၄၀ ကျော် ဒို့  ကြံ့ ဖွတ်လူငယ်တွေ ….. ။
၄၀ ကျော် ဒို့  ကြံ့ ဖွတ်လူငယ်တွေ ….. ။
၂၀၁၅ အတွက် ကြံ့ ဖွတ်အသင်းပါတီကြီးရဲ့  လူငယ်တွေ့ ဆုံပွဲအကြောင်းနဲ့  ကတိသစ္စာ ခံယူတာတွေ လုပ်ငန်းစဉ်ချမှတ်နာယူတာတွေကို ဆောင်ရွက်နေကြတာ အသက် ၄၀ ကျော်သူများ ဖြစ်ကြတယ်ဆိုပါလား။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အနောက် မြင်းပြိုင်ကွင်းနှင့် မြောက်မြင်းပြိုင်ကွင်း လမ်းထောင့်ရှိ ရန်ကုန်တိုင်း ဒေသကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြည်ခိုင်ဖြိုးပါတီ၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လူငယ်များ တွေ့ဆုံပွဲနှင့် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဇန်န၀ါရီ (၁၂) ရက်နေ့ မွန်းလွဲ (၁)နာရီ အချိန်တွင် ကျင်းပခဲ့ပြီး ကြံ့ခိုင်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် ကြိုတင်ပြင်ဆင် စတင်လှုပ်ရှားပြီး ပါတီဝင်လူငယ်များအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။
အဲ့ဒီ တာဝန်ပေးအပ်ခံခဲ့ရတဲ့ လူငယ်တာဝန်ခံများက အောက်ပါအတိုင်း ကတိသစ္စာပြုခဲ့ကြပါတယ်တဲ့။
၁။ ကျွန်ုပ်တို့သည် ဒို့တာဝန်အရေးသုံးပါးကို ခံယူကျင့် သုံးမည်။
၂။ ကျွန်ုပ်တို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။
၃။ ကျွန်ုပ်တို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို သယ်ပိုး ဆောင်ရွက်မည်။
၎။ ကျွန်ုပ်တို့သည် ပါတီ၏ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ
ထမ်းဆောင်ပါမည် - ဟု သစ္စာပြုခဲ့ကြတာပါ။
(ဒီလိုကတိသစ္စာပြုခဲ့တာနဲ့ အညီ နိုင်ငံတော်နဲ့  နိုင်ငံသားတို့ ရဲ့  သစ္စာကို စောင့်သိမှာလား၊ အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးတွေရဲ့  သစ္စာကို ခံယူစောင့်သိတာလားဆိုတာရယ် နိုင်ငံတော်နဲ့  နိုင်ငံသာတို့ အကျိုးကို သယ်ပိုးဆောင်ရွက်မှာလား အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများရဲ့  အကျိုးကို သယ်ပိုးဆောင်ရွက်နေတာလားဆိုတာ မကြာချင်အချိန်ကာလမှာ အဖြူအမဲ သဲသဲကွဲကွဲ သိရတော့မှာပါ)။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း နှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ယာယီအတွင်းရေးမှူး ဦးသာဝင်းနှင့် ကော်မတီဝင်များ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြတဲ့ ဒီပွဲမှာ ရှေ့လုပ်ငန်းစဉ် (၅) အနေနဲ့  -
(က) ပါတီတွင်း ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး၊ ပါတီတွင်း စည်းလုံးညီညွတ်မှု ခိုင်မာရေးနှင့် ပါတီဝင်များ၏ ကိုယ်ကျင့်သိက္ခာ ပိုမိုတိုးတက် ကောင်းမွန်ရေး၊
(ခ) တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း၍ ငြိမ်းချမ်းရေး ရရှိရေး၊ နယ်မြေဒေသ အသီးသီး အမြန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူများနှင့်တကွ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရေး၊
(ဂ) နိုင်ငံအ၀န်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရေး၊
(ဃ) ပါတီတွင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူများအတွင်း စည်းရုံးရေး လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ်ပြီး ပြုပြင်ပြောင်းလဲ သင့်သည်များကို ပြောင်းလဲ၍ စည်းရုံးရေးစွမ်းအား တိုးတက် မြင့်မားစေရေး၊
(င) နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများ ရရှိရေးတို့ ဖြစ်ကြောင်း သိရှိရပါတယ်။
(ရှေ့ လုပ်ငန်းစဉ်တွေကတော့ ကောင်းပါတယ်၊ ဒါပေမယ့် ထုံးစံအတိုင်း နောက်မှာ ကျန်ကျန်ခဲ့တဲ့ လုပ်ငန်းစဉ်တွေဖြစ်ကုန်ပြီး လေအပြောသာရှိ တကယ်လက်တွေ့ မဖြစ်ကြတာရယ် နောက် ဘယ်သူ့ အတွက် ဒီရှေ့ လုပ်ငန်းစဉ်တွေက ဖြစ်တာလည်းဆိုတာကိုလည်း သေသေချာချာ ကွဲကွဲပြားပြား သိရဖို့  ဖြစ်ပါတယ်)။
ထို့ အပြင် ၂၀၁၄ ခုနှစ်မှာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၂၅) ချက်ကို မိမိမြို့နယ်တွေအတွင်းမှာ အလေးထား ဆောင်ရွက်ကြဖို့ ကိုလည်း ချမှတ်ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။
(ဒီလုပ်ငန်း ၂၅ ချက်ထဲမှာ ၂၀၁၀ တုန်းကလို မဲတွေလိမ်ယူတာ မဲခိုးတာ မဲစာရင်း ကလိမ်ကကျစ်လုပ်တာတွေ မပါဖို့ ၊ ယှဉ်ပြိုင်ဘက် အခြားသော နိုင်ငံရေးပါတီတွေအပေါ်မှာ အမျိုးမျိုးသော အနှောင့်အယှက်တွေ ပေးတာ ခြိမ်းခြောက်တာ သွေးဆောင်ဖြားယောင်းတာတွေ မလုပ်ဖို့ ၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ကြတာကို အကြမ်းဘက်ဖြိုခွင်းတာတွေ မဆောင်ရွက်ဖို့ နဲ့  မသမာသော ဥပဒေနှင့် မညီသော နည်းလမ်းများနဲ့  ကြံ့ ဖွတ်ပါတီ အနိုင်ရရှိရေး ဆော်သြော်မှုတွေနဲ့  မဲစည်းရုံးတာတွေ မပြုလုပ်ဖို့ အစရှိတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ပါရှိရဲ့ လားဆိုတာကိုလည်း တိတိကျကျ သိရှိကြရဖို့  လိုပါတယ်)။
ဒီ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားနဲ့  ပတ်သက်လို့  သုံးသပ်ပြောကြားတာကတော့ -
မိမိအနေဖြင့် ကြံ့ခိုင်ရေးပွဲ သတင်းအား အကျယ်တ၀င့် ရေးအပြီး ကြံ့ခိုင်ရေးလူငယ် မိမိတို့ အသင်းကြီးတွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့စဉ်က လူငယ်အဖွဲ့တွေ ဖွဲ့ခဲ့ရ၊ လှုပ်ရှားခဲ့ရသည်များကို ပြန်လည်အမှတ်ရမိပါတယ်။
လူငယ်တွေ့ ဆုံပွဲလို့  ဆိုပေမယ့် ဘယ်လို လူငယ်တွေနဲ့ ဖွဲ့ခဲ့တာလဲ၊ ဘယ်အသက် အရွယ်ပိုင်းအခြားနဲ့ ဖွဲ့ခဲ့တာလဲဆိုတာပါ။ အဲဒီအခါများဆီက အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြားကို လူငယ်ဟု သတ်မှတ်ပြီး လူငယ်အဖွဲ့တွေ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတိုင်း ဖွဲ့ကြရပါတယ်။ စဖွဲ့စဉ်အခါက မိမိ အသက်က ၃၅ နှစ်၊ တဖြည်းဖြည်းနဲ့ ၄၀ နားနီးလာ။ လူငယ် ခေါင်းဆောင်တွေထပ် ရွေး၊ ရွေးလို့မရ။ ထက်မြက်တဲ့ လူငယ်မြို့နယ် EC တွေက အပြင်ရောက်သွား၊ ဘယ်လိုဖြစ်လို့လဲ …။
တာဝန်ရှိမြို့နယ် ခေါင်းဆောင်တွေပဲ စည်းရုံးရေးညံ့လို့လား၊ ငယ်ရွယ် သွက်လက် ထက်မြက်တဲ့ လူငယ်တွေကို စည်းဝိုင်းအပြင် မရောက်အောင် စည်းရုံးထားရမှာ အခုတော့ တစ်ကိုယ်ကောင်း ဆန်နေကြလို့လား၊ လူငယ်တွေကို နေရာ မပေးချင်လို့လား၊ ကိုယ်ချည်းပဲ မင်းသားလုပ်ချင် နေကြလို့လား၊ ဘာမှမရှိတော့ဘူး၊ ဘယ်သူမှ မရှိတော့ဘူး၊ လူငယ်တွေကို ပြောတာပါ။
ရှိတော့ရှိကြသည်၊ အသက် ၅၀ ကျော် လူငယ် အမည်ခံလူကြီးတွေ ဆံဖြူသွားကျိုး၊ တိုင်းခရိုင်က ခေါ်တဲ့ လူအင်အား ဖြည့်ခေါ်သွား လူငယ်အစည်းအဝေးတွေတက်တိုင်း မိမိအသက်က ၄၀၊ တစ်ယောက်က ကလေးအဖေ၊ နောက် တစ်ယောက်က ကလေးအမေ၊ လူငယ် ကိုယ်စားလှယ် ၃ ဦးတော့ အိမ်ပြည့်တက် လိုက်ကြရသည်။ လူငယ်အင်အားစာရင်း ကတော့ ဖိုင်ထဲမှာအပြည့် ဟန်ပါပါနဲ့ အစည်းအဝေးမှာ ဖိုင်ကြီး ပွေ့ပိုက်လို့ပေါ့၊ အစည်းအဝေးရောက်တော့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးမိကြသည်။
အခြားမြို့နယ်က လူငယ် ကိုယ်စားလှယ်တစ်ဦးက ခေါင်းက ကြာဆံတွေ ပေါ်မှာစိုးလို့ ဆံပင်ဆိုးလာသည်။ သူက ပြောသည်၊ အခုပေါ်တဲ့ ဆံပင်ဆိုးဆေးတဲ့၊ ခင်ဗျားလည်း ဆိုးပါလား၊ ခေါင်းလျှော် လိုက်တာနဲ့ တစ်ခေါင်းလုံး မည်းနက်သွားတာတဲ့ သူက ပြောရင်း ရယ်ပြသည်။ ရှေ့က သွားတစ်ချောင်းကတော့ ကျိုးနေပြီ၊ မိမိလည်း အဲဒီတော့မှ ပါးစပ်မဟရဲတော့။ မိမိ သွားတွေ သူများ မြင်သွားရင် ရှက်စရာ၊ မိမိနေတဲ့ အိမ်နှင့် ရန်ကုန်တိုင်း ရုံးက နီးသည်။ တစ်နေ့ရုံးဘက်သို့ မသွားတော့ဘဲ အိမ်ကနေ တိုင်းရုံးသို့ အစည်းအဝေး သွားတက်ရန် တိုက်ပုံတကားကားနဲ့ မှန်ကြည့်ရင်း မြို့နယ် EC ဦးကျော်တင့်အား စောင့်နေစဉ် အဖေဖြစ်သူက ဘယ်အခမ်းအနား သွားရမှာမို့လို့ မင်း ဒီလောက်တောင် မှန်ရှေ့က မခွာဖြစ်နေတာလဲ၊ မိမိလည်း ရှက်ရှက်နှင့် အဖေကလည်း သားတို့ လူငယ်အစည်းအဝေး သွားတက်ရမှာ၊ ဦးကျော်တင့်လည်း ပါတယ်၊ အဖေက ပြုံးလိုက်ပြီး ဦးကျော်တင့် အသက်က ငါနဲ့ဆို မတိမ်း မယိမ်းဘဲ၊ သူနဲ့ လူငယ်အစည်း အဝေး ဘာဆိုင်လို့လဲ၊ မင်းအသက်လည်း ၄၀ ကျော်ပြီ၊ မြေးတောင်ရနေပြီ၊ ကဲ ငါ သိပြီကွ၊ မင်းတို့ကို
ကြည့်ရတာ ပင်ပန်း လွန်းလှပါတယ်၊ မင်းတို့ရုံးမှာက ဟိုသူကြီး ဇာတ်လမ်းထဲကလို သူကြီးက ပြောတယ်၊ ငါရယ်၊ သန်းမောင်ရယ်၊ ကတုံးရယ်တဲ့၊ လူငယ်ဆိုလည်း မင်းတို့ပဲ၊ လူကြီးဆိုလည်း မင်းပဲ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဆိုလည်း မင်းပဲ၊ မလိမ်နဲ့ ဟိုမှာ အသင်းဝင်ကတ်ပြား ချိတ်ထားတာ ငါတွေ့တယ်၊ အဖေပြောခဲ့တာတွေကို အမှတ်ရတွေး နေမိသည်။
ဟုတ်ပါသည်။ လူငယ်တွေက ခေါ်၍ မရ၊ လယ်ဂျာ စာအုပ်တွေထဲမှာသာ ရှိသည်။ ထက်၊ လယ်၊ မူ ကျောင်းတွေ စည်းရုံးရေးဆင်းစဉ်က လယ်ဂျာထဲမှာ တော့ အပြည့်၊ ၁၀ တန်း စာမေးပွဲကိစ္စ၊ အလုပ်လျှောက် အင်တာဗျူးဖြေရန် ကြံ့ခိုင်ရေး ကတ်ပြားပါလျှင် အိုကေ၊ ကြံ့ခိုင်ရေး ကတ်ပြားပါမှ ဖြစ်မယ်၊ အခွင့်အရေးရမယ် ဆိုလို့ ၀င်လိုက်ကြတာ နောက်ဆုံး ဘယ်ကိုရောက် သွားကြသည်မသိ ပျောက်ချင်းမလှ ပျောက်သွားကြသည်။ အသင်းဝင် ဖောင်တွေမှာသာ ဓာတ်ပုံနှင့်တကွ ကျန် နေခဲ့သည်။
အသင်းဘ၀တုန်းက အချိန်တွေမှာ အောက်ခြေ ခေါင်းဆောင်ပိုင်းနှင့် လူငယ်တွေကို အားကိုး နိုင်အောင် ဖွဲ့စည်းထားပေမယ့် တကယ်အရေးကြီးတဲ့အချိန် အရေးကြီး လုပ်ငန်းတွေနဲ့ ကြုံတွေ့နေရပြီဆို လူကြီးတွေ ကိုယ်တိုင် ကွင်းဆင်းရုံးထိုင် လမ်းညွှန်ပြီး စီစဉ်ကွပ်ကဲ လုပ်ဆောင်ခဲ့ရ
တာတွေချည်းပါပဲ၊ မိမိအနေနှင့် အသင်းမှာ ရှိနေစဉ်တုန်းက မြို့နယ်တာဝန်ရှိသူကို ရင်ထဲအမှန် တင်ပြခဲ့ဖူးတယ်၊ ကျွန်တော်တို့ လည်း အရမ်းပင်ပန်းတယ်၊ မြို့နယ်မှာ EC ၁၅ ဦးက စာရင်းပဲရှိတယ်၊ အမှန်တကယ် အလုပ်လုပ်နေတာက သုံးလေးယောက်ပဲ ရှိတယ်၊ (ငါရယ်၊ သန်းမောင်ရယ်၊ ကတုံးရယ်) ရပ်စည်းတွေ ရပ်ကွက်တွေထဲက ထက်မြက် သွက်လက်တဲ့ သူတွေ မြို့နယ်ကို
တင်လိုက်ပါလားလို့ ပြောမိလိုက်တယ်၊ ဘာပြန်ပြောတယ် ထင်လဲ … နင်ပြောတဲ့ သွက်လက်ထက် မြက်တဲ့ သူတွေ မြို့နယ် ရောက်လာရင် ငါတို့ လုပ်ချင်တိုင်း လုပ်လို့ရမှာ မဟုတ်ဘူးတဲ့၊ တော်တော် အ တာပဲတဲ့။
အခုလည်း ထပ်ပြီး ခရိုင်ကော်မတီဝင်ကို ဖုန်းနဲ့ ထပ်မေးကြည့်မိတော့ အခု အောင်နိုင်ရေး တာဝန်ပေးအပ်ပွဲမှာ တစ်မြို့နယ်ကို လူငယ် ၁၅ ယောက် တက်ခိုင်းတယ်၊ အသင်းတုန်းကလိုပဲ ၁၈ နှစ်နှင့် ၃၅ နှစ်ကြားကို လူငယ်လို့ သတ်မှတ်ထားတယ်၊ သူက ဆက်ပြောသေးသည်။ အစ်ကိုတို့တုန်းက လိုပဲတဲ့။ လူငယ် ၁၅ ဦး တက်ခိုင်းတာ မြို့နယ် EC တွေက အင်အား ဖြည့်တက်တော့ အသက်ကြီးတဲ့ လူတွေလည်း ပါသွားတာပေါ့၊ မြို့နယ်တိုင်းက မလုပ်ပေးနိုင်ဘူးလေ၊ အဲဒီတော့ မြို့နယ်မှာရှိတဲ့ အသက်အငယ်ဆုံး မြို့နယ် EC ကိုပဲ တာဝန် ပေးထားရတာ၊ တချို့ မြို့နယ်တွေဆို လူငယ်တွေ မရှိဘူး၊ စုလို့ မရလို့ အင်အား ဖြည့်လိုက်တာဟု ပြန်ဖြေရာ သြော် ဟိုတုန်းက အသင်း အခုပါတီ အခေါ်အဝေါ်သာ ပြောင်းသွားပေမယ့် မူ တွေက ကောင်းပြီး လူတွေက မပြောင်း အရင်တုန်းက လိုပါပဲလားဟု စိတ်ထဲ စဉ်းစားမိရင်း အသင်းကြီးတုန်းက မူပိုင်သီချင်း
ဖြစ်ခဲ့သည့် “ရာသက်ပန် ပြည်ထောင်စု သီချင်း” စာသားထဲပါရှိသော မျိုးဆက်သစ်တို့ လူငယ်ထု xxx အားအင်ပြု xxx စု ပေါင်းထားတဲ့ အင်အားတစ်ရပ်မို့ xxx ကျစ်လျစ်ခိုင်မာသည် xxx အမျိုးချစ်တဲ့ လူငယ်တွေသည်၊ နိုင်ငံသားကောင်းများပီပီ စည်းကမ်းလည်း ကောင်းရမည်၊ စိတ်ဓာတ် ဖြူစင် မြင့်မားရမည် ဆိုသည့် သီချင်းစာသား တချို့အား အမှတ်ရနေမိတယ်။
ကတိသစ္စာယူချက်တွေ ရှေ့ လုပ်ငန်းစဉ်တွေကို ပြုလုပ်ခဲ့တဲ့ ဒီ လူငယ်တွေ့ ဆုံပွဲကိုက အသက် ၄၀ ကျော်အရွယ်ကြီးတွေ တက်ရောက်ကြတာမို့  ပုံသဏ္ဍန်မမှန်တာကို ထင်ထင်သာသာ မြင်နေရရပါတော့တယ်။
တာမွေအောင်ကို။
No comments:
Post a Comment