Tuesday, December 17, 2013

သန်းရွှေက သင်တန်းဆင်းသူတွေကို ဟိုတယ်မှာ ဂုဏ်ပြုညစာကျွေးတာတွေနဲ့  ...

သန်းရွှေက သင်တန်းဆင်းသူတွေကို ဟိုတယ်မှာ ဂုဏ်ပြုညစာကျွေးတာတွေ၊ ဖားတတ်ရင် ၀န်ကြီးအဆင့်တောင် ဖြစ်တာတွေ၊ ၀န်ကြီးက ပေါင်းစားရင် အရိုးမစူးဖူး ပြောတာတွေ၊ လှောင်အိမ်ထဲက လွတ်တဲ့ ငှက်ကလေးလို ခံစားရတာတွေ ရင်ဖွင့်ထားတဲ့ စာတစ်စောင်။

“သူငယ်ချင်းထံမှပေးသောစာ (သို့) ပြီးဆုံးခဲ့ပြီဖြစ်သော အမှတ်တရများ”

တစ်နေ့ ဂျာနယ်တိုက်ရုံးမှ ညနေ အိမ်ပြန်ရောက်တော့ ဇနီးဖြစ်သူက ကိုအောင်ကို အမည်နဲ့ စာတစ်စောင် ရောက်နေတယ်။ အစ်ကိုကြီး ကိုအောင်ကိုတဲ့ ကြည့်လည်းလုပ်ဦးနော်… ဘယ်တုန်းက အဆက်ဟောင်းတွေဆီကလဲဟု ဇနီးဖြစ်သူမှ ခနဲ့တဲ့တဲ့နှင့် ပြောရင်း စာကို ထုတ်ပေးသည်။

ဘယ်သူပါလိမ့်ဟု စိတ်ထဲတွေးရင်း စာအိတ်ပေါ်မှာ ရေးထားတာက စောလွင် မကွေးမြို့တဲ့.. ဘယ်သူလဲ စဉ်းစားကြည့်သည်၊ ကြံ့ခိုင်ရေး မှော်ဘီ သင်တန်းတွေ တက်တုန်းက နယ်က သူငယ်ချင်းတွေနဲ့တူတယ်ဟု တွေးရင်း စာကို ဖွင့်ဖောက်ဖတ်ကြည့်ရာ ကိုအောင်ကိုကြီး ကျွန်တော့်ကို မှတ်မိသေးရဲ့လား၊ ကျွန်တော် မောင်စောလွင်လေ . .. ကိုအောင်ကိုကြီး ကတော့ ဘယ်မှတ်မိတော့မလဲ ကျွန်တော်ကို အစ်ကိုတို့ နောက်ပြောင်ပြီးခေါ်တဲ့ ဆော်ကြီးလေ၊ စောလွင် မကွေးမြို့ကပါ၊ ကျွန်တော်လည်း ကိုအောင်ကိုကြီးကို သတိရပြီး သင်တန်းမှာတုန်းက အမှတ်တရ ဖြစ်ခဲ့တာတွေ ပြန်တွေးကြည့်ပြီး စာရေးလိုက်ရတာ။

၁၉၉၉ ခုနှစ်ကဆိုတော့ နှစ်တွေလည်း အတော်ကြာခဲ့ပြီ နော် … ကိုအောင်ကိုကြီးကို သတိရစေတာက ပြီးခဲ့တဲ့လ (၁၀) လပိုင်းလောက်က မုံရွာမှာနေတဲ့ ဦးလေးအိမ် ကျွန်တော် ရောက်တော့ ဂျာနယ်တစ်စောင် တွေ့တယ်။ အဲ့ဒီ ဂျာနယ်က သံတော်ဆင့်ဂျာနယ် ဖတ်ကြည့်မိတော့ ကိုအောင်ကိုကြီးပုံနဲ့ ဆောင်းပါးတစ်ခု တွေ့တယ်။ အဲ့ဒီတော့မှ ဒါ ငါတို့ မှော်ဘီကြံ့ခိုင်ရေး စီမံခန့်ခွဲရေး သင်တန်းတက်တုန်းက ကိုအောင်ကိုကြီးပဲ အဲ့ဒီမှာ ဆောင်းပါး ဖတ်ကြည့်မိမှဘဲ အစ်ကိုအောင်ကို ကို ပြန်သတိတရ ဖြစ်စေတာကိုတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါ။

ဘာလဲ ဆောင်းပါးအမည်က “ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတဲ့” အစ်ကို့  အဖေဆုံးသွားတဲ့ အကြောင်းတွေလည်း ပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ အစ်ကို့လောက် တက်ကြွတဲ့ ကေဒါခေါင်းဆောင်ကောင်းတစ်ယောက် ဘာကြောင့် အသင်းကြီးကနေ ထွက်သွားတာကို ဘယ်လိုမှ တွေးလို့မရဘူး၊ နိုင်ငံရေး အကြောင်း၊ ကြံ့ခိုင်ရေး အကြောင်းတွေ မပြောတာဘဲ ကောင်းပါတယ်။

ကျွန်တော်လည်း အပြင် စီးပွားရေးပဲ လုပ်နေတယ်။ သင်တန်းတုန်းက ကိုအောင်ကိုကြီးက အလွန်ပျော်တတ်တာတွေကို ပြန်သတိရစေတယ်။ အစ်ကို ကျွန်တော်တို့ကို စနေ/တနင်္ဂနွေ အပြင်ထွက်ခွင့် အောက်ပတ်စ် (Out Pass) ရတုန်းက ရန်ကုန်မြို့အနှံ့ တန်ခိုးကြီးဘုရားတွေ၊ ရုပ်ရှင်တွေ လိုက်ပြတာတွေ အစ်ကို့ ဘေးခုတင်က မြ၀တီက တင်ယုလည်း ပါတယ် လေ။

သင်တန်းမှာ နောက် ရယ်စရာ အမှတ်တရ လေးတွေလည်း ရှိသေးတယ်၊ အဆောင်မှူးက ညနေတိုင်း တန်းစီတန်းညှိ လူစစ်တော့ အမိန့်ထုတ်ထားတယ်လေ၊ မင်းတို့ ဘာပဲလုပ်နေနေ ၀ီစီခရာ မှုတ်သံကြားတာနဲ့ တန်းစီ ညာညှိပြီး ဖြစ်ရမယ်လို့လေ၊ အဲ့ဒါ တစ်နေ့ ၀ီစီမှုတ်တော့ အစ်ကိုက ရေကန်မှာ ရေချိုးနေတုန်း အမြန်ပြေးလာပြီး ပုဆိုးမပါ အောက်ခံဘောင်းဘီလေးနဲ့ လာတန်းစီတာလေ၊ အဆောင်တစ်ခုလုံး ပွဲကျသွားတာ မှတ်မိနေတယ်။

နောက်ရှိသေးတယ်၊ ကိုအောင်ကိုကြီး လူစွမ်းကောင်း လုပ်ခဲ့တာလေ၊ တစ်နေ့ ခန်းမ၀င်တော့ ကျွန်တော်တို့ အဆောင် (၅) အဖွဲ့ခန်းမဆီ သွားနေတုန်းလမ်းမှာ မိန်းကလေးတစ်သိုက် အလန့်တကြား ဖြစ်နေကြတယ်။ ဘာတွေဖြစ်နေလဲ ကျွန်တော်တို့သွား ကြည့်တော့ ရှမ်းတောင်က ရှမ်းမလေး ခြေထောက်မှာ မျှော့ကြီး တွယ်နေတာလေ။ စကားသံဝဲ၀ဲ ကြောက်လို့ အော်နေလိုက်တာ သူ့ခြေထောက်ကို ပြပြီး အစ်ကိုတို့ ကူညီပါတဲ့… ကျွန်တော်တို့လည်း မကိုင်ရဲဘူး အစ်ကိုက လူစွမ်းကောင်းကြီးလေ ဟဲ..ဟဲ … လက်နဲ့ကို ကိုင်ပြီး ရှမ်းမလေး ခြေထောက်က မျှော့နက်မည်းကြီးကို ဖယ်ပေးလိုက်တာ အစ်ကိုက ပြောသေးတယ်၊ ကောင်မလေးမို့ ငါလုပ်ပေးလိုက်တာပါ မင်းတို့လို အထီးကြီးတွေဆို ငါမလုပ်ဘူးတဲ့။ အဲ့ဒီမှာ ကျွန်တော်တို့ တင်ယုတို့က အစ်ကိုအောင်ကို မျှော့နက်မည်းကြီးလို့ စနောက်ခဲ့တာလေ၊ အစ်ကို တော်တော် အမည်တွင် သွားတယ်၊ နောက်ရှိသေးတယ် ရှမ်း/ မြောက်က စိုင်းမိုင်လေ ကိုအောင်ကိုက ၀တော့ မိုးဒီလို ခေါ်တယ်၊ ကြော်ငြာလေ … အဲဒီတုန်းက တီဗွီမှာ ကြော်ငြာလာနေကျ မိုးဒီရဲ့ သားသားစား ချင်တာစားလို့ရပြီ ထက်လင်း ရင်လူးဆေး … အဲဒီကောင်က အစ်ကို့ကိုတွေ့တိုင်း သားသားစားချင်တာ စားလို့ရပြီ ဆိုပြီး နောက်တာ ကိုအောင်ကို စိတ်ဆိုးပြီး လိုက်ထိုးတာတွေ ရယ်စရာလေးတွေ၊ အမှတ်တရ ရှိခဲ့တာတွေ တွေးရင်း စာထဲ ထည့်ရေးမိတာ စိတ်မဆိုးနဲ့နော်။

နောက်ရှိသေးတယ်၊ ထားဝယ်ဂျပုကစ်ကောင် ညဘက်အိမ်သာ သွားတက်တော့ လက်နှိပ်ဓာတ်မီးနဲ့ အိမ်သာထဲ လိုက်ထိုးကြည့်မိတာ သူ့နောက်မှာ မြွေခွေနေတာတွေ့တော့ လန့်ဖျပ်ပြီး ရေတောင် မဆေးတော့ဘဲ အဆောင်ပြန်ပြေး လာရတာတွေ အဆောင်ထဲမှာ မကွေးက ကသ ၁၅၂ ထင်တယ် သူ့ရည်းစား ပေးလိုက်တဲ့ နာရီလေး ပျောက်တော့ အဆောင်မှူးကို သွားတိုင်တယ်၊ အဆောင်မှူး တပ်ကြပ်ကြီးက အဆောင်မှာရှိတဲ့ သေတ္တာတွေ အားလုံးစစ်မယ် အားလုံး အဆောင်အပြင် ထွက်ပြီး တန်းစီ ခိုင်းတယ်၊ အဲဒီမှာ တင်ယု မြ၀တီက ပြဿနာပဲ။ ဘာလဲ မင်းယူထား လို့လားဟု မေးရာ မယူပါဘူးဗျာ၊ ကျွန်တော် သေတ္တာထဲက ၀ှက်ထားတဲ့ အရက်ပုလင်း တွေ့သွားမှာ စိုးလို့ပါဟု ရယ်ခဲ့ရတာတွေ၊ ပျော်ခဲ့ ရတာတွေ၊ နောက်တော့ နာရီက ရေချိုးကန် ခေါင်မိုးတန်းဘေးမှာ ချိတ်ထားမိခဲ့ပြီး ပြန်တွေ့လို့ နာရီပျောက်တဲ့ ကသ-၁၅၂ ကို ၀ိုင်းထုခဲ့ကြတာတွေ၊ ကျွန်တော်တို့ တစ်တွေ ခေါင်းအုံး၊ စောင်၊ အိပ်ရာ ကစ် (Kit) မခေါက် တတ်တော့ အစ်ကို သင်ပေးတာလေ၊ ကစ် ( Kit ) ကို ပုံစံမပျက်အောင် အသေတစ်ခါတည်း ခေါက်ထား နည်းတွေ သင်ပေးထားတာ ညအိပ်တော့ အခြား ခေါင်းအုံးတစ်ခုနဲ့အိပ်၊ သင်တန်း ခန်းမ၀င်တော့ အဆောင်မှူးတွေက လာစစ်၊ ညအိပ်တဲ့ ခေါင်းအုံးကို မမြင်အောင် သေတ္တာထဲ ၀ှက်ထားခဲ့တာတွေ၊ အဆောင်စစ်တဲ့ မှတ်တမ်းမှာ မှတ်ချက် ပြုသွားတာက သံသေတ္တာအောက်က ကင်းမြီးကောက်တွေ့တဲ့ မယုံလို့ သေတ္တာအောက် မကြည့်ကြတော့ ကင်းမြီးကောက်ကြီး တစ်ကောင် ရှိနေခဲ့ရတာတွေ၊ အဆောင်လိုက် ဘောလုံးပြိုင်ပွဲမှာ ကိုအောင်ကို ကိုယ်လုံးကြီးနဲ့တစ်ဖက်က ဂိုးသွင်းလို့ မရအောင် ပိတ်ဆို့ပြီး ဟာသလုပ်ပြီး ကစားခဲ့တာတွေ၊ ဟိုကောင် အရက်သမား မြ၀တီက တင်ယု တစ်ယောက် မှော်ဘီဗိုလ်သင်တန်း ကျောင်းဝင်းနောက်က တပ်မတော် စစ်တီးဝိုင်း တပ်ဖွဲ့လိုင်းခန်းမှာ အာမီရမ် ခိုးထွက်ဝယ်လို့ အဆောင်မှူး မိသွားပြီး အဆောင် (၁၀) ပတ် ပြေးခိုင်းပြီး ဒဏ်ပေးခံရတာတွေ၊ ညဘက် နိုက်စတာဒီ Night Study သင်တန်းအားလုံး ခန်းမ၀င်တဲ့အချိန် ဗိုလ်ကြီး သင်တန်းအုပ်ချုပ်သူက ကသနံပါတ် ဘယ်သူ ဘယ်ဝါ သင်တန်းမှာ အိပ်ငိုက်၊ ကသ နံပါတ် ဘယ်သူကတော့ ဟင်းတစ်ခွက် ပိုယူစား၊ အဆောင်လိုက် အမှတ်ရရှိမှု၊ ၀တ်စား ဆင်ယင်မှု၊ သန့်ရှင်း သပ်ရပ်မှု ပြစ်ဒဏ် အမှတ် လျော့ခဲ့တာတွေ စင်ပေါ်တက်ပြီး လူထုဟောပြောနည်း ဘာသာရပ် တက်ပြောခဲ့ရတာတွေ လူထုဟောပြောနည်း စင်ပေါ်တက် ပြောရမှာ ကြောက်လို့ ကိုယ့်အလှည့် ရောက်တဲ့အခါ အိမ်သာ သွားတက်ချင်ယောင် ဆောင်ခဲ့တာတွေ၊ သင်တန်းသူ တစ်ယောက် စင်ပေါ် ရောက်မှ ကြောက်စိတ်ဝင်ပြီး မူးလဲသွားလို့ ကျန်းမာရေး ဆေးခန်း ပို့ခဲ့ရတာတွေ၊ သင်တန်းပြီးလို့ နာယကကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ ကျွေးမွေးတဲ့ ရန်ကုန် သိမ်ကြီးဈေး အပေါ်ထပ် မေဟွား ဟိုတယ်မှာ ဂုဏ်ပြုညစာ စားပွဲ တက်ခဲ့ရတာတွေ၊ အဲ့ဒီတုန်းက ကျွန်တော်တို့နဲ့ကိုအောင်ကိုကြီး သီချင်းဆိုခဲ့ကြတာတွေ၊ ဒီလိုခမ်းနားလွန်းတဲ့ ညစာစားပွဲကို တက်ခဲ့ရတဲ့အကြောင်း ကျွန်တော်တို့ မြို့ရောက်တော့ ပြန်ပြော၊ ပြန်ကြွားခဲ့ရ တာတွေဟာ မမောနိုင်အောင်ပါပဲ။

ကျွန်တော်လည်း အစ်ကိုရေးတဲ့ ဆောင်းပါးဖတ်ကြည့်ပြီး အိမ်ပြန်ရောက်တော့ ကျွန်တော် တို့ဆီက ပိုက်ဆံကောက်ပြီး သင်တန်းက လုပ်ပေးလိုက်တဲ့ လိပ်စာ မှတ်တမ်းစာအုပ်မှာ အစ်ကို လိပ်စာပြန်ရှာပြီး စာရေးလိုက်ရတာ။ ကျွန်တော်တို့ သင်တန်းကာလ (၂) လတာ နီးပါးကာလမှာ တစ်ဦးနှင့် တစ်ဦး သံယောဇဉ်တွေ ဖြစ်ပြီး သင်တန်းပြီးဆုံးလို့ အချိန်တန် အိမ်ပြန်ရတဲ့ အချိန်မှာ ကျွန်တော်တို့ ယောက်က်ျားကြီးတွေ တန်မဲ့ မျက်ရည်ကျခဲ့ရတာ တွေကို ပြန်သတိရပြီး လွမ်းဆွေး သတိရနေမိတယ်။

အစ်ကိုကိုယ် အခု အပြင်လောကမှာ တွေ့နေရတာ ကောင်းပါတယ်။ ကျွန်တော်လည်း ပါတီပြောင်းတော့ မပါတော့ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် တွန်းတိုက်နေတာနဲ့ပဲ အချိန်တွေ ကုန်ခဲ့တယ်၊ ဟိုတုန်းက အသင်းကြီးမှာ လူမှုရေး လုပ်ငန်းတွေပဲ လုပ်ခဲ့ကြရတာကို သန့်ရှင်းတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်၊ တချို့ ကျွန်တော်တို့နဲ့အတူ လုပ်ခဲ့ကြသူတွေထဲမှာ ၀န်ကြီးတွေ ဖြစ်တဲ့ သူတွေလည်း ဖြစ်နေကြပြီ။ သူတို့က ၀န်ကြီးဇာတာပါတယ် ထင်တယ်။ ကျွန်တော်တို့ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့ နေရာ မရခဲ့ဘူး။ ကျွန်တော်လည်း ဘွဲ့ရ တစ်ယောက်ပါ။ အပေါ်ကို မဖားလို့လားတော့ မသိဘူး၊ အထက်ဖား အောက်ဖိ သူတွေကတော့ အတော်များတယ်။

အခွင့်အရေးကို ရအောင် ယူတတ်တဲ့ သူတွေကတော့ နေရာတွေရကြနဲ့ ချမ်းသာနေကြပြီလေ၊ သူတို့ ကောင်းစားတာ မနာလိုလို့ ပြောတာလို့ ပြောနေကြဦးမယ်။ ဘေးထိုင်ပြီး ဘုပြောနေတယ်။ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ်လို့ အပြောမခံချင်ပါဘူး။ အခုတော့ ဘယ် အဖွဲ့အစည်းမှာမှ မ၀င်တော့ ကိုယ့်မိသားစုအတွက် အချိန်ပေးနေနိုင်တယ်။ အစ်ကိုနဲ့ ရန်ကုန်မှာ လျှောက်လည်ကြရင်း ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းက ကြံ့ခိုင်ရေးဌာနချုပ်ကို အစ်ကို လိုက်ပို့ပေးတယ်လေ၊ အဲဒီက၀ယ်ပြီး လက်ဆောင်ပေးလိုက်တဲ့ စင်ကာပူလုပ် ကြံ့ခိုင်ရေး အလံတံဆိပ်နှင့် လေးထောင့်သံတံဆိပ် ကျွန်တော့်ဆီမှာ အခု ထိရှိသေးတယ် စင်ကာပူလုပ် တံဆိပ်က ရှားတယ် အခုထိ အရောင်မပြယ်သေးဘူး။

အစ်ကိုမှတ်မိမလား မသိဘူး။ သင်တန်းမှာတုန်းက အဘ၀န်ကြီးတစ်ဦး ပြောသွားတယ်လေ။ မင်းတို့ ပေါင်းစားကြ အရိုး မစူးဘူး၊ ပေါင်းပြီး မစားရင်ကတော့ အရိုးစူးလိမ့်မယ်။ အသင်းကြီးထဲမှာ အရိုးစူးသွားကြတဲ့ သူတွေ အများကြီးပဲနော်… အစ်ကိုနဲ့ ကျွန်တော်တို့ သင်တန်းတက်တဲ့နှစ်က (၁၉၉၉) ခုနှစ်က ဆိုတော့ (၁၄) နှစ်တောင် ကြာခဲ့ပြီနော် ယခင်က သတင်းစာတွေထဲမှာ တီဗွီတွေထဲမှာ အစ်ကိုတို့ လှုပ်ရှားမှု သတင်းတွေ မကြာခဏ တွေ့နေရတယ်။ အတော့်ကို လှုပ်ရှားခဲ့ကြတာပဲ၊ (၂၀၀၈) ခုနှစ်၊ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆို အစ်ကိုတို့ တာမွေက သတင်းတွေ အများကြီးပဲ တွေ့နေရတယ်။ အခု အစ်ကိုလည်း အပြင်လောကကို ရောက်သွားပြီဆိုတော့ အတော်လေး ရင်ပေါ့ သွားမှာပေါ့နော်၊ အစ်ကို့ဇနီး သားသမီးတွေကတော့ သူတို့အတွက် အချိန်ပေးနိုင်ပြီဆိုတော့ စိတ်ချမ်းသာကြမှာပေါ့။ ကျွန်တော်လည်း ဒီအတိုင်းပါပဲ၊

မြ၀တီက တင်ယု၊ လွိုင်ကော်က ဇေယျာမြင့်၊ အစ်ကိုနောက် နောက်နေတဲ့ အုတ်ဖိုက ကုတ်တို၊ စိုင်းအောင်ခိုင်လေ မမှတ်မိတော့ဘူးလား နောက်ပြီး ဟင်္သာတက ခိုင်စိုးလင်း၊ ကျွန်တော်တို့ သာကေတ ရှုခင်းသာမှာ ဓာတ်ပုံအတူတူ တွဲရိုက် ခဲ့ကြသေးတယ်။ အဲဒီဓာတ်ပုံ ကျွန်တော် အခုစာရေးရင်း ထုတ်ကြည့်နေမိတယ်။ အစ်ကို့ဆီမှာကော အဲ့ဒီဓာတ်ပုံရှိသေးလား၊ အခုတော့ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ ဒါပေမယ့် ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ၊ ကျွန်တော်လည်း အပြင်လောကရောက်ပြီး၊ ဆန်အရောင်းအ၀ယ် လုပ်နေတယ်။ အိမ်ထောင်ကျပြီး၊ သမီးလေးတစ်ယောက်လည်း ရနေပါပြီ။ အခုမုံရွာနဲ့ ကျွန်တော်တို့မြို့ ကူးချည်သန်းချည် ဆန်အရောင်း အ၀ယ်လုပ်နေတယ်။

ကျွန်တော့်ဆီလည်း စာရေးပါဦး။ ကျွန်တော့်ဖုန်းနံပါတ်လည်း ရေးပေးလိုက်ပါတယ် ၀၆၃ …… စာလည်း ရှည်သွားပြီ အစ်ကိုရာ၊ ကိုအောင်ကိုကြီးကိုတော့ အားရ ကျေနပ်မိတယ်။ အစ်ကို့ဓာတ်ပုံ ဂျာနယ်မှာ တွေ့တော့ သတိရမိပြီး ဒီစာကို ရေးလိုက်တာပါ။ သင်တန်းတက်စဉ်က ပုံရိပ်တွေ ပြန်မြင်ယောင်မိပြီး ၀မ်းနည်းမိသလိုလို ခံစားရတယ်။ တက်ခဲ့တဲ့ သင်တန်းတွေတော့ အခုတော့ အလကား ဖြစ်ကုန်ပြီ။ ကျွန်တော်တို့လို အပြင်ရောက်သွားတဲ့ လူမျိုးတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူးနော် … အဲဒီသင်တန်းတွေအတွက် နိုင်ငံတော်က ပိုက်ဆံတွေ အများကြီး ကုန်မှာပဲ။

သတိရခြင်းများစွာဖြင့်…

မှ စောလွင်/မကွေး။

မိမိလည်း စာဖတ်အပြီး ခေတ္တမျှ တွေဝေကာ အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က ပုံရိပ်ဟောင်းတွေ ပြန်မြင်ယောင်မိလျက် ရှိနေစဉ် အတွေးများ ဖြတ်၍ စောလွင်ဆီ ဖုန်းဆက် ကြည့်လိုက်သည်။ ဟဲလို .. ဟဲလို ငါပါကွ ကိုအောင်ကိုပါ ဟာ…ကိုအောင်ကိုကြီး ကျွန်တော် စောလွင်ပါ အရမ်းဝမ်းသာတယ်။ ကျွန်တော့်စာ အစ်ကိုဆီ ရောက်ပြီ ထင်တယ်၊ ငါလည်း ၀မ်းသာပါတယ်။ မင်း စာဖတ်ပြီးပြီးချင်း ငါ ဖုန်းဆက်လိုက်တာ၊ အစ်ကို မကွေး ရောက်ရင်ဝင်ခဲ့နော်.. အခုတော့ အစ်ကိုတို့ဂျာနယ် အမြဲဝယ်ဖတ်တယ်။ အစ်ကို လိပ်စာက လိပ်စာမှတ်တမ်း စာအုပ်ထဲက လိပ်စာပဲ မဟုတ်လား၊ ရန်ကုန် ရောက်ဖြစ်ရင် ၀င်ခဲ့မယ်။

အေးပါကွာ . . . ငါလည်း မင်းစာဖတ်ကြည့်ပြီး ပြီးဆုံးခဲ့ပြီဖြစ်သော မေ့ထားခဲ့သည့် အတိတ်က ပုံရိပ်တွေ ပြန်မြင်ယောင်လာမိတယ်။ ငါတို့တွေက လှောင်အိမ်ထဲက လွတ်ထွက်လာတဲ့ ငှက်ကလေးတွေပါ။ လှောင်အိမ်ထဲ ဘယ်တော့မှ ပြန်မ၀င်တော့ဘူး။ ၀မ်းသာတယ်ကွာ အဲဒီမှာ ငါ့ဖုန်းနံပါတ် ပေါ်တယ် မဟုတ်လား …ပေါ်တယ် အစ်ကို … အေးဒါပဲနော်။ မင်းရေးလိုက်တဲ့ စာက ငါ့အတွက် ဆောင်းပါးတစ်ပုဒ် ရတာပေါ့၊ ဟဲ ဟဲ ငါရေးလိုက်မယ် … မင်း ဖတ်ကြည့်ပေတော့၊ ငါကတော့ ဒီလို အမည် ပေးလိုက်တယ် …. သူငယ်ချင်းထံမှ ပေးသောစာ (သို့) ပြီးဆုံးခဲ့ပြီဖြစ်သော အမှတ်တရများဟု…သာ ရေးချလိုက်မိသည်။

(ဤဆောင်းပါးတွင် ပါရှိသော တချို့အမည်နှင့် မြို့အမည်များအား (အမည်လွှဲ) ထားပါသည်။)

တာမွေ အောင်ကို။


No comments: