Saturday, July 6, 2013

၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ) ရက်နေ့ နှင့် (၈) ရက်နေ့ တွင် စစ်အာဏာရှင်တို့ ရဲ့ လက်ချက်နဲ့  ကျဆုံး ခဲ့ရသော နောင်တော် ကျောင်းသူကျောင်းသား အပေါင်းအား ဦးညွတ်ဂုဏ်ပြုအပ်ပါတယ်။

၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ) ရက်နေ့ နှင့် (၈) ရက်နေ့ တွင် စစ်အာဏာရှင်တို့ ရဲ့ လက်ချက်နဲ့  ကျဆုံး ခဲ့ရသော နောင်တော် ကျောင်းသူကျောင်းသား အပေါင်းအား ဦးညွတ်ဂုဏ်ပြုအပ်ပါတယ်။

၁၉၂၀ ခုနှစ် ပထမ ကျောင်းသား သပိတ်၊ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ် တတိယ ကျောင်းသားသပိတ်ဆိုပြီး ကျောင်းသား တွေဟာ အမျိုးသားအရေးအတွက် ရှေ့ တန်း ကနေ မားမားမတ်မတ် ရပ်ကာ တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြတယ်။

သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ခေါင်းဆောင်များ ဖြစ်ခဲ့ကြတဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း ၊ ကိုလှရွှေတို့ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦး အတွင်းမှာ အမျိုးသားရေးအတွက် တက်ကြွစွာနဲ့ ဦးဆောင်မှု တွေပေးခဲ့ကြတယ်။


ဒီ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦး အတွင်းမှာဘဲ တက္ကသိုလ် ကျောင်းသူ ကျောင်းသားအပေါင်းဟာ မတရားမှုတွေကို တိုက်ပွဲဝင်တဲ့ စိန်ခေါ်မှုတွေကို ရဲရဲတောက် ဟစ်ကြွေးပြီးတော့ ဖိနှိပ်မှုမှန်သမျှကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့ကြတယ်။ ရှိသင့်ရှိထိုက်တဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသားအခွင့်အရေးတွေအတွက်၊ အမျိုးသားရေး တွေအတွက် တောင်းဆိုခဲ့ ကြတယ်။ ကျောင်းသားအရေး အမျိုးသားရေးအတွက် စွန့် လွတ်အနစ်နာခံခဲ့ကြတယ်။

ဒီလို ဖြူစင်တဲ့၊ တက်ကြွတဲ့၊ ရဲရင့်တဲ့ လူငယ် ကျောင်းသူကျောင်းသားတို့ ရဲ့  စုစည်းရာနေရာ၊ ဆွေးနွေးတိုင်ပင်ရာနေရာ၊ တိုက်ပွဲသပိတ်ဖေါ်ဆောင်ရာနေရာ ဘူမိနက်သန်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦးဟာ သမိုင်းမှာ အထူးအရေးပါဆုံး ဖြစ်ခဲ့ပြီး အမိ မြန်မာပြည် အရေးအတွက် ဦးဆောင်လမ်းပြရာ ဌာနကြီးဖြစ်ခဲ့တယ်။

ဒီလို သမိုင်းဝင်တဲ့ ထယ်ဝါခန့် ညားတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦးကို ပုံဖေါ်ပြရမယ်ဆိုရင် နှစ်ထပ်အဆောက်အဦးကြီး ဖြစ်ပြီးတော့၊ အောက်ထပ်မှာ ကျောင်းသားတွေအတွက် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်နဲ့  ဘိလိယက်ခုံများထားရာ အခန်းများ ရှိနေခဲ့တယ်။ အပေါ်ထပ်မှာတော့ တောင်ဘက်အခြမ်းမှာ စာကြည့်ခန်းကြီးရှိပြီး၊ မြောက်ဖက်ခြမ်းကတော့ အခန်းကျယ်ကြီး တစ်ခန်း ရှိတယ်။ ဒီ အခန်းကျယ်ကြီးဟာ ကျောင်းသား တွေ စည်းဝေးရာ တိုင်ပင်ရာ အစည်းအဝေး ခန်းမကြီးဘဲ ဖြစ်တယ်။

ဒီအစည်းအဝေး ခန်းမကြီးထဲမှာ ဆိုရင် နံရံမှာကပ် ချိတ်ထားတဲ့ နီရဲသော နောက်ခံမှာ ခွပ်ဒေါင်းရုပ် ပါတဲ့ ကျောင်းသား သမဂ္ဂ ရဲ့ သမိုင်းဝင် ခွပ်ဒေါင်း အလံတော်ကြီး ရှိတယ်။
ကျောင်းသားတို့  ရဲ့ ခွပ်ဒေါင်း အလံတော်ကြီးဟာ မီးရောင်အောက်မှာ ထင်းထင်းကြီး ပေါ်လွင်နေ ပြီးတော့ အမျိုးသားအရေးအတွက် ကျောင်းသူကျောင်းသားအပေါင်းကို အားမာန်အပြည့် ပေးလျက်ရှိတယ်။

ဒီအစည်းအဝေး ခန်းမကြီးထဲမှာဘဲ လေးစားထိုက်တဲ့ ကျောင်းသားသမဂ္ဂဥက္ကဌတွေအတွက် အင်မတန်ခန့် ငြားလှတဲ့ ကဒေါင်းရုပ်ပုံပါ နောက်မှီအမြင့်နဲ့  တည်ငြိမ်သောအသွင်ကို ဆောင်နေတဲ့ ကုလားထိုင်ကြီးဘဲ ဖြစ်တယ်။

ကျောင်းသူကျောင်းသားအပေါင်းတို့ ဟာ စီစီရီရီနဲ့ ခင်းကျင်း ထားတဲ့ ခုံတန်းရှည်များပေါ်မှာ စည်းကမ်း သေ၀ပ်စွာနဲ့  ထိုင်လေ့ရှိကြပြီး၊ ကျောင်းသားသမဂ္ဂ ရဲ့ ဂုဏ်ရောင်ပြောင်မြောက်မှုကို ဦးညွတ် အလေးထား စောင့်ထိန်းလိုက်နာခဲ့ကြတယ်။ ဖိနှိပ်မှုမှန်သမျှကို တွန်းလှန်ရန် အားမာန်ယူခဲ့ကြတယ်။

ဒို့ ခေါင်းဆောင် အမြန်လွှတ်၊ ပုဒ်ထီးပုဒ်မ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေ၊ အစိုးရဟာ ကျွန်တော် တို့ တစ်တွေကို မတရား ဖိနှိပ်မှု ချုပ်ချယ်နေပြီ၊ ရွှေတိဂုံဘုရားမှာ အရိုးတွေ တောင်လို ပုံနေ မတဲ့၊ အဲ့ဒီလို အရိုးတွေ တောင်လိုပုံ နေမယ်ဆိုရင် ကျွန်တော်တို့ ကျောင်းသားများ ရဲ့ အရိုး များဟာ အောက်ကနေ ကျရောက်နေပါစေ၊ ကျွန်တော်တို့ မလျှော့တမ်း အရေးဆိုကြရမယ်၊ တိုက်ကြရမယ်လို့  အားမာန်အပြည့်နဲ့ ဟောပြောမှုတွေဟာ သမိုင်းဝင်ကျောင်းသားသမဂ္ဂကို ပိုမိုအသက်ဝင်စေခဲ့တယ်။

ဒီလို အမျိုးသားအရေး၊ ကျောင်းသားအရေးတို့ အတွက် ဦးဆောင်မှုပေးရာ သမိုင်းဝင် ကျောင်းသားများသမဂ္ဂ အဆောက်အဦးကြီးဟာ ၁၉၆၂ခုနှစ် တိုင်အောင် သမိုင်းဂုဏ်ပြောင် မြောက်စွာ တည်တံ့ခိုင်မြဲခဲ့တယ်။

ဒီ သမိုင်းဝင် ကျောင်းသားများသမဂ္ဂ အဆောက်အဦးကြီးကနေ မွေးဖွားပေးလိုက်တဲ့ ကျောင်းသားတို့ ရဲ့ မတရားမှန်သမျှ ဆန့် ကျင်ရဲတဲ့ ကျောင်းသားစိတ်ဓါတ်ဟာ ခေတ်အဆက်ဆက်တိုင်အောင် မည်သည့် အစိုးရလက်ထက်မှာ မဆို ထာဝစဉ် ရှင်သန်နေဆဲ ဖြစ်တယ်။
တိုင်းပြည်နဲ့ လူမျိုးအတွက် သားကောင်းများ၊ ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးခဲ့တယ်။

သို့ သော်လည်း သမိုင်းဝင် ကျောင်းသားများသမဂ္ဂ အဆောက်အဦးကြီးကတော့ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ မှာ ပြည်သူ့ အာဏာကို မတရား စတင်သိမ်းယူခဲ့တဲ့ တော်လှန်ရေးကောင်စီ အမည်ခံ အာဏာရှင် နေ၀င်း စစ်အုပ်စုကြောင့် ပြိုကျ ပျက်စီးခဲ့ရတယ်။ မတရားမှု မှန်သမျှကို ဆန့် ကျင်ရဲတဲ့ ကျောင်းသားတွေကို အစပိုင်းမှာထဲက ခေါင်းမထောင်နိုင်အောင် ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်။

သွေးဆာနေတဲ့ အာဏာရူးနေတဲ့ နေ၀င်း အစိုးရဟာ အာဏာသိမ်း ပွဲဦးထွက်အနေနဲ့  ရမ်းကား မိုက်ရိုင်း ပြခဲ့တယ်။ အစဉ်အလာ ကြီးမားတဲ့ ကျောင်းသားများသမဂ္ဂ အဆောက်အဦးကြီးကို ပထမဆုံးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသားများရဲ့ မူလအခွင့်အရေး တွေဖြစ်တဲ့ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာ ကျောင်းသားကိုယ်စားလှယ် (သမဂ္ဂကိုယ်စားပြု ကိုယ်စားလှယ်) ပါဝင်ခွင့်ကို ရပ်စဲခဲ့တယ်။ ကျောင်းဆောင်အုပ်ချုပ်ရေး ကော်မီတီနဲ့  စာဖတ်အသင်း များမှာလည်း ကျောင်းသားကိုယ်စားလှယ် ပါဝင်ခွင့်ကို ရပ်စဲခဲ့တယ်။ တင်းကြပ်သော ကျောင်းဆောင် စည်းကမ်းများကို ချမှတ်ခဲ့တယ်။

ဒီလို နေ၀င်း စစ်အုပ်စုရဲ့  ကျောင်းသားတွေအပေါ်မှာ မတရား ဖိနှိပ်မှုတွေကို မနှစ်ခြိုက်တဲ့၊ အာဏာရှင်ဆန်စွာ အုပ်ချုပ်မှုကို မလိုလားတဲ့ အမျိုးသားကျောင်းသားအပေါင်းတို့ ဟာ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (ရ) ရက်နေ့ မှာ ရန်ကုန် တက္ကသိုလ် ကျောင်းဝင်း အတွင်း အဓိပတိလမ်း မပေါ်မှာ ငြိမ်းချမ်းစွာနဲ့  စီတန်းလှည့်လည် ပြီး မတရားအမိန့် တွေကို၊ မတရား ကန့် သတ်ချက်တွေ၊ ဆုံးရှုံးနေတဲ့ ကျောင်းသား အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြတယ်။

ဒီလို ငြိမ်းချမ်းစွာနဲ့  တောင်းဆိုနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေကို နေ၀င်းစစ်အုပ်စုက တုန့် ပြန်ခဲ့တာကတော့၊ ပထမဦးဆုံး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဌ ကိုသက်၊ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဥာဏ်ဝင်းနဲ့  တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဗဆွေလေးတို့ ကို ဖမ်းဆီးခဲ့တယ်။

ဒီ အပြင် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း အဓိပတိလမ်းမပေါ်မှာ ငြိမ်းချမ်းစွာနဲ့  စီတန်းလှည့်လည်နေတဲ့ ကျောင်းသူကျောင်းသားတွေကို သေနတ်လက်နက်တွေနဲ့  အဆက်မပြတ် ပစ်ခတ်ခဲ့တယ်။ အပြစ်မဲ့တဲ့ ကျောင်းသူကျောင်းသားတွေ သွေးမြေကျခဲ့ရတယ်။

သွေးဆာတဲ့ လက်နက်နဲ့ အုပ်ချုပ်လိုတဲ့ စစ်အစိုးရတို့  ထုံးစံအတိုင်း ငြိမ်းချမ်းတဲ့ တက္ကသိုလ် ၀န်းအတွင်းထိကို ၀င်ရောက်ပြီး၊ တက္ကသိုလ်ကျောင်းဆောင်များအပေါ်ကို ထွက်ပြေး ရောက်ရှိနေတဲ့သူတွေနောက်ကို အညှိုးကြီးစွာနဲ့ လိုက်ပြီး ထပ်မံပြစ်ခတ် သတ်ဖြတ်ခဲ့ပြန်တယ်။ ပြစ်ခတ်မှုကြောင့် ဒဏ်ရာရနေတဲ့သူတွေကို မသေမချင်း ရက်ရက်စက်စက် ထပ်ကာ ထပ်ကာ ပြစ်သတ်ခဲ့မှုဟာ လူသား မဆန်စွာ ရိုင်းစိုင်းယုတ်မာမှုဘဲ ဖြစ်တယ်။

လူမျိုးတူ အုပ်ချုပ်သူတို့ ရဲ့ လက်အောက်မှာ တိုင်းပြည်ရဲ့ ပညာတတ်၊ ပြည်သူတွေရဲ့ ရင်နှစ် သည်းခြာ အနာဂတ် ကြယ်ပွင့်များဟာ ကြေမွ ပျက်စီးခဲ့ရတယ်။ ငြိမ်းချမ်းရာ တက္ကသိုလ် ပညာသင်ကြားရာဌာနကြီးမှာ အာဏာရှင်တို့ ရဲ့ မောင်းပြန် သေနတ်သံတွေ၊ မှောင်မိုက်နေတဲ့ ယမ်းငွေ့ တွေ ဖုံးလွမ်း နေတဲ့အပြင်၊ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့  ညဉ်းညူသံတွေ၊ ကျဆုံးသွားတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် ကြေကွဲ ၀မ်းနည်းစွာနဲ့ အော်ဟစ်သံတွေဟာ အင်မတန်မှ တုန်လှုပ် ခြောက်ခြားစေခဲ့ရတယ်။ သူတို့ တွေ အားလုံးအတွက် ယူကျုံး မရဖြစ်ခဲ့စေခဲ့ရတယ်။ နှမြောတသ ဖြစ်စေခဲ့ရတယ်။ ရက်စက်လွန်းလှတဲ့ စစ်အာဏာရှင်တွေကို တောက်ခေါက် ခံပြင်းစေခဲ့ရတယ်။ သမိုင်းမှာ မေ့ပျောက်လို့ မရတဲ့ သွေးစွန်းခဲ့ရတဲ့ အဖြစ်အပျက်ကို ထာဝရ စွဲမြဲစေခဲ့တယ်။ ခေတ် အဆက်ဆက် စစ်အာဏာရှင်တွေရဲ့  ဖိနှိပ် ချုပ်ချယ်မှုတွေကို တွန်းလှန် ဆန့် ကျင်စေမယ့် ၀ိညာဉ်တွေကို မွေးဖွား ပေါ်ပေါက်စေခဲ့တယ်။ ကျောင်းသား စိတ်ဓါတ်တွေကို ရှင်သန်စေခဲ့တယ်။

နေ၀င်းစစ်အုပ်စုရဲ့  ဇူလိုင်လ (ရ)ရက်နေ့  သွေးဆာစွာနဲ့  ကျောင်းသူကျောင်းသားတွေကို ပြစ်ခတ် သတ်ဖြတ်မှုဟာ မပြီးဆုံးခဲ့သေးဖူး။

နောက်နေ့  ဇူလိုင်လ (၈) ရက်နေ့  နံနက်မှာ၊ မနေ့ က ကျဆုံးသွားခဲ့တဲ့ ကျောင်းသူကျောင်းသားတွေအတွက် ရင်နာမိတဲ့၊ ရက်စက်ယုတ်မာတဲ့ စစ်အုပ်စု လက်ကိုင်တုတ် စစ်သွေးကြွတွေကို မကျေနပ်တဲ့ ခံပြင်းတဲ့ ကျန်ရှိနေသေးသော တက္ကသိုလ် ကျောင်းသူကျောင်းသားများဟာ အစဉ်အလာ ကြီးမားတဲ့ ကျောင်းသားများသမဂ္ဂ အဆောက် အဦးကြီးမှာ စုစည်းခဲ့ကြတယ်။ မနေ့ က ဖြစ်ပျက်ခဲ့တဲ့ သွေးစွန်းမှုတွေကို မျက်ဝါးထင်ထင် ပါဝင်တွေ့ ရှိခဲ့တဲ့သူတွေက ပြန်လည်ပြောပြခဲ့ကြတယ်၊ ထပ်မံ တိုက်ပွဲဝင်ဖို့ အတွက် ညီညီညာညာနဲ့  ဆုံးဖြတ်ခဲ့ကြတယ်။

ဒီအချိန်မှာ သွေးဆာနေဆဲ နေ၀င်းစစ်အုပ်စုဟာ ကျောင်းသူကျောင်းသားတွေကို ရန်သူသဖွယ် အမြစ်ပြတ်ချေမှုန်းဖို့ အတွက် ကျောင်းသားများသမဂ္ဂ အဆောက်အဦးကြီးကို ဒိုင်းနမိုက်တွေ ဆင်ပြီး ဖေါက်ခွဲ ဖျက်ဆီးလိုက်ကြတယ်။

ကျောင်းသားများသမဂ္ဂ အဆောက်အဦးကြီးအတွင်းမှာ မနေ့ ညထဲက သေနတ် ဒါဏ်ရာပြင်းထန်စွာ ရထားတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ဆက်လက်တိုက်ပွဲဝင်ဖို့  ဦးဆောင်ကြမယ့်သူတွေဟာ ပြင်းထန်စွာ ကြေမွပျက်ဆီး ပြိုကျသွားတဲ့ သမဂ္ဂ အဆောက်အဦးကြီးနဲ့ အတူ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရပြန်တယ်။

ဒီလို ကြေမွ ပျောက်ကွယ်သွားခဲ့ရတဲ့ ခေတ်အဆက်ဆက်ရဲ့ ကျောင်းသားများသမဂ္ဂ အဆောက်အဦးကြီး၊ ရဲရင့်စွာနဲ့  ဖိနှိပ်မှုတွေကို အသက်စွန့် လွှတ် တိုက်ပွဲဝင်ခဲ့ကြတဲ့ ၁၉၆၂ခုနှစ်ရဲ့  တက္ကသိုလ် ကျောင်းသူကျောင်းသားများရဲ့ ဂုဏ်ပြောင်မြောက်တဲ့ သမိုင်းဝင် အဖြစ်အပျက်ကတော့ အမြဲရှင်သန်နေမှာ ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာလည်း ကျောင်းသူကျောင်းသားတွေရဲ့ အသွေး အသားထဲမှာ သူတို့ ရဲ့ဝိညာဉ်တွေဟာ ရောက်ရှိနေမှာ ဖြစ်တယ်။ မတရားတဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရတွေကို သမိုင်းပေး တာဝန်တစ်ရပ်အဖြစ်နဲ့  လက်ဆင့်ကမ်း တိုက်ပွဲဝင်နေမှာ ဖြစ်တယ်ဆိုတာ ကမ္ဘာမြေကြီး တုန်ဟီးရအောင် အဓိဌာန် ပြုအပ်ပေတယ်။

၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ) ရက်နေ့ နှင့် (၈) ရက်နေ့ တွင် စစ်အာဏာရှင်တို့ ရဲ့ လက်ချက်နဲ့  ကျဆုံး ခဲ့ရသော နောင်တော် ကျောင်းသူကျောင်းသား အပေါင်းအား ဦးညွတ်ဂုဏ်ပြုအပ်ပါတယ်။

နစ်နေမန်း။

No comments: