Tuesday, October 8, 2013

အာဏာရူးအသိုင်းအ၀ိုင်းအပေါ် သစ္စာစောင့်သိနေကြတဲ့ အနုပညာရှင်အချို့ သို့ ။

အာဏာရူးအသိုင်းအ၀ိုင်းအပေါ် သစ္စာစောင့်သိနေကြတဲ့ အနုပညာရှင်အချို့ သို့ ။

အာဏာရူးတွေ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ခေတ်အဆက်ဆက်မှာ အာဏာရူးကြီး နေ၀င်းလက်ထက်က စလို့  မဆလခေတ်တစ်လျှောက်၊ န၀တ နအဖခေတ်တစ်လျှောက် အာဏာရှင်တွေအကြိုက် ဖားယားပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့၊ အာဏာရှင်တွေရဲ့  ပြည်သူကို ၀ါဒမှိုင်းတိုက်ခဲ့တဲ့ တေးသီချင်းတွေ ရုပ်ရှင်တွေ သရုပ်ဖေါ်ပြကွက်တွေကို အားကျိုးမာန်တက် စွမ်းဆောင်ပေးခဲ့ကြတဲ့ အာဏာရှင်လက်ကိုင်တုတ် အနုပညာရှင်တွေ ရှိခဲ့ကြပါတယ်။

နီးရာဒါး ကြောက်ရပါတယ်ဆိုပြီး အရှက်ကင်းမဲ့စွာ သိက္ခာမရှိစွာနဲ့  မျက်နှာပြောင်တိုက် ပြောနေကြပြီး၊ ကင်းကင်းရှင်းရှင်းနေရင် ရနိုင်ပါရဲ့ သားနဲ့  ကိုယ်တိုင်ကိုက အာဏာရူးအသိုင်းအ၀ိုင်း ဗိုလ်ချူပ်ကြီးများအသိုင်းအ၀ိုင်းထဲမှာ အင်မတန်ဝင်ဆန့် ချင် ပေါင်းဖက်ချင် အရောတ၀င်လုပ်ချင် ရင်းနှီးချင်လွန်းလှတဲ့ အတ္တအကျင့်တွေကြောင့် နေ၀င်းရဲ့  အသိုင်းအ၀ိုင်း၊ သန်းရွှေတို့ ရဲ့  အသိုင်းအ၀ိုင်းမှာ မော်ဖူးခယနေကြတဲ့ အဆိုပါ ဖောက်ပြန်တဲ့ အနုပညာရှင်တွေကြောင့် အနုပညာလောကနဲ့  အနုပညာအသိုင်းအ၀ိုင်း ဂုဏ်သိက္ခာ ကျဆင်းစေခဲ့တာ တရားခံတွေဟာ အဆိုပါ အနုပညာရှင်ကြီးတွေကြောင့်ဘဲ။

ပြည်သူတွေကတော့ သူတို့ ရဲ့ အနုပညာကို လေးစားချစ်ခင်ကြရပေမယ့် အဲ့ဒီ ပြည်သူတွေရဲ့ ချစ်ချင်လေးစားမှုကိုဘဲ ရယူပြီး အာဏာရူးတွေရဲ့  စည်းရုံးမှုအလုပ်တွေမှာ ခုတုံးလုပ် အသုံးချပစ်တာဟာ တကယ်တော့ ကိုယ့်ကျေးဇူးရှင် ပြည်သူလူထုအပေါ် တစ်ဘက်လှည့်နဲ့  နောက်ကွယ်ကနေ နောက်ကျော ဒါးနဲ့  ထိုးးသလို ဖောက်ပြန်လိုက်တာဘဲ။ ပြည်သူတွေကို ငတုံး ငအတွေလို့  ယူဆပြီး အာဏာရူးတွေနဲ့  ပေါင်းသင်းနေတဲ့ ဖောက်ပြန်သူ အနုပညာရှင်တွေက လှည့်ဖြားစော်ကားတာဟာ ရင်နာစရာပါဘဲ။

အာဏာရူးကြီး နေ၀င်းလက်ထက်မှာ တစ်ပါတီ အာဏာရှင်စနစ်ဖြစ်တဲ့ မဆလပါတီအတွက် စည်းရုံးရေး သီချင်းတွေ ဆိုပေး၊ ၀ါဒဖြန့် စည်းရုံးတဲ့ ရုပ်ရှင်ကားတွေမှာ အားတက်သရောပါပြနဲ့  နေ၀င်းရဲ့  မိသားစုအသိုင်းအ၀ိုင်း အာဏာရူး ဗိုလ်ချူပ်ကြီးတွေရဲ့ အသိုင်းအ၀ိုင်းတွေနဲ့  ဖက်လဲတကင်း ဖားယားပေါင်းခဲ့ကြတဲ့အထဲမှာ နာမည်တပ်ပြောဖို့ လိုလာတဲ့အနေအထားအရ ပြောရရင် သေသွားတဲ့ အကော်ဒိယံ အုန်းကျော်တို့ ၊ မသေသေးတဲ့ ညွှန့် ဝင်းတို့ ၊ စံရှားတင်တို့ က ထိပ်ဆုံးကဘဲ။

အာဏာရူးကြီး နေ၀င်းလက်ထက်မှ မဟုတ်ဖူး၊ အာဏာရူးချုပ်မှူးကြီး သန်းရွှေလက်ထက်မှာလည်း အနီးကပ်ဖားယားဆက်ဆံနေကြတဲ့ အနုပညာရှင်ကြီးတွေ အနုပညာရှင်လေးတွေ ရှိကြပါရဲ့ ။ သန်းရွှေရဲ့  သမီး မင်္ဂလာဆောင် စိန်စီသောညမှာ အပြိုင်အဆိုင် ဖားပြီး လက်ဖွဲ့ ကြတဲ့သူတွေ၊ သန်းရွှေရဲ့ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ရဲ့  မွေးနေ့ အခမ်းအနားတွေမှာ အားရ၀မ်းသာ ပါးစပ်ထဲက သွားကြီးတွေ နားရွက်တက်ချိတ်လောက်အောင် ဖြီးပြုံးပျော်ရွှင်နေကြတဲ့ ရုပ်ရှင် တေးဂီတ အနုပညာရှင်တွေ ရှိနေကြပါရဲ့ ။ ဒီလို အာဏာရူးတွေနဲ့  ပေါင်းသင်းနေတဲ့ ဖောက်ပြန်သူ အနုပညာရှင်တွေကို ထပ်ပြီး နာမည်တပ်ပြောရရင် ဇော်ဝင်းထွဋ်နဲ့  သူ့ မိသားစုတွေ၊ အာဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်တို့ က ထိပ်ဆုံးကဆိုတာပါဘဲ။ နေရွှေသွေးအောင်ကို မကျော်ရဲလို့  ၀တ်မှုံရွှေရည်ကို ကန်ထုတ်လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အခု နေရွှေသွေးအောင် အကွက်ချစီစဉ်တဲ့ မယ်ရွေးပွဲမှာ Presenter လုပ်ဖို့  ပါဝင်ခဲ့ပြီး နေရွှေသွေးအောင်ကို ပံ့ပိုးခဲ့ပါလေရဲ့ ။ အာဏာရုးအသိုင်းအ၀ိုင်းနဲ့  တောက်လျှောက် ပေါင်းဖက်နေကြတဲ့ ကျန်သော အနုပညာရှင်များလည်း ရှိပါသေးတယ်။

ကျွန်တော်တို့  ပြည်သူတွေအနေနဲ့  ဒီအနုပညာရှင်တွေရဲ့  အနုပညာစွမ်းရည်ကို ကြိုက်နှစ်သက်ပေမယ့် နှစ်သက်တဲ့ အနုပညာနဲ့  ပြည်သူအပေါ် ဖောက်ပြန်တဲ့ သူတို့ ရဲ့  ဖောက်ပြန်မှုကိုတော့ ခွဲခြားရမှာပါဘဲ။ ဒီထက်ဆိုးတာကတော့ ပြည်သူလူထုက နှစ်သက်စွာ အားပေးချစ်ချင်မှုကို အလွဲသုံးစားလုပ်ပြီး အာဏာရူးတွေအကျိုးစီးပွား ကိုယ်ကျိုးစီးပွားအတွက် ပြည်သူအပေါ် ပြန်ပြီး လှည့်ဖြားသစ္စာဖောက်တာကတော့ လက်ခံမှာ မဟုတ်ပါဖူး။ ပြည်သူကို ချစ်မြတ်နိုး ပြည်သူကို လေးစားတဲ့ အနုပညာရှင်ဆိုရင် ပြည်သူအများက လက်မခံတဲ့ အာဏာရူးအသိုင်းအ၀ိုင်းနဲ့  ကင်းကင်းရှင်းရှင်း နေပါ။

ယခု ပြည်သူအများက တုန့် ပြန်ဝေဖန်နေတဲ့ သန်းရွှေ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ရဲ့  မယ်ရွေးပွဲနဲ့  ပွဲထုတ်ပွဲကိစ္စနဲ့  ပတ်သက်ပြီး အယ်ခွန်းရီက ဦးစွာပထမ အသံထွက်လာတော့ မအံ့သြမိပါဖူး။ မအံ့သြရတာကတော့ နေရွှေသွေးအောင်တို့ ဘက် လိုက်ပြိး ပြောမယ့်သူမို့ လို့ ပါ။ အယ်ခွန်းရီရဲ့  လေယာဉ်ပျံ သီချင်းကတော့ အနုပညာစွမ်းရည်အရ အားပေးမိပါရဲ့ ဒါပေမယ့် အာဏာရူးတွေနဲ့  ပေါင်းဖက်နေ အာဏာရူးအကြိုက် လိုက်နေတဲ့အတွက်တော့ ပြောရမှာပါဘဲ။ အာဏာရူးတွေနဲ့  ဝေးအောင် လေယာဉ်ပျံ ရှာဖို့ ဘဲ လိုပါတယ်။

သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်ဘက်ကို လိုက်ပြောချင်လွန်းတော့ မိုးစက်ဝိုင်ကို ဘန်းပြပြီး ကိုယ်ချင်းစာပါ ပြောတဲ့သူ အယ်ခွန်းရီက အာဏာရူးအသိုင်းအသိုင်းအ၀ိုင်းထဲက ဖြစ်နေတာ မဆန်းပါဖူး။ အယ်ခွန်းရီရဲ့ အဖေ မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ကချင်တိုင်းရင်းသား အယ်ကွန်ဖန် ခရီးစဉ်လမ်းကြောင်းမှာ ကားတန်းကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့လို့  သေဆုံးခဲ့ရတယ်၊ အာဏာရူးနေ၀င်းနဲ့  ပေါင်းဖက်ပြီး ကိုယ့်တိုင်းရင်းသား ကချင်ပြည်သူလူထုအပေါ်မှာ မလိုက်ခဲ့လို့ ဘဲ။

အယ်ခွန်းရီင်္ရဲ့  လင်ယောင်္ကျား ဗိုလ်ကြီးဟောင်း သောင်းထိုက်က အားကစားဝန်ကြီးဌာနရဲ့  ညွှန်မှူးတစ်ယောက် လက်ရှိ SEA Game ပွဲတော်နဲ့  ပတ်သက်ပြီး မြန်မာ့အားကစားအောင်နိုင်ရေးကော်မီတီ ဥက္ကဋ္ဌ။ အယ်ခွန်းရီကိုယ်တိုင်က SEA Game တေးသီချင်းစီစစ်ရွေးချယ်ရေးကော်မီတီ အဖွဲ့ ဝင်ဆိုတော့ သန်းရွှေရဲ့ မြေး နေရွှေသွေးအောင် အကွက်ချစီစဉ်တဲ့ မယ်ရွေးပွဲနဲ့  တက္ကသိုလ်များ ချန်ပီယံလိဂ်မှာ မိုးစက်ဝိုင်ကို ပွဲထုတ်ပြီး ဒိုင်းဆုပေးခဲ့တဲ့ မဟာဖန်တီးမှုကြီး ပေါ်ပေါ်တင်တင်ဖြစ်တော့ မနေနိုင် မထိုင်နိုင် ကြံရာပါ ကာကွယ်ပေးရတော့တာပါဘဲ။

အယ်ခွန်းရီအပါအ၀င် နေ၀င်းလက်ထက်က စပြီး ယခုအချိန်အထိ အာဏာရူးတွေ ဗိုလ်ချူပ်ကြီးတွေ အတ္တသမား စီးပွားရေးသမားကြီးတွေနဲ့  ဖက်ရောတကင်း ဖားယားပေါင်းနေကြတဲ့ အနုပညာရှင်တွေ ပြည်သူလူထုအပေါ် အသုံးချ လှည့်စားဖောက်ပြန်မယ်ဆိုရင်တော့ ယခင်ခေတ်တွေလို လှည့်ဖြားချင်တိုင်း လှည့်ဖြားလို့  မရတော့ဖူးဆိုတာ အသိပေးရင်း၊ အာဏာရူးတွေနဲ့ ကင်းအောင် နေကြဖို့  ပြည်သူချစ်တဲ့ ပြည်သူအပေါ် သစ္စာထားတဲ့ ပြည်သူ့ အနုပညာရှင်အဖြစ် နေထိုင်ကြဖို့  သတိပေးလိုက်ရပါတယ်။




No comments: