ရှစ်လေးလုံးမျိုးဆက်သစ် လူငယ်တစ်ဦး၏ ရင်တွင်းက ခံစားမှုအပြည့်နဲ့  ပြောကြားခဲ့တဲ့ စကား။
ရှစ်လေးလုံးမျိုးဆက်သစ် လူငယ်တစ်ဦး၏ ရင်တွင်းက ခံစားမှုအပြည့်နဲ့  ပြောကြားခဲ့တဲ့ စကား။
သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ မှာ ကျင်းပခဲ့တဲ့ ၈၈၈၈ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် အခမ်းအနားမှာ ရှစ်လေးလုံးမျိုးဆက် မိဘနှစ်ပါးကနေ မွေးဖွားခဲ့တဲ့ ၈၈၈၈ မျိုးဆက်သစ် လူငယ်လေးများရဲ့  ရှစ်လေးလုံးအရေးတော်ပုံကြီးအပေါ်အမြင်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့ မိဘများနဲ့  ဦးလေးအဒေါ်အရွယ် ၈၈ မျိုးဆက်များအပေါ် ဂုဏ်ယူမှုနဲ့  မပြီးဆုံးသေးသော ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် မျိုးဆက်သစ်များအနေနဲ့  လည်း ပူးပေါင်းပါဝင်ကြပေးဖို့  တိုက်တွန်းနှိုးဆော်ထားတဲ့ လူငယ်လေး မဇင်ဇင် (ခ) ဇင်ခိုင်သင်းရဲ့  ရင်တွင်းက ခံစားမှုအပြည့်နဲ့  ပြောကြားခဲ့တဲ့ စကားများကို လေးစားစွာနဲ့  ဖေါ်ပြလိုက်ရပါတယ်။
ကြွရောက်လာကြတဲ့ ဧည့်သည်တော် လူကြီးမင်းများအားလုံးကို မင်္ဂလာပါလို့  နှုတ်ခွန်းဆက်သပါတယ်ရှင် ….
ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ တာဟာ အခုဆိုရင် ၂၅ နှစ်ကျော် ကြာခဲ့ပါပြီ၊ ကျွန်မ မမွေးခင် ရှစ်နှစ်လောက်ကတည်းက ဒီအရေးအခင်းကြီး ဖြစ်ပွားခဲ့တာပါ။ ကျွန်မ မမွေးခင်ကတည်းက ဖြစ်ခဲ့တဲ့ အရေးအခင်းဆိုပေမဲ့ ဒီအရေးတော်ပုံကြီးရဲ့ အရှိန်အ၀ါဟာ ကျွန်မတို့  လူငယ်များကိုပါ ရိုက်ခက်ခဲ့ပါတယ်။
ကျွန်မ ကြည့်ခဲ့ရ ဖက်ရှု့ လေ့လာခဲ့ရတဲ့ ဖြစ်ရပ်မှန် ဗွီဒီယိုမှတ်တမ်းတွေ၊ စာအုပ်စာတမ်းတွေအရ ဒီရှစ်လေးလုံးတော်လှန်ရေးကြီးဟာ အလွန်ပင် ကြီးမားခဲ့တဲ့ လက်နှက်မဲ့ တော်လှန်ရေးကြီးတစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်မိပါတယ်။ ကျောင်းသားလူငယ်တွေက ဒီအရေးအခင်းကြီးကို စတင်ခဲ့ကြတာဆိုပေမဲ့ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံပါဝင်တဲ့ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပြီး စစ်အာဏာရှင်ရဲ့  မတရားတဲ့ လုပ်ရပ်တွေကို ဆန့် ကျင်တော်လှန်ခဲ့ကြတာပါ။ မြန်မာ့တော်လှန်ရေးသမိုင်းကြောင်းမှာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲပြီးရင် ဒီတော်လှန်ရေးကြီးဟာ အကြီးကျယ်ဆုံးလို့  ဆိုနိုင်ပါတယ်။
ဒီအရေးတော်ပုံကြီးအကြောင်းကို ကျွန်မ ငယ်စဉ်ကလေးဘ၀ထဲက စတင်သိကျွမ်းခဲ့ရတာပါ။ ကျွန်မအဖေနဲ့  ဘကြီးကိုယ်တိုင်က တော်လှန်ရေးကြီးထဲမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ခဲ့ကြဖူးတာမို့ ဒီအရေးတော်ပုံကြီးက ကျွန်မအတွက်တော့ မသိရင် မဖြစ်တဲ့ အကြောင်းအရာတစ်ခုပါဘဲ။
ဒါပေမဲ့ ၈၈ တော်လှန်ရေးကြီးအကြောင်းကို ဘယ်အချိန်မှာ လုံးစေ့ပတ်စေ့ နားလည်ခဲ့ရလည်းဆိုတော့ ကျွန်မအသက် (၁၃) နှစ်အရွယ်မှာပါ။ ၈၈ အထိမ်းအမှတ်ပွဲတစ်ခုအတွက် ကျောင်းကိုယ်စား “ကမ္ဘာမကြေ” သီးချင်းဆိုဖို့  ကြိုးပမ်းကြရင်းနဲ့  အင်္ဂလိပ်စာသင်တဲ့ ဆရာတစ်ယောက်က ၈၈ အကြောင်း သေသေချာချာ ရှင်းပြပါတယ်။ အဲ့ဒီမှာ ကျွန်မရင်ထဲကို အတော်လေး ဆွဲဆောင်သွားတာက တော်လှန်ရေးထဲ ကျဆုံးသွားတဲ့ မ၀င်းမော်ဦးရဲ့  နောက်ဆုံးအမှာစကားပါ။
သူ့က ဘာမှာခဲ့သလည်းဆိုတော့ “မြန်မာနိုင်ငံကြီး …. ဒီမိုကရေစီအပြည့်အ၀ မရမခြင်း သမီးကို အမျှမဝေပါနဲ့  အဖေတဲ့”၊ အဲ့သလောက်ထိ ကျွန်မတို့ မြန်မာပြည်သူ၊ပြည်သားတွေက ဒီမိုကရေစီရဲ့ အရသာကို ခံစားချင်ခဲ့ကြတာပါ။ ဒါပေမဲ့ မိဘတွေရဲ့ နှလုံးသားထဲမှာ ဘယ်လောက်ထိ ရင်နဲ့ မချိအောင် ခံစားရမယ်ဆိုတာ စာနာနားလည်မိပါတယ်။ ဒီလို ရင်နာစရာ အဖြစ်အပျက်မျိုးတွေ နှောက်တစ်ကြိမ်ထပ်မဖြစ်ပါစေနဲ့ လို့ လည်း ဆုတောင်း ဆန္ဒပြုမိပါတယ်။
နောက်ထပ် ကျွန်မ သိခဲ့ရတာက နှစ်ရှည်လများ ထောင်သွင်းအကျဉ်းကျသွားတဲ့ မိသားစုတွေအကြောင်းပါ။ မိခင် ဖခင်ပျောက်သွားလို့ ငိုနေကြမယ့် ကလေးတွေ၊ သံတိုင်တစ်ဖက်ခြမ်းက သားသမီးတွေကို လွမ်းဆွတ်ကြေကွဲနေကြမဲ့ မိခင် ဖခင်တွေ၊ ထောင်ထဲက သား သမီး ပြန်ထွက်လာမယ့်ရက်ကို မျှော်နေမဲ့ မိခင်အိုတွေ၊ တကယ်တော့ ဒီလူတွေရဲ့  ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကျွန်မတို့  မျိုးဆက်သစ်တွေရဲ့ အနာဂတ် လှပဖို့ ၊ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေနိုင်ဖို့  အတွက်ဆိုတာ နားလည်သဘောပေါက်မိပါတယ်။
ဒီလို အကျည်းတန်ဖြစ်ရပ်တွေအတွက် တာဝန်အရှိဆုံးက စစ်အာဏာရှင်တွေပါ။ တစ်ဆက်ထဲမှာ အာဏာရှင်ဆိုတာက သမာန်လူသားတွေထက် အတ္တကြီးလွန်းတာ၊ အာဏာကို အရူးအမူး တပ်မက်လွန်းတာ၊ မာယာပရိယယ်များပြီး ရက်စက်လွန်းတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြတဲ့သူတွေပါ။ ကျွန်မအနေနဲ့  ဥာဏ်မှီသလောက် ပြောရရင် အာဏာရှင်အုပ်စိုးတဲ့ နိုင်ငံမှာ ဆန္ဒပြယုံနဲ့  ဒီမိုကရေစီသေချာပေါက် မရနိုင်ပါဘူး။
ဆန္ဒပြတော်လှန်ရေးတွေက အာဏာရှင်အုပ်စိုးတဲ့ တိုင်းပြည်တိုင်းမှာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အစိုးရကမှ ပြည်သူတွေအတွက် သနားစိတ်ဝင်ပြီး ထိုင်ခုံဖယ်ပေးခဲ့တဲ့ ထုံးစံမရှိပါဘူး။ အဲ့သလိုဘဲ ၈၈ တော်လှန်ရေးကြီးက ရာနှုန်းပြည့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုအနေနဲ့  မြန်မာပြည်သူလူထုဟာ ပိုပြီး နိုးကြားတက်ကြွလာတယ်၊ ပိုပြီး အမြင်ကျယ်လာတယ်လို့  ထင်ပါတယ်။ လူ့ အခွင့်အရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်တောင်စု စတဲ့ တောင်းဆိုမှုတွေ မြင်တွေ့ လာရပါတယ်။
ကြရောက်လာကြသော ဧည်သည့်တော်များရှင် ….
ဒီအခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်အများစုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးထဲမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ တော်လှန်ရေးသမားများ ဖြစ်ကြလိမ့်မယ်လို့  ကျွန်မ ခန့် မှန်းမိပါတယ်။ ထို့ အတွက် ကျွန်မ ဂုဏ်ယူပါကြောင်း၊ အမှန်တရားအတွက် တာဝန်သိမှုအတွက် လေးစားပါကြောင်း ပြောကြားလိုပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီတော်လှန်ရေးကြီးဟာ မပြီးဆုံးသေးပါဘူး။ ဆက်လက်ပြီးတော့ တာဝန်ယူပေးကြပါဦးလို့  လည်း တောင်းဆိုချင်ပါတယ်။ ကျွန်မတို့ မျိုးဆက်သစ်တွေကလည်း ပူးပေါင်းပါဝင် အားဖြည့်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
ကျွန်မတို့  ဘိုးဘွားတွေ လက်ထက်ကတည်းက စခဲ့တဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ကျွန်မတို့  အဖေတွေ လက်ထက်မှာလည်း မပြီးပြတ်ခဲ့သေးဘူး။ အဲ့ဒီတော့ ကျွန်မတို့ ဟာ ဒီမိုကရေစီအတု၊ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့  ရှင်သန်ကြီးပြင်းခဲ့ရတယ်။ ကျွန်မတို့ လက်ထက်မှာသာ အောင်မြင်အောင် မစွမ်းဆောင်နိုင်ဖူးဆိုရင် ကျွန်မတို့ ရဲ့ နောင်မျိုးဆက်သစ်တွေအတွက် ထွန်းလင်းတောက်ပတဲ့ အနာဂတ်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။
နိဂုံးချုပ်အနေနဲ့  ပြောရရင် အနာဂါတ်မှာ ကျွန်မတို့  ရင်ဆိုင်ရမယ့် ဒီမိုကရေစီတိုက်ပွဲဟာ စိန်ခေါ်မှု၊ ထိုးနှက်မှုတွေ ပိုမိုများပြားလာမှာပါ၊ အဲ့ဒီတော့ ကျွန်မတို့ က နှလုံးရည်၊ ဥာဏ်အမျှော်အမြင်၊ ဆင်ခြင်တုံတရားတွေနဲ့  သတိကြီးကြီးထားပြီး ပြဿနာတွေကို ဖြေရှင်းရမှာပါ။
ကျွန်မတို့ နိုင်ငံအတွက် အားကိုးရလောက်တဲ့ ဖွားဖွား ဒေါ်အောင်ဆန်းစုကြည်လို ဥာဏ်အမြော်အမြင် ကြီးမားပြီး ရဲစွမ်းသတ္တိရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ရရှိခဲ့တာ အလွန်ကံကောင်းပါတယ်။ ယခု မြန်မာပြည်သူလူထုတွေ ရရှိထားတဲ့ အခြေခံလွတ်လပ်ခွင့်၊ ဖွားဖွားစုရဲ့  ခေါင်းဆောင်မှုနဲ့ ကျွန်မတို့ တစ်တွေရဲ့ စည်းလုံးညီညွတ်မှုအားတွေ ပေါင်းစုပြီး ဟန်ချက်ညီညီ လုပ်ဆောင်ကြမယ်ဆိုရင် ကျွန်မတို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ မဝေးတော့ပါဘူး။
လာမဲ့ ၂၀၁၅ ခုနှစ်မှာ ဖွားဖွား ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်လာမယ်ဆိုရင် ကျွန်မတို့ မျှော်မှန်းတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ အကောင်အထည်ပေါ်လာလိမ့်မယ်လို့  ယုံကြည်မိပါတယ်။ အဲ့ဒီအတွက် ၂၀၁၅ ခုနှစ်မှာ ဖွားဖွား ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ရဲ့ သမ္မတ ဖြစ်လာပါစေလို့  လှိုက်လှိုက်လှဲလှဲ ဆုတောင်းရင်း နိဂုံးချုပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင် ….
ဇင်ဇင် (ခ) ဇင်ခိုင်သင်း။
(ပေးပို့ လာသော ကိုမျိုးအား ကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment