Monday, December 9, 2013

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ဘိန်းချက်တဲ့ စခန်းပုန်းကို ဖမ်းပြပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ဆိုတာကို မဖေါ်ပြဘဲ ဖုံးကွယ်ထားမှု။

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ဘိန်းချက်တဲ့ စခန်းပုန်းကို ဖမ်းပြပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ဆိုတာကို မဖေါ်ပြဘဲ ဖုံးကွယ်ထားမှု။

မူးယစ်ဆေးဝါးထုတ်လုပ်သောစခန်းပုန်းအား သိမ်းပိုက်ခဲ့သော်လည်း မုံးစီးဌာနေ ပြည်သူ့စစ်ပိုင် စခန်းပုန်းဟု ဖော်ပြခြင်းမရှိပေ။

မူးယစ်ဆေးဝါးချက်လုပ်သော စခန်းပုန်းအား လက်နက်ခဲယမ်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သော်လည်း ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မုံးစီး ဌာနေပြည်သူ့စစ်၏ မူးယစ်ဆေးဝါး ထုတ်လုပ်နေသော စခန်းပုန်းဟု သတင်းဖော်ပြခြင်း မရှိကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာနမှ မြဝတီ နေ့စဉ်သတင်းကို ကိုးကား၍ ယခုလ နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသအတွင်း နယ်မြေခံတပ် မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မုံးစီးကျေးရွာအရှေ့ဘက် သုံးမိုင်ခန့် ခန့်မှန်းမြေပုံညွှန်း (MG-၃၈၉၂၅၉) ရှိ မူးယစ်ဆေးဝါးချက်လုပ်နေသော စခန်းပုန်းတစ်ခုအား ယခုလ နိုဝင်ဘာ ၂ဝ ရက်တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖော်ထုတ် သိမ်းဆည်းရမိကြောင်း နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် မြဝတီ နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။

မူးယစ်ဆေးဝါးထုတ်လုပ်နေသော စခန်းပုန်းအား ရှင်းလင်းသိမ်းပိုက်စဉ် လူ ၁၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ်မျိုးစုံ ၂၂ လက်၊ ခဲယမ်းမျိုးစုံ ၈၉၇ တောင့်၊ လက်ပစ်ဗုံး ၁၃ လုံး၊ ဗုံးသီး ၂ လုံး၊ ကျည်အိမ်မျိုးစုံ ၁၉ ခု၊ ညကြည့်မှန်ပြောင်း ၁ ခု၊ အသံတိတ်ကိရိယာ ၁ ခု၊ စနိုက်ပါမှန်ပြောင်း ၁ ခုတို့ကို သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၏ စုစုပေါင်းတန်ဖိုး ၂၇၇ ဒသမ ၁ သန်းခန့်ဖြစ်ပြီး မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူ ၆ ဒသမ ၃ ကီလိုဂရမ်၊ ဘိန်းညို ၁၂ ဒသမ ၇ ကီလိုဂရမ်၊ ဘိန်းစိမ်း ဝ ဒသမ ၈ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၃ ဒသမ ၁ ကီလိုဂရမ်၊ ဆေးပြား ရိုက်ရန်ဖော်စပ်ထားသော အညိုရောင်အမှုန့် ၄ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၇၂ဝဝ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ အခိုင်အမာတည်ဆောက်ထားသည့် အဆောက် အအုံများ နှင့် ယာဉ်ငယ်တစ်စီးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ မူးယစ်ဆေးဝါးချက်လုပ်နေသော စခန်းပုန်းသည် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မုံးစီး ဌာနေပြည်သူ့စစ် အဖွဲ့မှ ခေါင်းဆောင် ဦးအုန်းခိုင်၊ ဒုတိယ ခေါင်းဆောင် အားလျှံ (ခ) အားရင် (ခ) ယာပါးဖ တို့ပိုင်ဆိုင် လုပ်ကိုင်နေခြင်းဖြစ်ပြီး ကိုယ်တိုင်ချက်လုပ် ဖြန့်ဖြူးရောင်းချခြင်းဖြစ်သည်ဟု ဒေသခံ မျက်စိကြီး နားကြီးများက ပြောသည်။ မုံးစီး ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင် အများစုသည် ပလောင်၊ (ဝ)၊ ကိုးကန့် လူမျိုးများဖြစ်ပြီး ဒေသခံများ မဟုတ်ကြဘဲ လစာ ၃ သောင်းပေး၍ ဒေသအသီးသီးမှ လူငယ်များကို ခေါ်ယူစုဆောင်း ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။ တရုတ်နိုင်ငံ၏ သတင်းချပြမှုကြောင့် ဖော်ထုတ်သိမ်းဆည်းရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

မုံးစီး ဌာနပြည်သူ့ စစ် ဒုတိယ ခေါင်းဆောင် အားလျှံသည် လီဆူး လူမျိုးတစ်ဦးဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်ခန့် က မုံးစီး ပြည်သူ့ စစ်သို့ ဝင်ရောက်လာသည်ဟု ရဲတပ်ဖွဲ့ က စစ်ဆေးမေးမြန်းစဉ် ထွက်ဆိုခဲ့သည်ဟု သိရသည်။ မုံးစီး ပြည်သူ့ စစ် တာဝန်ထမ်းဆောင်နေချိန် ဘိန်းပွဲစား၊ ဘိန်းချက်ရန် အက်စစ်အရောင်းအ၀ယ်၊ ကျောက်အရောင်း အ၀ယ် လုပ်ကိုင်ခဲ့ကြောင်း၊ ဘိန်းညိုအဆင့်သာ ချက်လုပ်နိုင်ပြီး ခေါင်းဆောင် ဦးအုန်းခိုင်၊ တရုတ်လူမျိုး ၀ူဆန်း ဆိုသူနှင့် အတူ ကိုယ်တိုင်ချက်လုပ်ခြင်းဖြစ်ပြီး စိတ်ကြွဆေးပြား၊ ဘိန်းဆီခဲ၊ ဘိန်းရည်များသည် မုံးစီး ပြည်သူ့ စစ်ခေါင်းဆောင် ဦးအုန်းခိုင် ပိုင်ဆိုင်သော ပစ္စည်းများဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။ လက်နက်ခဲယမ်းများမှာ ဦးအုန်းခိုင် ယူဆောင်လာသော လက်နက်များဖြစ်ပြီး အချို့ လက်နက်များအား တပ်ဖွဲ့ ဝင်များကို တပ်ဆင်ထားကြောင်း၊ ဒုတိယ ခေါင်းဆောင် အားလျှံ နှင့် ၀ူဆန်း တို့ မှာ မြန်မာငွေ သိန်း ၅၀ စီ ရှယ်ယာထည့်ထားပြီး မူးယစ်ဆေးဝါးချက်လုပ်ရာတွင် ၀ူဆန်း ဆိုသူက တာဝန်ယူကြောင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ရောင်းချခြင်းများကို ပြည်သူ့ စစ်ခေါင်းဆောင် ဦးအုန်းခိုင် က တာဝန်ယူသည်ဟု ဒုတိယခေါင်းဆောင် အားလျှံ က ထွက်ဆိုခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဌာနေပြည်သူ့စစ်များ၏ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ပါဝင် ပတ်သက်ခြင်းအပြင် အိမ်နီးချင်းနိုင်ငံများ၏ ဖမ်းဝရမ်း ထုတ်ပြန်ခြင်းများ မကြာခဏရှိနေသော်လည်း မြန်မာအစိုးရမှ လစ်လျူရှု့လေ့ရှိသည်ဟု သိရသည်။ မူးယစ်ဆေးဝါးနှင့် ပါဝင်ပတ်သက်နေသည်ဟု သတင်းထွက်လေ့ရှိသော အချို့ ဌာနေပြည်သူ့စစ်ခေါင်းဆောင်များအား အစိုးရက လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ချီးမြှောက်သောကြောင့် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသည့်အဆင့် ဖြစ်နေကြသည်။

မူးယစ်ဆေးဝါးချက်လုပ်ခြင်း၊ ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းတို့တွင် ဒေသခံ လှုပ်ရှား အစိုးရတပ်ရင်းတပ်ဖွဲ့ များက လစ်လျူရှု့နေခြင်း၊ နောက်ကွယ်က ပါဝင်ပတ်သက်နေခြင်းများ သတင်းထွက်ပေါ်လေ့ ရှိပြီး တိုက်ခိုက် ဖမ်းဆီးသိမ်းဆည်းရမိ ဖြစ်စဉ်များတွင် အစိုးရက ၄င်းတို့နှင့် အဆင်မပြေဖြစ်သည့် ဒေသတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို စွပ်စွဲလေ့ရှိသည်ဟု သုံးသပ်သူများက ပြောသည်။

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားသော ဦးအုန်းခိုင် ခေါင်းဆောင်သည့် မုံးစီး ဌာနေ ပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်လှုပ်ရှားနေသည့်အပြင် ကွတ်ခိုင်အခြေချ စစ်ဗျူဟာ ဦးစီးသော ခလရ (၄၅)၊ ခလရ (၁၂၉)၊ ခလရ (၁၄၃)၊ ခလရ (၁၄၄)၊ ခလရ (၂၉ဝ)၊ ခမရ (၃၂၄) တို့ လှည့်လည် လှုပ်ရှားလျက်ရှိသည်ဟု သိရသည်။ အဆိုပါဒေသသည်လည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေသည့် ဒေသဖြစ်သည်ဟု သိရသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုနှိမ်နင်းရေးရုံး (UNODC) ၏ ၂၀၁၃ ဇွန်လ ၂၆ ရက်နေ့  ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်က ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံများတွင် အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံက ဒုတိယနေရာမှာ ရပ်တည် နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ၂၀၁၄ ခုနှစ်တွင် နိုင်ငံတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမည်ဟု ပြောဆိုထားသည်။ သို့ သော် ၁၉၉၉ ခုနှစ်က ၁၅ နှစ် စီမံကိန်းချ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှုများက ပိုမိုများပြားလာခဲ့ကြောင်း ဧရာဝတီ အင်တာနက် သတင်းတွင် ဖော်ပြထားပါသည်။

ညီဇော်။


No comments: