Thursday, April 11, 2013

ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့  သည်အထိတောင် ဖြစ်နေကြသူများ ဖတ်ကြည့်ကြဖို့ ပါ။

ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလားလို့ အင်တာနက်မှာ ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာ ဆိတ်ဖွားအပေါ် မကျေမနပ်ဖြစ်နေကြပြီး ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့  သည်အထိတောင် ဖြစ်နေကြသူများ ဖတ်ကြည့်ကြဖို့ ပါ။


တဖက်လပ် ကိုယ်လုံးတီး ဒေါက်တာပုံပုံဦး။

ပုံပုံဦး။ မွေးကတည်းက တော်လိုက်တာ။ တန်းစဉ် ဂုဏ်ထူး။ မိဘတွေက ဖူးဖူးမှုတ်။ ဆရာတွေက အမွှန်းတင်။ အသိုင်းအ၀ိုင်းက “ပ“ စားပေး။ ကြီးလာခဲ့တော့လည်း အထက်တန်းအောင်သူတွေထဲက အတော်ဆုံးလူတွေကပဲ အလုအယက်တက်ဖို့ ကြိုးစားတဲ့ အင်္ဂါဂြိုလ်ရဲ့ ဆေးတက္ကသိုလ်ကျောင်းသားကြီးဖြစ်။ ဆရာဝန်ဖြစ်ပြန်တော့လည်း ဘိန်းစားချင်း တစ်လုံးပိုရှုလိုက်သည်။ ဘွဲ့လွန်အထူးကုဘွဲ့ကြောင့် သမားတော် ဒေါက်တာပုံပုံဦးရယ်လို့ ဖြစ်လာတော့သည်။ သမားတော် ဒေါက်တာပုံပုံဦးက တော်သလောက် မိမိကိုယ်ကို ယုံကြည်ချက် (self-confidence) များသည်။ သူလုပ်ခဲ့သမျှလဲ စွမ်းခဲ့နိုင်သည်ပဲကိုး။ ပညာရေး... ပြောစရာမရှိ။ ဂီတ.. တဖက်ကမ်းခတ်သည်။ ဂစ်တာတီးနည်း သင်တန်းတောင် ဖွင့်လိုက်သေးသည်။ ဒီတော့ ကိုယ်လုပ်သမျှမှန်သည်ဟုပဲ ထင်သည်။ ကိုယ်လိုလူ ဇဗ္မူမှာ ရှားလှသည် ထင်သည်။

ပြဿနာက တဖြည်းဖြည်း ရုပ်လုံးကြွလာတော့သည်။ ကျောင်းဆရာဖြစ်လာတော့ ကျောင်းသားလေးတွေက ပြုံးပြသည်။ အစပိုင်းမှာတော့ သူကိုယ်တိုင်က စတင် ပြုံးပြ နှုတ်ဆက်လေ့ရှိသည်။ နောက်တော့ ကျောင်းသားလေးတွေကိုမြင်ရင် မသိချင်ယောင်ဆောင်နေမိသည်။ သူတို့ကစပြီး နှုတ်ဆက်မှသာ ကိုယ်က ပြန်နှုတ်ဆက်တော့သည်။ ကြာလာတော့ ကျောင်းသားလေးတွေက စနှုတ်ဆက်လည်း သူပြုံးမပြချင်တော့။ သူတို့ကို ပြုံးပြလိုက်ခြင်းကြောင့် ကိုယ့်မှာ ကိုယ်ကျိုးမရှိဟု ယူဆမိလာသောကြောင့်ဖြစ်သည်။ သူတို့ကို ကိုယ်လို ဆရာက ပြုံးပြရန် အကြောင်းမရှိဟု မာန်ဝင့်လာသောကြောင့်ဖြစ်သည်။ ဤတွင်မက လူနာတွေကိုလည်း ထို့နည်း၎င်း ကျင့်သုံးလာတော့သည်။ “သူတို့ကို အရေးတယူဆက်ဆံရင် ယောင့်တက်လွန်းသည်” “မျက်နှာသာပေး ရွှေရေးပန်းကန်တက်တတ်သည်“ စသည်ဖြင့် အများအမြင်တွင် ကြားကောင်းအောင်တော့ သူဒီလို လေသံလွှင့်ထားသည်။ ဆက်ဆံရေး မပြေပြစ်သူဟု သတင်းထွက်လာသည်။ ဒီလို ထွက်လာတာကလည်း သူ့ကို အုပ်ချုပ်သော အရာရှိအသိုင်းအ၀ိုင်းမှာတော့ မဟုတ်။ ထို အသိုင်းအ၀ိုင်းမှာတော့ ပညာရှိနည်းဖြင့် ပြေပြစ်စွာ ဆက်ဆံတတ်သောကြောင့်တည်း။ သူ့ကို ဝေဖန်လျှင် အကောင်းတွေဆို လက်ခံ၏။ အမှားအယွင်းများကို ထောက်ပြလျှင် မကြိုက်တော့။ ဝေဖန်သူတွေက ဘယ်လောက် ပညာတတ်လို့လဲလေ- သူ ရေရွတ်တတ်သည်။

တဖြည်းဖြည်းနှင့် နေလည်း မြင့်လာတော့သည်။ တခါက အိမ်မှအထွက်တွင် အင်္ကျီကြယ်သီးပေါက် လွဲတတ်ထားသည်ကို သမီးဖြစ်သူက သတိပေးသည်။ သမီးဖြစ်သူကို မိမိလွဲမှားနေတာကို ဝေဖန်ရကောင်းလားဟု မာန်မဲကြိမ်းမောင်းသည်။ တခါက သူအိမ်ကအတွက်တွင် စီးလာသော ဖိနပ်က အနီတစ်ဖက် အနက်တစ်ဖက် (ကျွဲတစ်ဖက် နွားတစ်ဖက်) ဖြစ်နေသည်။ ဇနီးဖြစ်သူက သတိပေးသည်။ ဇနီးဖြစ်သူကို နဂါးမျက်စောင်း ပေးလိုက်သည်။ တခါက မျက်စေ့တွေ မျက်ချေးကပ်နေသည်ကို လုပ်ဖေါ်ကိုင်ဖက် ဆရာဝန်တစ်ဦးက ထောက်ပြ သတိပေးသည်။ ရွတ်ပြီး မျက်ချေးကို မသန့်စင်ပစ်ပဲ တနေကုန်နေလိုက်သည်။ တခါက ရေအိမ်ထဲမှ ထွက်လာသည်။ မေ့ပြီး ဘောင်းဘီဇစ် မဆွဲမိချေ။ ရုံးလုလင်လေးက သတိပေးသည်။ သူ အင်မတန်စိတ်ဆိုးသွားသည်။ သူ့ကို ဘောင်းဘီဇစ်ပွင့်နေသည် ဟု ပြောရကောင်းလားဟု။ ကြာတော့လည်း သူ့ပါတ်ဝန်းကျင်က သူ့ကို သတိပေးဝေဖန်စကား မပြောချင်ကြတော့။ သူ့ကောင်းကြောင်းသာ သူကို ပြောတော့သည်။ သူကောင်းကြောင်းပြောသူတွေရဲ့ အနီးအနားမှာသာ သူကျက်စားသည်။ သူအတ္တကို အရောင်တင်ပေးသူတွေနဲ့သာ သူ ပလဲပနံသင့်တော့သည်။

ပေါက်ကွဲတော့တဲ့ တစ်ရက်ကို ရောက်လာတော့သည်။ သမားတော် ဒေါက်တာပုံပုံဦးက ကော်ဖီကြိုက်သူ။ ထုံးစံအတိုင်း သူကော်ဖီတည်သွားသည်။ နောက်မေ့သွားသည်။ အပြင်ထွက်သွားသည်။ ၀ါယာတွေ ပူလာပြီး ရှော့ဖြစ်ကာ မီးလောင်တော့သည်။ စပြီး အညှော်နံ့ထွက်လာကတည်းက လက်အောက်ငယ်သားများက သတိထားမိသော်လည်း ဒေါက်တာပုံပုံဦးကို မဆက်သွယ်ရဲကြ။ တနည်းအားဖြင့် မဆက်သွယ်ချင်ကြ။ မီးခိုးတွေ အူလာတော့လည်း မသိဟန်ဆောင်ကြ။ မမြင်ဟန်ဆောင်ကြ။ မီးတောက်ကြီးများ တက်လာမှ မီးသတ်က လာရောက်ငြိမ်းသတ်ပေးသွားသည်။ တသက်လုံးစုဆောင်းထားသမျှ အဖိုးတန်စာအုပ်များကုန်သည့်အပြင် တရားဥပဒေကို ရင်ဆိုင်ရတော့သည်။ သူငယ်ချင်းဖြစ်သူ ကမ္ဘာမြေမှ ဆရာချာက စင်္ကြာဝဋ္ဌာသုံးဘာသာစကားဖြင့် အီးမေးပို့ နှစ်သိမ့်လာတော့သည်။ (စင်္ကြာဝဋ္ဌာသုံးဘာသာစကားဖြင့် တင်ပြလေသော် ဖတ်ရှုရခက်မည် စိုးပါသောကြောင့် မြန်မာဘာသာသို့ ပြန်ဆိုရေးသားပေးမည်ဖြစ်ပါသည်။ ဤကားစကားချပ်။)

ပုံပုံဦးရေ..

မင်းအကြောင်းတွေ ငါကြားကတည်းက ငါပြောချင်နေခဲ့တာ။ မင်းအကြောင်းလည်း ငါက သိထားခဲ့တော့ ငါ့မှာ ပြောမထွက်ခဲ့ဘူး။ မင်းက မင်းကို အပြစ်တင်ရင် မကြိုက်ဘူးလေ။ မင်းမှားတဲ့ ကိစ္စကို အပြစ်တင်လည်း မင်းမခံဘူး။ မင်း မှန်မှန်မှားမှား မင်းမှန်မှန် မင်းက ခံငြင်းရမယ်လို့ မင်းထင်နေခဲ့တယ်။ တကယ်တော့ လူဆိုတာ ကိုယ်မှားတာတိုင်းကို ကိုယ့်ဘာသာ အားလုံး မသိနိုင်ဘူး။ ဘေးက ထောက်ပြမှသာ သိနိုင်တာတွေ အများကြီး။ တကယ်တော့ ပါတ်ဝန်းကျင်က ဝေဖန်သံကို နားစွင့်ရမယ်။ ပြုပြင်သင့်ရင် ပြုပြင်ရမယ်။ ပါတ်ဝန်းကျင်က ဝေဖန်သံကို လူတွေ အနေနဲ့ ကြည့်မှန်တစ်ချပ်လို သဘောထားသင့်တယ်။ ကိုယ့်လိုအပ်ချက်ကို မှန်ကြည့်မှ မြင်နိုင်တာမျိုးပါ။

မင်းလည်း ကြားဖူးမှာပါ။ ရှေးရှေးက ရှင်ဘုရင်ကြီးတစ်ပါးရဲ့ ၀တ်လဲတော်အကြောင်း။ ဘုရင်ကြီးက အမြှောက်ကြိုက်တယ်။ ဘုန်းကံရှိမှ ဒီဝတ်လဲတော်ကို မြင်နိုင်ပါတယ်လို့ အမတ်ဖြစ်သူက လျှောက်တော့ သူကိုယ်တိုင် မပါမှန်း သိပေမဲ့ မမြင်ဘူးလို့ ပြောရင် ဘုန်းကံနည်း သူ ဖြစ်တော့မယ်ဆိုပြီး အောက်ပိုင်းဗလာနဲ့ ညီလာခံဝင်လာသလိုမျိုးတွေ မင်း ဖြစ်လာတော့မယ်။

အမှန်ကို ပြောပြတဲ့ အခါမှာ တခါတလေ အင်မတန်ခံရခက်တာ ငါလည်း သိပါတယ်။ ငါတော့ အဲဒါမျိုးကိုလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်ကွ။ မင်းသိတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်မှာပါပဲ။ အဘွားအိုကြီး တစ်ယောက်ကို အပြောအဆိုကြမ်းတမ်းလို့ ဆိုပြီး ရွာပြင်ထုတ်ထားသတဲ့။ ဒါနဲ့ သူငယ်တစ်ယောက်က ဘယ်လောက်များ ဆိုးလို့ ထုတ်ထားသလဲ သွားစပ်စုသတဲ့။ အဘွားအိုက သူက ဟုတ်တိုင်းမှန်ရာကို ပြောတာသာ ဖြစ်ကြောင်း ရှင်းပြသတဲ့။ သူငယ်ကလည်း လူတွေက မှားတယ်၊ မှန်တာကို ပြောတာပဲ၊ ဘာကိစ္စ မကြိုက်ကြတာလဲ၊ လို့ ကောက်ချက်ချသတဲ့။ သူငယ်လေး ထွက်သွားတော့ ဦးထုတ်ကျန်ရစ်သတဲ့။ အဘွားကြီးက “ဟေ့ .. ဟေ့ .. မျက်စေ့ တစ်ဖက်လပ်နဲ့ သူငယ်လေး .. မင်းဦးထုတ်ကျန်ခဲ့တယ်လေကွဲ့” လို့ အော်ဟစ် သတိပေးသတဲ့။ ဒီတော့မှ “ခင်များကြီး ရွာပြင်ထုတ်ထားတာ နည်းတောင် နည်းသေးတယ်” လို့ မျက်စေ့ တစ်ဖက်လပ်နဲ့ သူငယ်က ရေရွတ်သတဲ့။ ဒီပုံပြင်လိုပဲ မှန်တာကို ပြောစေဦး၊ ဝေဖန်စေဦးတော့ ဝေဖန်သူရဲ့ လေသံအပြုအမူဟာ အမှန်တရားဟာ တခါတရံမှာ မင်းကို နာကျင်စေနိုင်မယ်ဆိုတာ ငါနားလည်ပါတယ်ကွာ။ မင်းဆက်လက် စဉ်းစားချင့်ချိန်နိုင်ဖို့ရေးလိုက်တာပါ။ တော်သေးပြီ။
ပုံပုံချာ။

စာဖတ်ပြီးသော် ဒေါက်တာပုံပုံဦး ငိုင်ကျသွား၏။ ထို့နောက် ကြည့်မှန်ဟူသော စကားလုံးကို သတိရသွားသည်တွင် အခန်းထဲရှိ ကိုယ်လုံးပေါ်မှန်ကြီးထဲသို့ မိမိကိုယ်ကို ပြန်ကြည့်ချင်သော စိတ်ဖြစ်လာသည်နှင့် မှန်ဆီ လျှောက်သွားမိသည်။ မှန်ထဲက သူ့ပုံရိပ်ကို မြင်လိုက်မိသည်နှင့် ဒေါက်တာပုံပုံဦး ပါးစပ်မှ “ဟိုက်” ဟု အသံထွက်မိကာ မျက်လုံးအစုံသည် လင်းကွင်းများကဲ့သို့ ပြူးကျယ်လာတော့သည်။ မှန်ထဲတွင် သူမြင်လိုက်သည်ကား “မျက်စေ့ တဖက်လပ် အောက်ပိုင်းဗလာနှင့် ဒေါက်တာပုံပုံဦး” ၏ ပုံရိပ် ဖြစ်နေသောကြောင့်ပင်တည်း။

ဒေါက်ချာဦး။

No comments: