Wednesday, March 27, 2013

“တိုင်းပြည်ချောက်ထဲကျတော့မယ် ငါတို့ တွေ ကယ်တင်ခဲ့ရတယ်၊ ကယ်တင်ချင်သေးတယ်”

တိုင်းပြည်ချောက်ထဲကျတော့မယ် ငါတို့ တွေ ကယ်တင်ခဲ့ရတယ်၊ ကယ်တင်ချင်သေးတယ်။

မင်းအောင်လှိုင် ဒီနေ့  ပြောတဲ့စကားထဲမှာ “၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကနေ မင်းမဲ့စရိုက်တွေ အထိ ကြီးထွားလာပြီး တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေကိုလည်း တို့တပ်မတော်ကပဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက် ခဲ့ရတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို အမြဲတမ်းကာကွယ် စောင့်ရှောက်လျက် ရှိသလို လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ်ပေးလျက်ရှိရာမှာ ပြည်သူလူထုနဲ့ တစ်သားထဲ ဆောင်ရွက်လျက် ရှိတယ်” ဆိုတဲ့ အချက်တွေကို ပြန်ပြောရရင် -

၁၉၈၈ ခုနှစ် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြကြတာ တစ်နိုင်ငံလုံး မြို့ တိုင်းနယ်တိုင်းမှာ ရဟန်းသံဃာတွေ၊ ကျောင်းသူကျောင်းသားတွေ၊ အစိုးရဌာနဆိုင်ရာ ပြည်သူ့  ၀န်ထမ်းတွေ၊ တောင်သူလယ်သမားတွေ၊ ရဲတပ်ဖွဲ့ ဝင်တွေ၊ တပ်မတော်သားတွေ အင်အားအပြည့်ဖြစ်လာချိနှ်မှာ အကျဉ်းထောင်တွေအတွင်းက ရာဇ၀တ်မှုကျူးလွန်လို့  ပြစ်မှုကျနေသူ သူခိုးဓါးမြ မုဒိမ်းသမား လူသတ်သမားတွေကို ထောင်ထဲက လွှတ်ပေးပြီး ငွေကြေးပေး ရပ်ကွက်မြို့ ရွာတွေကို မီးကွင်းတွေပစ် မီးတွေရှို့ ခိုင်း၊ ပြည်သူပိုင်ပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေကို ဖောက်ခိုင်း၊ သောက်သုံးရေတွေ အစားအသောက်တွေထဲ အဆိပ်ခတ်ခိုင်းနဲ့  မင်းမဲ့စရိုက်ဖြစ်အောင် အစီအစဉ်တကျ ဆောင်ရွက်ဖျက်ဆီးစေခဲ့တာ ဘယ်သူတွေလည်း။ အုပ်ချူပ်သူအာဏာရူးတွေနဲ့  လက်ပါးစေအုပ်စုတွေဆိုတာ အဆိုပါ အချိန်ကာလတုန်းက ပြည်သူလူထုကနေ ဖမ်းဆီးရမိခဲ့လို့  စစ်ဆေးတဲ့အခါမှာ ၀န်ခံခဲ့ကြသူ အဖျက်သမားတွေက သူတို့ ကို ခိုင်းစေခဲ့တာ ဘယ်သူတွေလည်းဆိုတာ ပြောပြချက်တွေ သက်သေရှိပါတယ်။ ကိုယ့်အကွက် ကိုယ်ဆင် ကိုယ့်ဖာသာ ကိုယ်ဇာတ်ခင်းတဲ့ လုပ်ရပ်တွေ လုပ်ပြီး တိုင်းပြည် ချောက်ထဲကြမယ့်အခြေအနေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့တယ်လို့ ပြောတာ အလိမ်အညာလှည့်ကွက်တွေဆိုတာ ပြည်သူလူထု သိကြပါတယ်။ တိုင်းပြည်က အာဏာရူးကြီးနေ၀င်း အာဏာစသိမ်းကတည်းက ချောက်ထဲကျနေတာ ယခုထိ ချောက်ထဲမှာဘဲ ရှိသေးတုန်းပါ။

“လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ်ပေးလျက်ရှိရာမှာ ပြည်သူလူထုနဲ့ တစ်သားထဲ ဆောင်ရွက်လျက် ရှိတယ်” ဆိုပြီးပြောတဲ့စကားကလည်း - ယနေ့  ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဘက်မှုတွေကို ကြည့်ရင် ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံအောင် ကာကွယ်ပေးနိုင်တာ မရှိဘဲ၊ အာဏာရူးတို့ ရဲ့  အာဏာတည်မြဲရေးကို ထိခိုက်စေမယ်လို့ ယူဆရင်တော့ ငြိမ်းချမ်းစွာ မေတ္တာပို့  လမ်းလျှောက်နေတဲ့ ရဟန်းသဃာတော်တွေလည်း မရှောင် လက်မနှေးဘဲ ပစ်ခတ်သတ်ဖြတ်ဖို့  ကြတော့ ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ဖို့ ကြတော့ မြန်ဆန်ကြတဲ့ အာဏာရူးတွေရဲ့  လုပ်ရပ်က “လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ်ပေးလျက်ရှိရာမှာ ပြည်သူလူထုနဲ့ တစ်သားထဲ ဆောင်ရွက်လျက် ရှိတယ်” ပြောတာ ယုံကြည်စရာ အလျဉ်းမရှိပါဖူး။

ဒါတွေကို ကြည့်ရင် မင်းအောင်လှိုင်တို့ ဟာ တိုင်းပြည်ကို ချောက်ထဲ နစ်သထက် နစ်အောင်လုပ်နေတာပါ၊ ယနေ့ ယခု ဖြစ်ပွားနေတဲ့ လူမျိုးရေး ဘာသာရေးအပေါ် အခြေခံ ဖန်တီးပြီး ပဋိပက္ခတွေ အကြမ်းဘက်မှုတွေ ဆက်တိုက်ဖြစ်နေတာဟာ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ်ပေးတယ်ဆိုတဲ့ အပြောနဲ့  တစ်ခြားစီပါဘဲ။ ရဟန်းသံဃာပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တဲ့နေရာမှာတော့ အာကာသထက် လွှတ်တင်တဲ့ ဒုံးပျံထက်တောင် မြန်သေးတယ်၊ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေ ဖြစ်အောင် ထင်ထင်သာသာ လမ်းမတွေပေါ် လှည့်လည်သောင်းကျန်းနေကြတဲ့ အကြမ်းဘက်အုပ်စုကို ရှာဖွေးဖမ်းဆီးဖို့  အတွက်ကြတော့ မြန်မာပြည်က လိပ်ထက်တောင် နှေးတဲ့ အင်တာနက်နှုန်းထက် ပိုနှေးပြနေပါတယ်။ မလိုအပ်တဲ့ ပုဒ်မတွေ ပြဌာန်းချက်တွေ ထုတ်ပြန်ချက်တွေနဲ့  ဟန်ပြလုပ်ပြနေတာကို လူသတ်ရမ်းကားတဲ့သူတွေက အိမ်ပြန်ရေမိုးချိုးပြီး တီဗွီမျက်နှာပြင်ပေါ်က မင်းအောင်လှိုင်တို့  ပြောတာကို ကြည့်ပြီး ရီနေလောက်ရဲ့ ။ ဒါမှ မဟုတ် မင်းအောင်လှိုင်တို့ ရဲ့  အကျဉ်းထောင်တွင်းက လွှတ်ပေးခဲ့ပြီး ခိုင်းစေနေသူတွေဖြစ်ရင်တော့ မင်းအောင်လှိုင်ပြောတာကို ခေါင်းတစ်ငြိမ့် ငြိမ်နဲ့  ဖြစ်နေလောက်ရဲ့ ။

“တိုင်းပြည်ချောက်ထဲကျတော့မယ် ငါတို့ တွေ ကယ်တင်ခဲ့ရတယ်၊ ကယ်တင်ချင်သေးတယ်”



No comments: