲလို့ ပြောပါတယ်။
Practicalအပြီးမှာ ကျောင်းမအပ်ရသေးလို့ ခုံနံပါတ်မထွက်သေးတဲ့ ကျွန်တော်ကို သီးသန့်လက်မှတ်ထိုးစေပါတယ်။ ဆရာမ ထွက်သွားတော့ နောက်ဆရာ မ၀င်လာသေးခင် စာသင်ခန်းရဲ့ ထုံးစံအတိုင်း ပြန်လည်ဆူညံလာပါတယ်။ ကျွန်တော်ကတော့ မရောက်တာကြာပြီဖြစ်ပေမယ့် အရင်လိုပဲ မြေဖြူနဲ့ စာသင်နေသေးတဲ့ အမိတက္ကသိုလ်ကြီးရဲ့ သင်ကြားမှုစနစ်ရယ်၊ အရင်ထက် ပိုများလာတဲ့ စည်းကမ်းဆိုင်းဘုတ်တွေရယ်၊ ကျောင်းဝက ရေသန့်ဗူး လိုက်ကောက်နေတဲ့ ကလေးတွေရဲ့ ဘ၀တွေရယ်ကို စဉ်းစားရင်း သက်ပြင်းမော ချမိပါတယ်။ ဆရာမ မလာသေးတဲ့အတွက် ပျင်းလာတာနဲ့ ကျောပိုးအိတ်ထဲမှာ ထည့်ယူလာတဲ့ ဖတ်လက်စ လေထီးဦးအုန်းမောင်ရေးတဲ့ နှစ်ပေါင်းဆယ်ကြာသောအခါဆိုတဲ့ စာအုပ်ကို ထုတ်ဖတ်နေလိုက်ပါတယ်။
ဒီမှာတင် ကျောင်းသားသစ်ဖြစ်တဲ့ ကျွန်တော့်ကို မနက်ကတည်းက တစ်စေ့တစ်စောင်း အကဲခက်နေတဲ့အတန်းထဲက ကျောင်းသားတစ်ချို့ ကျွန်တော်နား ကပ်လာပြီး ကျွန်တော်ဖတ်နေတဲ့ စာအုပ်နဲ့ ကျွန်တော် ၀တ်ထားတဲ့ အင်္ကျီကို ကြည့်ပြီး နိုင်ငံရေးသမားလားလို့ မေးပါတယ်။ ကျွန်တော်က ကျောင်းသားသမဂ္ဂကပါလို့ ရှင်းပြပြီး ရင်ထိုးတံဆိပ် ထုတ်ပြပါတယ်။ `NLD တံဆိပ် မဟုတ်ဘူးလား´လို့ ထပ်မေးပါတယ်။ ကျောင်းသားသမဂ္ဂတံဆိပ်ဖြစ်ကြောင်း၊ တံဆိပ်ထဲမှာပါတဲ့ အရောင်တွေရဲ့ အဓိပ္ပါယ်နဲ့ ခွပ်ဒေါင်းက ဖောက်ထွက်နေတဲ့ ကျော့ကွင်းရဲ့အဓိပ္ပါယ်တို့ကို ရှင်းပြပါတယ်။
၁၉၈၈အရေးတော်ပုံကြီးကို စခဲ့တဲ့၊ ပြီးတော့ ပြည်သူလူထုကို ဦးဆောင်ပြီး တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့ ကျောင်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ NLD ပါတီရဲ့ အလံမှာ ကျောင်းသားသမဂ္ဂကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းကို သုံးခဲ့တာဖြစ်ကြောင်း၊ ၁၉၃၆ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂမှာ နောင်တစ်ချိန် နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာမယ့် ကိုအောင်ဆန်းတို့ ကိုဗဟိန်းတို့ ဦးဆောင်ခဲ့ကြောင်းနဲ့ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂမှာ ပေါ်ထွန်းခဲ့တဲ့ ကိုအောင်ကျော်လို၊ ကိုဆလိုင်းတင်မောင်ဦးတို့လို ကျောင်းသားအာဇာနည်များအကြောင်းကို ပြောပြတဲ့အခါ စိတ်ဝင်တစား နားထောင်ကြပါတယ်။ သူတို့ကသာ စိတ်ဝင်တစား နားထောင်နေကြတာပါ။ ကျွန်တော်ကတော့ စိတ်မကောင်းခြင်းကြီးစွာနဲ့ ရှင်းပြနေရပါတယ်။ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သမဂ္ဂတံဆိပ်ကို မသိတာ၊ ဗကသလို့ခေါ်တဲ့ ကျောင်းသားသမဂ္ဂကို အခုပွင့်လင်းတဲ့ခေတ်မှာ စတည်ထောင်တယ်လို့ အမှတ်မှားနေတာ၊ ကိုအောင်ဆန်းတို့၊ ကိုအောင်ကျော်တို့လောက်ကိုသာ သိပြီး ကျန်တဲ့ ခေါင်းဆောင်တွေကို မကြားဘူးကြတာ၊ သခင်ဖိုးလှကြီးကို သူပုန်လို့ ထင်နေတာ စတာတွေဟာ ကျွန်တော့်စိတ်ကို တော်တော်ကြီး ထိခိုက်စေတဲ့ အကြောင်းအရာတွေပါပဲ။
လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်တော့်ဆီကို အင်တာဗျူးဖို့ လာတဲ့ DVB က သတင်းထောက် အကိုတစ်ယောက် ပြောတဲ့ကိစ္စလေးကို သွားသတိရမိပါတယ်။ ဆယ်တန်းစာမေးပွဲ နီးလာတဲ့အတွက် DVB က ဆယ်တန်းကျောင်းသားတွေကို အထောက်အကူပြုမယ့် အစီအစဉ်တစ်ခုအတွက် နာမည်ကြီး ဆယ်တန်းကျူရှင်ဆရာတွေကို အင်တာဗျူးလိုက်မေးရာမှာ သမိုင်းနဲ့ ပထ၀ီဘာသာတွေကို ယူမဲ့ကျောင်းသားတွေ မရှိတဲ့အတွက် အဲဒီဘာသာရပ်တွေကို သင်မယ့်ဆရာ မရှိကြောင်း။ ဒါကြောင့် ယခု ကျောင်းသားမျိုးဆက်တွေ ပထ၀ီဝင်နဲ့ သမိုင်းကို မသိကြတော့တဲ့အကြောင်း ပြောတဲ့အခါ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း တွေးတောမိရင်း ရင်မောစွာနဲ့ပဲ ကျွန်တော် မောင်ကျောင်းသား အမိတက္ကသိုလ်ကြီးမှ တောင်ပိုင်းခရိုင်ရဲ့ အိုးဝေစာကြည်တိုက်သို့ ပြန်ခဲ့ပါကြောင်း ………….
မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်။
No comments:
Post a Comment