Sunday, May 5, 2013

အာဏာရှင်များလက်အောက် မြန်မာနိုင်ငံတော်ရဲ့  နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်များတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ များလူခပ်သိမ်း ငြိမ်းချမ်းစေခြင်း၊ ခွင့်တူညီမျှခြင်းတို့  ပျောက်ဆုံးနေ။

အာဏာရှင်များလက်အောက် မြန်မာနိုင်ငံတော်ရဲ့  နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်များတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ များလူခပ်သိမ်း ငြိမ်းချမ်းစေခြင်း၊ ခွင့်တူညီမျှခြင်းတို့  ပျောက်ဆုံးနေ။

၁၉၄၈ ခုနှစ် အချိန်ခါသမယ မြန်မာနိုင်ငံတော်ကြီး သူ့ ကျွန်ဘ၀လက်အောက်မှ လွတ်မြောက်သောအခါတွင် လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီးရဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်အလံ နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်များကို နိုင်ငံကိုယ်စားပြု တိုင်းသူပြည်သားများ ကိုယ်စားပြု သတ်မှတ်ပြဌာန်းခဲ့ကြပေသည်။

နိုင်ငံတော်အလံ နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်များကို သတ်မှတ်ပြဌာန်းရာတွင် လေးလေးနက်နက် တိတိကျကျ အဓိပ္ပါယ်ပြည့်ဝစွာနဲ့  တိုင်းပြည်တစ်ပြည်လုံး ပြည်သူပြည်သားများအားလုံးကိုယ်စားပြု ရေးသားသတ်မှတ် ဖေါ်ပြကြပေသည်။

သို့ သော်လည်း အာဏာရှင်ကြီး နေ၀င်း တိုင်းပြည်ကို အာဏာစတင် သိမ်းပိုက်ခဲ့တဲ့ ၁၉၆၂ ခုနှစ်မှ စတင်၍ ၁၉၇၄ ခုနှစ်၌ ဖွဲ့ စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပြောင်းလဲကာ ၄င်းအလိုကျ အာဏာရှင်စနစ်အား အထောက်အပံ့ပြုသော၊ နိုင်ငံတော်နှင့် တိုင်းသူပြည်သားများအားလုံးအား ကိုယ်စားပြုသော အချက်အလက်များအား မှေးမှိန်လျော့နည်းစေရန် ပြည်သူလူထုအပေါ် နားလှည့်ပါးရိုက်ဖြင့် လှည့်ဖြားကာ ဖန်တီးသော အချက်အလက်များ ထည့်သွင်းခဲ့ပေသည်။

ထိုကဲ့သို့ လုပ်ဆောင်ချက်ထဲတွင် နိုင်ငံတော်အလံ နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်များအား ပြောင်းလဲခဲ့ပေသည်။ အဆိုပါ ပြောင်းလဲမှု ပြုလုပ်ရာတွင် နိုင်ငံတော်အလံ နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ ပုံများ စာသားများအား ဖြုတ်နုတ်၍ အသစ်ထည့်သွင်းခြင်းများအား တဖြေးဖြေးချင်း မူလပုံအသွင်မှ ပြောင်းလဲခဲ့ကြပေသည်။

ဤသို့ ပြောင်းလဲမှုများတွင် အာဏာရှင်ကြီး နေ၀င်းလက်ထက်မှ အာဏာရူးကြီး သန်းရွှေလက်ထက်ကို ဖြတ်သန်းကာ ယခု အာဏာရှင်ယူနီဖောင်းချွတ် အရပ်ဝတ်ပြောင်းလဲဝတ်ပြသည့် သိန်းစိန်အုပ်စု၏ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအား တစ်ဘက်သတ် ကြိုတင်ရေးဆွဲပြီး ဖိအားပေးဖန်တီးအတည်ပြုခဲ့သည်အထိ ဖြစ်ပေသည်။

နိုင်ငံတော်အလံများ နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်များကို ပြောင်းလဲသတ်မှတ်ပြဌာန်းမှုများထဲမှ နိုင်ငံတော်နှင့် တိုင်းသူပြည်သားများ ကိုယ်စားပြု အရေးပါသည့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် (State Seal of Burma) ပြောင်းလဲမှုကို မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန် ပထမဦးဆုံးသော မူလ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဖြင့် နှိုင်းယှဉ် ပြောကြားလိုပါသည်။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့  လွတ်လပ်ရေးရသည့်အချိန်ကာလမှ ၁၉၇၄ ခုနှစ်တိုင်အောင် ပြဌာန်းသတ်မှတ်ခဲ့သည့် ပထမဦးဆုံးသော မူလ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တွင် မြန်မာနိုင်ငံပုံအား ၀န်းရံထားသည့် စာတန်း “သမဂ္ဂါနံ တပေါ သုခေါ” ပါရှိခဲ့ပေသည်။




ဤသည်မှာ ပထမဦးဆုံးသော မူလ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အဓိက ထူးခြားချက်ပင် ဖြစ်သည်။ “သမဂ္ဂါနံ တပေါ သုခေါ” ၏ အဓိပ္ပါယ်ကို ယနေ့ ယခုခေတ် မြန်မာပြည်သူပြည်သားများအားလုံး သိရှိကြရန် အထူးလိုအပ်လှပေသည်။ သို့ မှသာလျှင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ တန်ဖိုးရှိ အနက် အဓိပ္ပါယ် နက်ရှိုင်းမှုနှင့်၊ နိုင်ငံတော်နှင့် တိုင်းသူပြည်သားများ၏ အကျိုးစီးပွားကို ရှေ့ ရှုသော ငြိမ်းချမ်းသာယာသောရည်ရွယ် ရည်မှန်းချက် လိုက်နာကျင့်သုံးဆောင်ရွက်သင့်သော သတ်မှတ်ပြဌာန်းချက်ဖြစ်သည်ကို မြင်သာထင်ရှားပေမည်။ တစ်ဖက်တွင်လည်း အာဏာရှင်များလက်အောက် ပြင်ဆင်ပြောင်းလဲသော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်များ၏ ခြားနားချက်နှင့် အနက်အဓိပ္ပါယ် လျော့ပါးမှုများကို သိသာနိုင်ပေမည်။

ပထမဦးဆုံးသော မူလ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ “သမဂ္ဂါနံ တပေါ သုခေါ” ၏ အဓိပ္ပါယ်မှာ “သမဂ္ဂါနံ တပေါ သုခေါ - ညီညွတ်ခြင်းသည် ချမ်းသာကို ဆောင်ကျဉ်းစေသည်ဟု အဓိပ္ပါယ်ဖြစ်ပေသည်။

“သမဂ္ဂါနံ တပေါ သုခေါ” ၏ သမိုင်းကို ပြောကြားရလျှင် - ဗုဒ္ဓဝဂ်၊ သမ္ဗဟုလဝတ္ထုအရ - မြတ်ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်၌ သီးတင်းသုံးနေထိုင်တော်မူစဉ် သံဃာအစည်းဝေးတစ်ခု၌ သံဃာအများသည် "ငါရှင်တို့ ဤလောက၌ အဘယ်အရာသည် ချမ်းသာသနည်း" ဟု ဆွေးနွေးနေကြ၏။ အချို့ က တန်ခိုးကြီးသော မင်း အဖြစ်သည် ချမ်းသာ၏ဟု ဆိုကြကုန်၏။ အချို့ က ကာမဂုဏ်၊စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသောလူသည် ချမ်းသာသည်ဟု ဆိုကုန်၏။ အချို့ က အလိုရှိသမျှ အစားးကောင်း အသောက်ကောင်း ပြည့်စုံခြင်းသည် ချမ်းသာသည်ဟု ဆိုကုန်၏။

ချမ်းသာခြင်းအကြောင်းကို စိတ်ကူးရသလို အမျိုးမျိုးပြောနေကြစဉ် မြတ်ဗုဒ္ဓ ရောက်လာတော်မူရာ ရဟန်းတို့ သင်တို့ ထင်မြင်သော ချမ်းသာဟူသမျှသည် ဝဋ်ဆင်းရဲ၌ အကျုံးဝင်၏။ ဤလောက၌ ဘုရားပွင့်တော်မူခြင်း တရားတော်ကို နာကြားရခြင်းနှင့် သံဃာအများ ညီညွတ်ခြင်းစသည်တို့ သာ ချမ်းသာခြင်း၊ ချမ်းသာမှန် ဖြစ်သည်ဟု အောက်ပါဂါထာကို ဟောကြားတော်မူသည်။

ကြားနာသူပေါင်း၊ ကောင်းထက်ကောင်းအောင်၊ သူကောင်းအများ၊ တရားသဘော၊ ဟောပြောခြင်းမှာ လွန်ချမ်းသာ၏။ သံဃာတော်များ၊ ယူမပြားဘဲ၊ စိတ်ထားမချွတ်၊ ညီညွတ်ခြင်းမှာ၊ လွန်ချမ်းသာ၏။ မကွာအယူ၊ ညီညွတ်သူတို့ ၊ စိတ်တူကိုမျှ၊ ကျင့်ရခြင်းမှာ၊ လွန်ချမ်းသာ၏။

- သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ၊ (ဘုရားရှင်တို့ ပွင်ထွန်းပေါ် ပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။)

- သုခေါ သဒ္ဓမ္မ ဒေသနာ၊ (သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်း သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏)

- သုခေါ သံဃဿ သာမဂ္ဂီ (သံဃာများ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။)

- သမဂ္ဂါနံ တပေါ သုခေါ။ (ညီညွတ်သူတို့ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။)

ဤကဲ့သို့  ဗုဒ္ဓရှင်တော်မြတ်၏ ဟောကြားတော်မူသည့်ထဲမှ “သမဂ္ဂါနံ တပေါ သုခေါ” စကားလုံးအား ပထမဦးဆုံးသော မူလ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တွင် ထည့်သွင်းပြဌာန်းဖေါ်ပြမှုသည် ဗုဒ္ဓဘာသာအရ ဘာသာရေးသက်သက်အဖြစ် မှီငြမ်းဖေါ်ပြခြင်း မဟုတ်ပေ။

ပထမဦးဆုံးသော မူလ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တွင် ထည့်သွင်းပြဌာန်းဖေါ်ပြမှုသော “သမဂ္ဂါနံ တပေါ သုခေါ” စကားလုံး၏ ဦးတည်ရည်ရွယ်မှုမှာ - မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူများ အားလုံး လူမျိုးဘာသာ ဆင်းရဲချမ်းသာ အယုတ်အလပ်အမြတ်မရွေး တစ်ဦးနှင့်တစ်ဦး ညီညွတ်စွာဖြင့် တိုင်းပြည် အေးချမ်းသာယာခြင်း တိုင်းသူပြည်သားများ ငြိမ်းချမ်းသာယာခြင်းတည်းဟူသော ချမ်းသာခြင်းကို ဆောင်ရွက်ရရှိကြစေရန် ရည်ရွယ်၍ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တွင် “သမဂ္ဂါနံ တပေါ သုခေါ” – “ညီညွတ်ခြင်းသည် ချမ်းသာကို ဆောင်ကျဉ်းစေသည်” စကားကို ထည့်သွင်းဖေါ်ပြခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အလွန်အနှစ်သာရရှိသော ကောင်းကျိုးချမ်းသာကို အေးချမ်းယာယာမှုကို လိုလားသော စစ်မှန်သည့် ဖေါ်ပြချက်ပင် ဖြစ်ပေသည်။ နိုင်ငံအကျိုး နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ တိုင်းသူပြည်သားတစ်ဦင်္းချင်းစီအကျိုးအတွက် လွန်စွာမှ သင်တော်မှန်ကန်သော ပြဌာန်းချက် ဖြစ်ပေသည်။

ထိုကဲ့သို့ သော အနှစ်သာရရှိသည့် တိုင်းပြည်နှင့် ပြည်သူပြည်သားအကျိုးကို ပိုမိုအကျိုးရှိစောသော ပြဌာန်းချက်များပါရှိသည့် မူလနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်အား အာဏာရှင်ကြီး နေ၀င်းလက်ထက်မှစတင်၍ ပြင်ဆင်ပြောင်းခဲဖြည့်စွက်ခြင်းများသည် တိုင်းပြည်တစ်ပြည်၏ သမိုင်းမှတ်တမ်းဝင်များအား ဖယ်ရှားဖျက်ဆီးရာရောက်သကဲ့သို့  ပြည်သူလူထုအတွက် အကျိုးတန်ဖိုးရှိရာများကို လျော့ပါးစေလိုက်ခြင်းပင် ဖြစ်သည်။

၁၉၆၂ ခုနှစ်မှ ပြည်သူ့ အာဏာကို သိမ်းပိုက်ခဲ့သော အာဏာရှင်ကြီးနေ၀င်းသည် တိုင်းပြည်အား တစ်ပါတီစနစ်ဖြင့် အုပ်ချူပ်ရာတွင် နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေအား ၄င်းအလိုကျဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ် မဆလပါတီ ဖွဲ့ စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအသစ်ပြဌာန်းရာ မူလနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အချက်များ ပုံရုပ်များအား ဖယ်ရှား၍ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပေသည်။


အာဏာရှင်ကြီး နေ၀င်း၏ ၁၉၇၄ ခုနှစ် မဆလပါတီ ဖွဲ့ စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအသစ်အရ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တွင် မူလ ခြင်္သေ့ရုပ်ပုံ (၃) ပုံထဲမှ ထပ်ဦးပိုင်းရှိ ခြင်္သေ့ရုပ်ပုံအား ဖယ်ရှားပစ်ကာ ကြယ်ဖြူကြီး တစ်ပွင့်ဖြင့် ဖြည့်စွက်အစားထိုးခဲ့ပေသည်။ ထို့ အပြင် “သမဂ္ဂါနံ တပေါ သုခေါ” စကားလုံးများအား အလျဉ်းဖယ်ရှားလိုက်၍ စပါးနှံနှင့် ပင်နီယံအား အစားထိုးခဲ့ပေသည်။ ဤသို့  ပြင်ဆင်မှုကို တိုင်းသူပြည်သားများမှ အလိုမကျ ကန့် ကွက်မည်ကို ကာကွယ်သည့်အနေဖြင့် တောင်သူလယ်သမား အလုပ်သမား ကိုယ်စားပြု တော်လှန်ရေးကိုယ်စားပြု စပါးနှံများ ပင်နီယံများ ကြယ်ပွင့်ဖြူကြီးများ အစားထိုးထည့်သွင်းရသည်ဟု နားလှည့်ပါးရိုက်၍ အမှန်စစ်စစ်တွင် မူလနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အချက်များ ပုံရုပ်များအား ပြောင်းလဲဖယ်ရှားလိုက်ခြင်းပင်ဖြစ်သည်။ အမှန်လက်တွေ့ တွင် (၂၆) နှစ်ကျော်ကြာ ဖိနှိပ်ချူပ်ခြယ်အုပ်ချုပ်ခဲ့သည့် တစ်ပါတီအာဏာရှင်စနစ်လက်အောက်တွင် တောင်သူလယ်သမားများ အလုပ်သမားများ တိုင်းသူပြည်သားများသည် ကျောကော့အောင်ခံရသည်မှာ သမိုင်းဖြစ်ရပ်များက သက်သေရှိပေသည်။

ယခုအခါ အာဏာရူးကြီး သန်းရွှေမှတစ်ဖန် ထပ်မံမွေးဖွားခဲ့သော သိန်းစိန်လက်ထက်တွင်လည်း ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်အုပ်ချူပ်ပုံအခြေခံဥဒေအား တစ်ဘက်သတ်ရေးဆွဲ၍ တိုင်းသူပြည်သားများအား ထပ်မံလှည့်ဖြားခဲ့သည့်အပြင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အချက်များ ပုံရုပ်များအား ဖယ်ရှားဖြည့်စွက်ခြင်းများ ၄င်းတို့ အလိုကျ လုပ်ဆောင်ခဲ့ပြန်ပေသည်။


၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်အုပ်ချူပ်ပုံအခြေခံဥဒေတွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၌ စပါးနှံများ ပင်နီယံများကိုပါ ဖယ်ရှားပစ်လိုက်ပြီး သပြေခက် (သို့ ) သံလွင်ခက်ပုံအသွင်ရှိ သစ်ခက်အား ဖြည့်စွက်ထည့်ရှိထားပေသည်။ သို့ သော် သိန်းစိန်တို့ ၏ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ဤ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်အသစ်အား တိကျစွာ အနက် အဓိပ္ပါယ်ရှင်းလင်း ဖေါ်ပြထားခြင်း မရှိပေ။



သပြေခက် (သို့ ) သံလွင်ခက်ဟုဆိုပါက ငြိမ်းချမ်းရေးကို ဖေါ်ကျူးလိုသည်ဟု ဆိုငြားက ယခုလက်ရှိတွင် တိုင်းပြည်တစ်ခွင် စစ်မက်များ ဖြစ်ပွားနေခြင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အတွက် လုံခြုံမှု မရှိ ထိတ်လန့် ခြောက်ခြားနေရသော အခြေအနေများ ဖြစ်ပေါ်နေခြင်း တရားဥပဒေစိုးမိုးမှုမရှိ ဥပဒေအထက် ရောက်ရှိနေကြသော အခွင့်ထူးခံများ ထင်ရာစိုင်းသောင်းကျန်းနေကြသူများ ရှိနေကြခြင်း အစရှိသည့် အနေအထားများနှင့် ဆန့် ကျင်ဘက် ဖြစ်နေပေသည်။

အထက်ဖေါ်ပြပါ လွတ်လပ်ရေးရရှိပြီးကာလ ပထမဦးဆုံးသော မူလ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ ပုံရုပ်များ စာသားများနှင့် အာဏာရှင်များလက်အောက် ပြောင်းလဲဖယ်ရှား ဖြည့်စွက်သော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်များ၏ အနှစ်သာရ အနက် အဓိပ္ပါယ်လေးနက်မှု ကွာခြားမှုများမှာ သိသာထင်ရှားနေသည်သာမက -

မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းတွင်လည်း -

“တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ
တို့ပြည်-တို့မြေ
များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ-၀ါဒဖြူစင်တဲ့ပြည်
တို့ပြည်-တို့မြေ
ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ
အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ” ဟု ဦးစွာပါရှိပေသည်။

သို့ သော် အာဏာရှင်နေ၀င်းလက်ထက် တစ်ပါတီအာဏာရှင်စနစ် မဆလခေတ်တွင် ဤအပိုင်းကို တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်အောင် ဖန်တီးလာကာ အလယ်တန်းကျောင်း အထက်တန်းကျောင်းများတွင် စာသင်ချိန်ပြီးချိန် နိုင်ငံတော်သီချင်းသီဆိုရာတွင်ပင် -

“(ကမ္ဘာမကျေ-မြန်မာပြည်
တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)၂

ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။

တို့ပြည် တို့မြေ အကျိုးကို ညီညာစွာ တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ
အဖိုးတန်မြေ” ဟုသာ သီဆိုကြရပေသည်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ များလူခပ်သိမ်း ငြိမ်းချမ်းစေခြင်း၊ ခွင့်တူညီမျှခြင်းတို့  ပျောက်ဆုံးနေပြီး ထိန်းသိမ်းဆောင်ရွက်ရန် အဓိဋ္ဌာန်ပြုရန်ကိုလည်း တိုက်တွန်းဖြင်း ဆောင်ရွက်ပေးခြင်း မရှိတော့ပေ။ ယခုအခါတွင်မူ နိုင်ငံတော်သီချင်းအစအဆုံး ပျောက်ကွယ်လုနီးပါး မကြားရနီးပါး ဖြစ်နေပေပြီ။

ဤသို့ ဖြင့် အာဏာရှင်များလက်အောက် မြန်မာနိုင်ငံတော်ရဲ့  နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်များ နိုင်ငံတော်သီချင်း သီဆိုဖေါ်ပြမှုများတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ များလူခပ်သိမ်း ငြိမ်းချမ်းစေခြင်း၊ ခွင့်တူညီမျှခြင်းတို့  ပျောက်ဆုံးနေပြီး အာဏာရှင်တို့  ဖြည့်စွက်ထားသည့် ကြယ်ဖြူပွင့်ကြီးသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလ တော်လှန်ရေးကိုယ်စားပြု ကြယ်ဖြူဆိုသည်ထက် စစ်အာဏာရှင်တို့ ၏ ကိုယ်စားပြု ကြယ်ဖြူကြီးဖြင့် မြန်မာနိုင်ငံအပေါ် အထက်စီးဖြင့် ဖိနှိပ်ချူပ်ခြယ်ထားသ်ာဟုပင် ထင်မြင်ရမလို ဖြစ်နေပေသည်။

အာဏာရူးကြီး သန်းရွှေလက်ထက်နှင့် မွေးဖွားပေးခဲ့သော သိန်းစိန်တို့  လက်ထက်တွင် တိုင်းပြည်တစ်ခွင် စစ်မက်များ ဖြစ်ပွားနေခြင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အတွက် လုံခြုံမှု မရှိ ထိတ်လန့် ခြောက်ခြားနေရသော အခြေအနေများ ဖြစ်ပေါ်နေခြင်း တရားဥပဒေစိုးမိုးမှုမရှိ ဥပဒေအထက် ရောက်ရှိနေကြသော အခွင့်ထူးခံများ ထင်ရာစိုင်းသောင်းကျန်းနေကြသူများ ရှိနေကြခြင်း အစရှိသည့် ဆိုးရွားမှုများ ဖြစ်ပေါ်နေရခြင်းသည် အာဏာရှင်တို့  ဖယ်ရှားပစ်ခဲ့သည့် ပထမဦးဆုံးသော မူလ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ “သမဂ္ဂါနံ တပေါ သုခေါ - “ညီညွတ်ခြင်းသည် ချမ်းသာကို ဆောင်ကျဉ်းစေသည်”” ကွယ်ပျောက်သွားရခြင်းကြောင့်ပင် ဖြစ်နေပေသည်ဟု ပြောဆိုရမလို ဖြစ်နေပေသည်။

“သမဂ္ဂါနံ တပေါ သုခေါ” - မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူများ အားလုံး လူမျိုးဘာသာ ဆင်းရဲချမ်းသာ အယုတ်အလပ်အမြတ်မရွေး တစ်ဦးနှင့်တစ်ဦး ညီညွတ်စွာဖြင့် တိုင်းပြည် အေးချမ်းသာယာခြင်း တိုင်းသူပြည်သားများ ငြိမ်းချမ်းသာယာခြင်းတည်းဟူသော ချမ်းသာခြင်းကို ဆောင်ရွက်နိုင်ကြပါစေသား။

နစ်နေမန်း။

No comments: