Friday, April 4, 2014

ခဲတံနဲ့ သာ အသုံးပြုပါဆိုတော့ ခဲတံထိပ်မှာ ခဲဖျက်ပါတယ်။

ခဲတံနဲ့ သာ အသုံးပြုပါဆိုတော့ ခဲတံထိပ်မှာ ခဲဖျက်ပါတယ်။

အခြားနိုင်ငံတွေမှာ သန်းခေါင်စာရင်း (Population Census) ပုံစံစာရွက်အပါအ၀င် အရေးကြီးသော အစိုးရပိုင်းဆိုင်ရာ ဌာနပိုင်းဆိုင်ရာ စာရင်းကောက်ယူမှု ပုံစံစာရွက်တွေမှာ ခဲတံ (Pencil) နဲ့  ဖြည့်စွက်ခွင့် လုံးဝမပြုတဲ့အပြင် မှင်နဲ့  ဖြည့်စွက်ရေးသားတာတောင်မှ အမဲရောင်မှင်ဖောင်တိန် (Black Pen) နဲ့ သာ ဖြည့်စွက်ရေးသားဖို့  ညွှန်ကြားကြပါတယ်။

ခဲတံတွေ အခြားမှင်အရောင်တွေနဲ့  ဖြည့်စွက်ရေးသားခွင့် မပြုတဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ “မှင်အမဲ မဟုတ်တဲ့ အခြားသောအရောင်မှင်တွေဟာ ပီပြင်ထင်ရှားမှု အားနည်းတဲ့အတွက် စာရင်းအချက်အလက်တွေကို စကန် (scan) ဖတ်တဲ့အခါ (သို့ ) ကွန်ပျူတာထဲ ဖြည့်စွက်တဲ့အခါမှာ အမဲရောင်လောက် ပီပြင်ထင်ရှားမှု မရှိတဲ့အတွက်ကြောင့်လို့  ဆိုပါတယ်။ အချို့ နေရာတွေမှာတော့ မှင်အမဲရောင်အပြင် မှင်အပြာရောင်ကို ရွေးချယ်ဖြည့်စွက်ရေးသားဖို့  ခွင့်ပြုပါတယ်။ အခြားသော အရောင်များကိုတော့ ခွင့်မပြုပါဖူး။

ဒီလိုအရောင်ရဲ့  ပီပြင်ထင်ရှားမှုအတွက် မှင်အမဲရောင် (သို့ ) မှင်အပြာရောင်တို့ မှအပ အခြားအရောင် သုံးစွဲခွင့်မပြုတဲ့အပြင် ခဲတံ (Pencil) ကို လုံးဝ မသုံးစွဲဖို့ ကိုပါ တိတိကျကျ ဖေါ်ပြတားမြစ်ထားကြပါတယ်။ အထူးသဖြင့် သန်းခေါင်စာရင်းလို အရေးကြီးတဲ့စာရင်းကောက်ယူမှုမှာ သေသေချာချာ ဖေါ်ပြတားမြစ်ထားပါတယ်။ ဒီထက် ပိုပြီး စာရင်းအချက်အလက်တွေ တိကျခိုင်မာအောင် အတုလုပ်တာတွေ မိတ္တူပွားတာတွေ မရှိနိုင်အောင် သန်းခေါင်စာရင်း ပုံစံစာရွက်တစ်ခုချင်းစီတိုင်းမှာ ပုံစံစာရွက်တစ်ခုအတွက် တစ်ခုတည်းသော အမှတ်စဉ်နံပါတ် (Census From Number) ပါရှိပါတယ်။

ခဲတံ (Pencil) ကို သုံးစွဲ ဖြည့်စွက်တဲ့အခါမှာ အမှားဖြည့်စွက်မိတာကို ပြင်လို့ လွယ်အောင်ဆိုတဲ့ အကြောင်းပြချက် ပေးကြတာတွေ ရှိပေမယ့်၊ ဖြည့်စွက်ရေးသားသူရဲ့  အမှားကို ပြင်လို့  ရတယ်ဆိုတာထက် အရေးကြီးတဲ့ အချက်အလက်တွေမှာ ကာယကံရှင် မသိဘဲ မရိုးမသားနဲ့  ပြင်ဆင်ဖြည့်စွက်မှုတွေ အလွယ်တကူ လုပ်ဆောင်လို့  မရအောင် ထိန်းသိမ်းကာကွယ်ရန်အတွက် ခဲတံ (Pencil) ကို သုံးစွဲခွင့် မပြုတာလို့  ဆိုကြပါတယ်။ ကာယကံရှင် ဖြည့်စွက်ရေးသားသူက အချက်အလက်မှားယွင်းဖြည့်စွက်မိတာမျိုး ရှိရင် အဆိုပါ မှားယွင်းတဲ့နေရာပေါ်မှာဘဲ မှင်အမဲရောင် (သို့ ) မှင်အပြာရောင်နဲ့ ဘဲ လိုင်းတစ်လိုင်းထဲ ဆွဲကာ အမှားပြင်ဖို့ ကိုလည်း ညွှန်ပြထားကြပါတယ်။

ယခုလက်ရှိဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ သန်းခေါင်းစာရင်းကောက်ယူမှုမှာတော့ ခဲတံအနက် (Pencil) ကိုသာ သုံးစွဲပါလို့  ပုံစံစာရွက်ထဲမှာ ညွှန်ကြားထားပြီး လက်တွေ့  ကောက်ခံတဲ့နေရာမှာလည်း ခဲတံနဲ့ ဘဲ ဖြည့်စွက်ရေးသားခိုင်းနေတာတွေ တွေ့ ရှိရပါတယ်။ ဒီလို ခဲတံ (Pencil) ကိုသာ သုံးစွဲခိုင်းခြင်းဟာ အချက်အလက်အမှားကို ပြင်ဆင်ဖို့  လွယ်ကူအောင်ဆိုတာထက် ကာယကံရှင်မသိဘဲ ဖြည့်စွက်ရေးသားတဲ့အချက်အလက်တွေကို ပြင်ဆင်ဖြည့်စွက်ရေးသားတာတွေ လုပ်ဆောင်လို့  ရနေတဲ့အခြေအနေက ပိုပေးနေပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက ကြိုတင်မဲတွေ ကောက်ယူခဲ့တဲ့အပြင် မဲစာရင်းလိမ်မှုတွေ ကန့် ကွက်မဲပြားတွေက ထောက်ခံမဲပြားတွေ ဖြစ်နဲ့  ပြည်သူမလိုလားကြတဲ့ ပြည်သူက မဲမပေးတဲ့သူတွေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (အတု) တွေ ဖြစ်ကုန်ခဲ့ကြပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ မဲပြားရဲ့  ဖြည့်စွက်အချက်အလက်တွေကို ပြင်ဆင်မှုတွေ ရှိခဲ့လို့  ဖြစ်ပါတယ်။

ယခု သန်းခေါင်စာရင်းကောက်ခံမှုတွေမှာ ပုံစံစာရွက်ထဲ ဖြည့်စွက်ရေးသားဖို့  ခဲတံ (Pencil) နဲ့ ဘဲ ရေးဖြည့်ပါလို့  ဖေါ်ပြညွှန်ကြားထားတော့ …… ခဲတံထိပ်မှာ ခဲဖျက် ပါတယ်ဆို သတိထားမိကြမယ် ထင်ပါရဲ့ ။


No comments: