Saturday, March 30, 2013

ရဲရဲတောက်များ။

ရဲရဲတောက်များ။

၂၀၀၇ ခုနှစ် ပခုက္ကူ သံဃာတွေကို တိုင်မှာ ကြိုးနဲ့တုပ်ပြီး ရိုက်ထားပြီး သကာလ .... အနှီ အချိန်တွေတုန်းက ရဲရဲတောက် မျိုးချစ် သာသနာကို ကာကွယ်မယ့် အာဇာနည် ပုဂ္ဂိုလ်များ ... အိပ်ပျော်နေကြတယ် ထင်ပါတယ်။


အဲဒီ ကာလမှာ .... ဘယ်သူမှ တာဝန်မပေးရပါဘဲ ... ထောင်နှုတ်ခမ်းဝမှာ လမ်းလျှောက်ပြီး ကျည်ဆံတွေကို တော်လှန်ခဲ့သူတွေကတော့ ...... ကိုမင်းကိုနိုင် ပါဝင်တဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်များက ဦးဆောင်ပြီး လူရာဂဏန်းလောက်ပါတဲ့ လူအုပ်က ... လမ်းလျှောက် ဆန္ဒပြပွဲကို ... အာဏာသိမ်းပြီး ၁၉ နှစ်အတွင် ပထမဦးဆုံးအကြိမ် လူအများဆုံးနဲ့ ဆန္ဒပြသွားခဲ့တယ်။ သိမ်ကြီးဈေးနားမှာ ရှားရှားပါးပါး ဆန္ဒပြသွားခဲ့တဲ့ ... ကုန်ဈေးနှုန်း ကျဆင်းရေး ကိုထင်ကျော်တို့ကလည်း ... တနိုင်ငံလုံးအနှံ့ ဆန္ဒပြမယ် ခြိမ်းခြောက်လိုက်တယ်။

မရှေးမနှောင်းမှာ ... ၈၈ ခေါင်းဆောင်တွေ ထဲက အမျိုးသားတွေ အကုန်လောက် နီးနီး အဖမ်းခံရလို့ .. ၈၈ အမျိုးသမီးတွေက ... မိသားစု၊ ကလေးနဲ့ အိမ်အလုပ်တွေ ပစ်ပြီး ... လူထုကို ဦးဆောင်ပြီး ... တိုင်းပြည် .... လူမျိုးနဲ့ သာသနာအတွက် .. အာဏာရှင် နှုတ်ခမ်းမွှေးကို သွားနှုတ်ကြတယ်။

NLD က မစုစုနွေးရဲ့ လှည်းတမ်းက လက်ပါးစေများနဲ့ အတိုက်အခံ ဗွီဒီယို ကလစ်ဆို ကမ္ဘာကျော်ခဲ့တယ်။ ဒေါ်နော်အုန်းလှတို့ကလည်း သမိုင်းဘက်ကနေ ... အလျော့မပေး ချီတတ်ခဲ့ကြတယ်။ မမီးမီးရဲ့ ရဲရဲတောက် လူထုကို တိုင်တည်နေပုံက ... ကြားရသူတွေအတွက် အားအင်တိုးမှုနဲ့ မျက်ရည်ဝဲစေတယ်။

ကိုဇာဂနာနဲ့ ကိုကျော်သူတို့က သံဃာထုအတွက် ... ဆွမ်းမဆင်းရဲရအောင် ... လက်ထိပ်နံ့ ခပ်ပြင်းပြင်းကြားထဲက ရအောင် လှူဒါန်းခဲ့ကြတယ်။ ကိုထင်ကျော်ကို သိမ်ကြီးဈေးမှာ ခွေးတွေက ဝိုင်းဆွဲသလို ... အတင်းဆွဲပြီး ဒိုင်နာကားပေါ် တင်သွားခဲ့ကြတယ်။ သို့သော် ... အနှီ နောင်တွင် ရဲရဲတောက် အင်တာနက် မျိုးချစ်ကာကွယ်ရေးသမားများ ဖြစ်လာမယ့် ပုဂ္ဂိုလ်များက ဒါးသွေးနေတယ် ထင်ပါ့။

သို့သော် ... သာသနာ ပျောက်ကွယ်မှာ စိုးရိမ်တဲ့ ... ဗုဒ္ဓဘာသာဝင်ကောင်းတွေ ဒါးသွေး (သို့) အိပ်ကောင်းနေချိန်မှာ ... လက်ထိပ်၊ နံပါတ်တုတ်၊ သေနတ်၊ စစ်ကျော်ရေး စခန်း၊ ထောင်နဲ့ ဘဝ ပျက်စရာတွေ ရင်ဆိုင်ရမှာကို သိသိကြီးနဲ့ .. ဆောင်ရွက်ခဲ့ကြသူတွေအတွက် ၅ နှစ်ကျော် ၆ နှစ်အကြာ ကြားရတဲ့ အသံလေးတွေကို နားထောင်ကြည့်ရအောင်။

ဇာဂနာဆိုတဲ့ မျိုးဖျက် ကတုံးက ကုလား တွေဆီက ပိုက်ဆံယူတယ် .. အမျိုးကို ဖျက်နေတယ်။

မင်းကိုနိုင်က ... ကုလားဘက်က ပါတယ်

NLD တွေက မွတ်ဒေါင်း တဲ့လား....

... အော် ... တကယ် တွေးကြည့်ရင် ရီစရာလည်း ကောင်းရဲ့။

(ကိုထိုက်)။


No comments: