Monday, August 19, 2013

ဆရာကြီး ဒဂုန်တာရာ ကိုယ်ရေးအတ္ထုပ္ပတ္တိ။

ဆရာကြီး ဒဂုန်တာရာ ကိုယ်ရေးအတ္ထုပ္ပတ္တိ။

မွေးသက္ကရာဇ် - ၁ဝ၊ ၅၊ ၁၉၁၉။

အမည်ရင်း - ဦးဌေးမြိုင်၊

မိဘအမည်- ဦးဘအုန်း + ဒေါ်ဖွားရှင်၊

မွေးဖွားရာ ဒေသ - ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ် မြို့နယ်၊

ကလောင် အမည်ခွဲများ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန်၊

ထင်ရှားကျော်ကြားမှု - မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့၊ ရာထူးစည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား၊

ဆရာ ဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာမြန်မာ စာသင်ကျောင်းတွင် ပညာသင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့သည်။

ကိုယ်ရေး ဖြစ်စဉ်။

ဆရာ ဒဂုန် တာရာသည် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာ ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။

ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။

၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။

စာရေးဆရာကြီး ဒဂုန်တာရာ (ခ) သခင်ဌေးမြိုင် (အသက် - ၉၅နှစ်) သည် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောင်ပန်းမြို့ နေအိမ်တွင် ကွယ်လွန်သွားပါသည်။

ဒဂုန်တာရာ ရေးသား ပြုစုခဲ့သော စာအုပ်များ -

ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
စံပယ်ဦး - ၁၉၆၁ ခုနှစ်
စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ် - ၁၉၇၄ ခုနှစ်
စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေ လှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
စန္ဒရား ဆရာ သို့မဟုတ် မဟာ အချစ် - ၁၉၉၅ ခုနှစ်
စိမ်းမြ ဧရာ - ၁၉၉၄ ခုနှစ်
တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်း
ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
ဒဂုန် တာရာ ဝတ္ထုတို ပေါင်းချုပ် - ၁၉၆၉ ခုနှစ်
ဒဂုန် တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ - ၁၉၉၇ ခုနှစ်
မာယာ - ၁၉၉၁ ခုနှစ်
မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
မေ - ၁၉၇၄ ခုနှစ်
ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
လရောင် ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
လရောင် ရွှန်းမြသော ညတညနှင့် အခြား ဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
သဇင် သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
သုနာပရန္ဈ - ၁၉၉၅ ခုနှစ်
အလင်္ကာ ကဗျာ ပေါင်းချုပ် - ၁၉၆၂ ခုနှစ်
အိပ်မက် အပြင်ကလူ - ၁၉၉၆ ခုနှစ်
အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
ဧရာဝတီ ယန်စီ ဗော်လဂါ - ၁၉၇၂ ခုနှစ်။




No comments: