တိရိစ္ဆာန်မှာ ဦးနှောက်ရှိပေမယ့် ဆင်ခြင်တုံတရား မရှိလို့  ထိန်းခံရတယ်၊ လူမှာက ဦးနှောက်ရှိတယ် ဆင်ခြင်တုံတရားရှိတယ်၊ ဒါပေမယ့် မဆင်ခြင်ရင်တော့ အတူတူဘဲ။
တိရိစ္ဆာန်မှာ ဦးနှောက်ရှိပေမယ့် ဆင်ခြင်တုံတရား မရှိလို့  ထိန်းခံရတယ်၊ လူမှာက ဦးနှောက်ရှိတယ် ဆင်ခြင်တုံတရားရှိတယ်၊ ဒါပေမယ့် မဆင်ခြင်ရင်တော့ အတူတူဘဲ။
တိရိစ္ဆာန် အထူးသဖြင့် ဆင်ဆိုတဲ့ သတ္တ၀ါဟာ အကောင်ကြီးပေမယ့် ဦးနှောက်လိုက်ကြီးတာ မဟုတ်ဖူး၊ တိရိစ္ဆာန်ဆိုတဲ့ အထဲမှာ အိမ်မွေးတိရိစ္ဆာန်တောင် ယဉ်ပါးလှလွန်းတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ စိတ်အလိုလိုက်ပြီး စိတ်ဖောက်ပြန်တတ်သေးတယ်။ ဒါကြောင့် သခင်ဖြစ်သူကို အသက်အန္တရာယ် ပြန်ရှာကြတဲ့ အဖြစ်တွေ ကြုံကြရတယ်။
ဒါကြောင့် ဆင်ဖြူတော် ဆင်ဖြူတော်ဆိုပြီး မြှောက်စားထားတော့ စိတ်ဖောက်ပြန်ချိန် ဆင်ထိန်းတောင် မနိုင် နင်းသတ်ခံခဲ့ရတာဘဲ။ တိရိစ္ဆာန်ဖြစ်တဲ့ ဆင်က စိတ်ဖောက်ပြန်တာထက် ဆင်ဖြူတော်ဆိုပြီး တိရိစ္ဆာန်ကို လိုတာထက် ပိုပြီး ကိုးကွယ်နေကြတဲ့သူတွေက ပိုရူးတာက ပိုဆိုးတာ။
တိရိစ္ထာန်တို့  ဘာသာဘာဝအရ စိတ်ဖောက်ပြန်တတ်တဲ့ အလေ့အထကို ထိန်းသိမ်းနိုင်နင်းအောင် ချွန်းဆိုတဲ့အရာနဲ့  အမြဲလိုလို ထိန်းပေးနေရတာ။ တိရိစ္ဆာန်တို့ နည်းတူ လူဆိုတာလည်း သက်ရှိသတ္တ၀ါဖြစ်လို့  အချိန်နဲ့ အမျှ စိတ်ဖောက်တတ်လေ့ရှိကြတယ်။ လောဘ ဒေါသ မောဟ တဏှာဆိုတဲ့ ခံစားမှုတွေအပေါ်မှာ မကြာခဏဆိုသလို စိတ်ဖောက်ပြန်လေ့ရှိကြတယ်။ သာမန်လူတစ်ဦးလည်း ဖောက်ပြန်လေ့ရှိသလို အာဏာရူးတွေလည်း ဖောက်ပြန်လေ့ရှိကြတာဘဲ။
ဒီနေရာမှာ အနည်းအများ ပမာဏကွာတာကတော့ လောဘ ဒေါသ မောဟ တဏှာ ဘယ်လောက်ပြင်းထန်သလည်းဆိုတဲ့အပေါ်မှာ မူတည်တာဘဲ။ ဆင်ကြတော့ ချွန်းနဲ့  ထိန်းရတယ်၊ ကိုက်တတ်တဲ့ ခွေးကြတော့ ပါးစပ်နဲ့ နှုတ်သီးကို မဟနိုင်အောင် အစွပ်နဲ့  စွပ်ပြီး ထိန်းရတယ်၊ ကျားတို့  ခြင်္သေ့တို့ ကြတော့ လှောင်အိမ်ထဲ ထည့်ထိန်းရတယ်။
လူကြတော့ ဘယ်လို ထိန်းမလည်း။ ထောင်ထဲ ထည့်ထားလည်း အချိန်စေ့ရင် ပြန်လွတ်တာဘဲ၊ လူမသတ်ပါနဲ့  ပြောလည်း လူသတ်လက်နက်တွေ့ ရင် သတ်ချင်တဲ့ စိတ်ပြန်ပေါ်တယ်၊ မခိုးပါနဲ့ ပြောလည်း ရှေ့ မှာ တန်ဖိုးကြီးမားတာ တွေ့ ရင် ခိုးချင်လာပြန်တယ်၊ အရွယ်နုမြင် အလှအပရှူကြရင် ကျားကျားမမ ကိုယ်ဘယ်အရွယ်မှန်း မသိ သိက္ခာအရှက်တရား မသိ သာယာမှုနောက်လိုက်ပြီး ဖောက်ပြန်ချင်ကြတယ်၊ အာဏာမမက်ပါနဲ့ ပြောလည်း အာဏာပြခွင့်ရရင် ပြချင်ပြန်ကြတယ် စသဖြင့်ပေါ့။ တကယ်တမ်း ထိန်းသိမ်းနိုင်တာ အသိတရားနဲ့  ဆင်ခြင်တုံတရားဘဲ။
စိတ်ဖောက်ပြန်မှုတွေကို ဘယ်လိုထိန်းမလည်း၊ ဘယ်သူက ထိန်းပေးမှာလည်း။ စိတ်ဖောက်ပြန်မှုကို ဘယ်လိုထိန်းမှာလည်းဆိုရင်တော့ အရှက်တရား၊ အမှန်အမှား၊ မိမိတင်မက မွေးဖွားစောင့်ရှောက်ပေးခဲ့ကြတဲ့ မိဘဆရာသမား သွန်သင်ဆုံးမခဲ့တဲ့ ဘာသာတရား၊ သင်ကြားခဲ့တဲ့ ပညာဥာဏ်စွမ်း၊ တွေ့ ကြုံခဲ့ရ သင်ခန်းစာယူခဲ့ရတဲ့ အကြား အမြင် အတွေ့ အကြုံ ဗဟုသုတတွေနဲ့  ဖောက်ပြန်နေတဲ့ စိတ်ကို အချိန်မီ ပြန်ထိန်းရမှာပါ။ ဘယ်သူက ထိန်းပေးမှာလည်းဆိုတော့ ထောင်မှူးရော ဆရာတော်ဘုရားရော မိဘရော သင်စရာ မြင်ဆရာ ကြားဆရာရော မိတ်ဆွေသူငယ်ချင်းရော လင်နဲ့ မယားရော ဘယ်သူဘယ်သူကမှ ရာခိုင်နှုန်းပြည့် အာမခံပြီး ထိန်းပေးနိုင်ကြမှာ မဟုတ်ပါဖူး။ အဓိက ထိန်းရမှာ မိမိကိုယ်တိုင်ပါဘဲ။ မိမိကိုယ်တိုင်က အသိတရားနဲ့  ဆင်ခြင်တုံတရားနဲ့  ထိန်းမှ ရမယ်ဆိုတာပါဘဲ။
ဒီအတွက် အမိမြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာ ရောက်ရှိနေကြတဲ့ လူတိုင်းဟာ လောဘ ဒေါသ မောဟ တဏှာဆိုတဲ့ ကြောက်မက်ဖွယ်အရာတွေကို မိမိကိုယ်တိုင်က ထိန်းသိမ်းကြပါစို့ လို့  ..
တိရိစ္ဆာန်တွေလို ဆင်ကို ခေါင်းပေါ်ထက်က ချွန်းနဲ့  ထိန်းရတာမျိုး၊ ခွေးလိုမျိုး နှုတ်သီးပါးစပ်ကို မဟနိုင်အောင် ထိန်းရတာမျိုး ကျားခြင်္သေ့လို လှောင်အိမ်ထဲ ထည့်ထားရတာမျိုးကတော့ မဖြစ်သင့်ပါဖူး။
ငွေ မရူးကြပါနဲ့ ၊ တဏှာ မရူးကြပါနဲ့ ၊ အာဏာမရူးကြပါနဲ့  …..

No comments:
Post a Comment