Tuesday, October 8, 2013

ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း ခြစားမှုကို ဒေသခံတွေ လက်မခံနိုင်။

ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း ခြစားမှုကို ဒေသခံတွေ လက်မခံနိုင်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးအေးလွင်သည် ရွာသူရွာသားများအပေါ် ရိုက်နှက်ကြိမ်းမောင်းဆဲဆိုကာ ငွေအဓမ္မ တောင်းခံမှုကြောင့် ဒေသခံများမှ တရားရုံးတော်သို့  ဦးတိုက်လျောက်ထားပြီး တရားစွဲဆိုထားကြောင်း သိရပါတယ်။

တရားစွဲခံရမှုအပေါ်တွင် ဦးအေးလွင်အနေဖြင့် အပြစ်မှ လွတ်ကင်းစေရန် တရားစီရင်ရေးရုံးမှ တရားသူကြီးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦလှရွှေတို့  အား ဖိအားပေးစေပြီး တရားလိုဖြစ်သော ရွာသူရွာသားများကို တရားခံပြန်ဖြစ်အောင် စီစဉ်နေပါတယ်။ ၎င်းကို ဦးအေးလွင်၏ အပေါင်းအပါအဖွဲ့ဝင်များထံမှ ပြန်လည်ကြားသိရတာပါလို့ အဆိုပါအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ယခုအခါတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးတာဝန်ထမ်းဆောင်နေသူအချို့သည် နိုင်ငံတော်၏ သီလဝါအထူးစီပွားရေးစက်မှုဇုံကြီး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရရှိလာမည့် ဒေသခံပြည်သူတို့၏ ရပိုင်ခွင့်အခွင့်အ ရေးများကို ချုပ်ကိုင်ထားပါတယ်။ ထိုအုပ်ချုပ်ရေးပိုင်းတာဝန်ရှိပုဂ္ဂိုလ်များမှ ၎င်းတို့ ၏ မိသားစုဝင်များ (သို့ မဟုတ်) တပည့်များ၊ သြဇာညောင်းသူများကိုသာ အခွင့်အရေးပေး၍ လယ်မြေပြေစာများ ထုတ်ယူခွင့်ပေးပြီး ဧကများစွာကို နေရာရယူနေတယ်လို့  ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သော စက်တင်ဘာလတွင် ရာထူးမှ ရပ်ဆိုင်ခြင်းခံထားရသော ရွှေပြည်သာယာရပ်ကွက်အုပ်ချုပ်ရေး မှုးဟောင်း ဦးအေးလွင်မှာ ရပ်ကွက်အုပ်ချုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်စွပ်ဖက်လျက်ရှိနေပါတယ်။ ယခင်အရှိန်အဝါကို အသုံးချပြီး ဦးမြင့်အေးအမည်ဖြင့် မြေဧက (၂၀) ကျော်ကို ပြေစာထုတ်စာရင်းသွင်းယူထားပါတယ်။ ထိုကဲ့သို့ နိုင်ငံတော်မှ ပေးလျော်မည့် အခွင့်အရေးများကို မသမာသည့်နည်းဖြင့် ရယူနေခြင်းသည် နိုင်ငံတော်အကျိုးစီးပွားနှင့် တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြု၊ မသိကျိုးကျွန်ပြုရာရောက်၍ တိုင်ကြားရတာပါလို့ ထိုအရေးဆောင်ရွက်နေသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်နေ ပြည်သူများအနေနှင့် အဆိုပါ နယ်မြေအတွင်းရှိ ရပ်ကွက်ကျေးရွာအသီးသီးမှ ပြည်သူတို့  မလိုလားသော အကျင့်ပျက်ဝန်ထမ်းများ၏ ခြိမ်းခြောက်ခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်း၊ တိုင်ကြားမှုအပေါ်တွင် အရေးယူဆောင်ရွက်မှု မရှိခြင်း၊ တရားစီရင်ရေးဌာနဝန်ထမ်းများကို ဖိအားပေးလွှမ်းမိုးပြီး တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်နေခြင်း၊ ထိုသူတို့ကို အကျိုးပြုနေသော အကျင့်ပျက်ဝန်ထမ်းများကို ကာကွယ်ပေးနေခြင်းတို့အား တရားဥပဒေအတိုင်း မှန်ကန်စွာ ဆောင်ရွက်ပေးရန်၊ အများပြည်သူနှင့် သက်ဆိုင်ရာလူကြီးမင်းများ သိရှိစေရန် ရည်ရွယ်ကြောင်းထို အရေးလုပ်ဆောင်နေသူ တာဝန်သိပြည်သူများမှ ပြောကြားခဲ့ပါတယ်။

မြူမိုးဆောင်း။

No comments: