Tuesday, May 6, 2014

ဘီလူးရုပ်ရှင်၊ ရေခဲထုပ်နှင့် မြင်းလှည်းစီး ခရီးသည်။

ဘီလူးရုပ်ရှင်၊ ရေခဲထုပ်နှင့် မြင်းလှည်းစီး ခရီးသည်။

ဆောင်းပါးခေါင်းစဉ်လေးကို ကြည့်ပြီး၊ ဘာတွေပါလိမ့်လို့ တွေးနေကြမလားပဲ။

တကယ်ကတော့ ခရီးတခုသွားရင်း တွေ့ကြုံခဲ့ရတာလေးတွေရဲ့ ခေါင်းစီးလေးတွေကို ပေါင်းစပ်ထားတာပါ။

ခရီးတွေ အများကြီး သွားဖြစ်ခဲ့ပေမယ့်၊ ဒီဆောင်းပါးနဲ့ ပတ်သက်နေတဲ့ ၄၈ နာရီ ခရီးလောက် ပင်ပန်းတာမရှိခဲ့သလို၊ လမ်းပေါ်က သင်ခန်းစာတွေ အများအပြား ရစေခဲ့တဲ့ ခရီးလေးလို့ ဆိုရင်လဲ မမှားပါဘူး။

ဧပြီလ (၁၉) ရက်နေ့မှာ လားရှိုးမှာ သင်တန်းတခုပေးဖြစ်ပါတယ်။ ဧပြီလ (၂၀) ရက်နေ့ညမှာကကျတော့ သံတောင်ကြီးမှာ ပရိသတ် ၂၀၀၀ ကျော်နဲ့ ကျင်းပမယ့် အမျိုးသမီးများကို မဲပေးစို့ ဆိုတဲ့ ကင်ပိန်းကလဲ ရှိပါတယ်။ သွားရမယ့်နေရာတွေကို ဖိတ်ကြားချက်များ ရှိလာရင် နှစ်လ၊ သုံးလလောက် ကြိုတင်ပြီး ရက်ပေးစီစဉ်လေ့ရှိပေမယ့်၊ ဒီတခေါက်မှာတော့ လားရှိုးခရီးစဉ်က ကြားဖြတ်ဝင်လာတာကြောင့် ကြိုတင်စီစဉ်မှု အပိုင်းတွေမှာ အားနည်းသွားပါတယ်။

ကားလက်မှတ်တွေကလဲ သင်္ကြန်ပြီးစကာလဆိုတော့ အတော်ကို ခက်တာပါ။ လားရှိုးနဲ့ တောင်ငူအကြားကို ခရီးဆက်နိုင်ဖို့၊ လားရှိုး-ဖြူး (၁၁၅) မိုင်ကားတွေ၊ လားရှိုး- နေပြည်တော်ကားတွေ လိုက်ချိတ်ဆက်ပေမယ့် ဘယ်လိုမှ အဆင်မပြေတာကြောင့်၊ လားရှိုး- မန္တလေး ခရီးစဉ်ကိုပဲ အရင် လက်မှတ်ဝယ်လိုက်ပါတယ်။

ဒီနေရာမှာတင် ဘီလူးရုပ်ရှင် ဇာတ်လမ်းက စတော့တာပါ။

လားရှိုးကထွက်လာတော့ ညနေ ခြောက်နာရီနောက်ပိုင်း။ တလမ်းလုံးပြလာတဲ့ ရုပ်ရှင်တွေက သရဲကားက တကား၊ ဘီလူးကားက တကား။ ဒီလောက် တောင်ပေါ်အကွေ့အကောက်တွေ ပတ်မောင်းနေရတာ၊ တောထဲတောင်ထဲမှာမို့ ခရီးသည်တွေကလဲ စိတ်ညစ်လှပြီ။ ဒါနဲ့ ကားစပယ်ယာကို ခရီးသွားတုန်းမှာ မင်္ဂလာမရှိတဲ့ ကားတွေ မပြကောင်းကြောင်း ပြောနေတုန်း၊ ဗြုန်းဆို ရုပ်ရှင်ထဲက ဘီလူးခေါင်းကလဲ အပြတ်၊ ကားကလဲ ၀ုန်းကနဲ ရပ်။ ရှေ့တည့်တည့်မှာတော့ သွေးအိုင်ထဲ လဲနေတဲ့ လူတယောက်။

ကားနဲ့ တိုက်မိလိုက်လို့တော့မဟုတ်ဘူး။ ဆိုင်ကယ်အချင်းချင်းဖြစ်တာမှာ လူကလဲ ဦးထုပ်မဆောင်းထားတော့ ဆိုင်ကယ်လဲ လည်ထွက်၊ လူလဲ ကတ္တရာလမ်းနဲ့အဆောင့်၊ ကားကလဲ သူ့ရှေ့အရောက်။ မြတ်စွာဘုရားကယ်ပေလို့၊ ဒီလူရဲ့ခေါင်းကို တက်မကြိတ်မိတာပဲ။ ဒီလိုနဲ့ လမ်းတွေပိတ်ကုန်ရော။

ထူးခြားတာက လမ်းမှာ အက်ဆီဒင့်ဖြစ်ရင်၊ ရဲမရောက်လာခင် ဘယ်သူကမှ ထိလို့မရတာပဲ။ ဒီတော့ လက်ကလေးတွေ နည်းနည်းလေးလှုပ်နေတာကို ကားရှေ့ဆုံးမှာ ထိုင်နေတာမို့ တွေ့နေရပေမယ့် အရေးပေါ်ကယ်ဆယ်နည်းတွေကိုလဲ လုပ်ပေးလို့မရ။ ရဲလာချိန်ကလဲ အတော်ကြာလို့။ မြန်မာနိုင်ငံက ရဲတွေဟာ အမှုပေါ်ပေါက်ဖို့ကို လူ့အသက်ထက် ပိုပြီးတော့များ တန်ဖိုးထားလေရော့သလားမသိ။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အက်ဆီးဒင့်ဖြစ်ရင် ဆေးရုံကားက အရင်၊ အရေးပေါ်ကယ်ဆယ်ရေးက အရင်၊ ပြီးက ရဲက လုပ်စရာရှိတာ လုပ်တာ။ ဘယ့်နှယ့်။ အက်ဆီးဒင့်ကြောင့် မသေတောင် ရဲဆေးစာမပါပဲ ဆေးရုံတင်ခွင့်မရတာကြောင့်၊ ရဲစောင့်ရင်း သွေးလွန်သေကြရမယ့် အဖြစ်။ ဘယ်လို လုပ်ထုံးလုပ်နည်းတွေမှန်းကို မသိ။ လူ့အသက်ကို ဘာကြောင့်များ မြန်မာ့ရဲတွေ တန်ဖိုးမထားတတ်ကြပါလိမ့်၊ ဒီလိုလုပ်နည်းလုပ်ဟန်တွေကြောင့် လူဘယ်လောက်သွေးလွန်ပြီး သေခဲ့ကြရပြီလဲမသိဘူး။ အံ့သြမိပါရဲ့။

ဒီလိုနဲ့ပဲ သေမှန်းရှင်မှန်းမသိတဲ့ လူအတွက် ရတက်မအေးဖြစ်ရရင်း၊ ကားထွက်ခွင့်ရတော့ ဆက်ထွက်သွားတာ မန္တလေးဝင်တော့ နံနက်လေးနာရီ။ မြို့အ၀င်မှာတင် ကားက ပစ္စည်းတွေ ချဖို့ရပ်ပြီး၊ အပေါ့စားထရပ်ကားလေးတွေနဲ့ ကားကွင်းတွေကို လိုက်ပို့မယ်ဆိုပြီး ဆင်းခိုင်းတယ်။ (အစကတော့ အလကားထင်လို့၊ ပြီးတော့မှ ကားပေါ်မှာ ပိုက်ဆံလိုက်ကောက်တယ်။ တကယ်ဆို ကားကွင်းအထိ ကားခက ပေးပြီးသား။ ခရီးသည်တွေဆီကနေ ဒီလို လုပ်စားကွက်လေးတွေနဲ့ ပိုက်ဆံလိုက်ယူနေကြတာကလဲ အံ့သြစရာပဲ)။

ဒီလိုနဲ့ ခရီးဆက်ဖို့ ကားကွင်းကိုအသွား၊ ထရပ်ကားလေးက မန္တလေးဆေးရုံကြီးရှေ့ ထိုးရပ်သွားပါရော။ ဘယ်နှယ့်။ ကားကွင်းပို့မယ်ဆိုပြီး ခေါ်လာတာက ဆေးရုံဆိုတော့ ဘာမှန်းမသိတာနဲ့ မေးကြည့်တော့ ကားသမားက အပူရုတ်တရက်ရှပ်ပြီး၊ အဖျားတက်လာလို့တဲ့။ နောက်ကားသမားကို စောင့်ရပြန်ရော။ သူကတော့ ဆေးရုံထဲ ၀င်သွားပါတယ်။ နောက်ဆုံးတော့ နံနက်ခြောက်နာရီကျမှ ကားကွင်းထဲရောက်။ ကားလက်မှတ်လုပ်တော့ ဘယ်ကားမှာမှ နေရာမကျန်တော့ဘူး။ ဧပြီလ (၂၀) ရက်၊ တနင်္ဂနွေဆိုတော့၊ နောက်တနေ့မှာ ရုံးပြန်တက်ရမယ့်သူများက အတော့်ကို များတာမို့လို့ ဆိုတယ်။

ဧပြီလ ၂၁ ရက်နေ့မှာက မြစ်သားမှာ သင်တန်းဆိုတော့ မန္တလေးကနေ ကူမဲ၊ အဲဒီကနေ မြစ်သားပဲ တန်းသွားမလားလို့ အားလျှော့လိုက်မိသေးတယ်။ ဒါပေမယ့် သံတောင်ကြီးက ကင်ပိန်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဟောပြောပွဲကို လာတက်မယ့် ပရိသတ်တွေကို စဉ်းစားကြည့်လိုက်တော့ အားမလျှော့ဖို့ ဆုံးဖြတ်လိုက်မိတယ်။ ရိုးသားတဲ့ တိုင်းရင်းသားကရင်လူမျိုးစုများအပေါ် ပေးထားတဲ့ ကတိ၊ ဘယ်တော့မှ မပျက်စေရဘူး။ မရောက်ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ မန္တလေး- မိတ္ထီလာကားနဲ့ ကူမဲကို အရင်စီး၊ အ၀တ်အိတ်ကို ကူမဲက ဆရာမတယောက်ဆီမှာ ချ၊ မိတ္ထီလာသွားမယ့် ဟိုင်းလပ်စ်ကားပေါ် တခါပြန်တက်စီးလိုက်တယ်။ မိတ္ထီလာရောက်တော့ နေ့လည်ဆယ့်နှစ်နာရီ ကျော်နေပြီ။ ဟိုရောက်တော့လဲ ကားလက်မှတ်တွေက ကုန်နေတာမို့ နေပြည်တော်သွားမယ့် ဒိုင်နာတစီးပေါ်ကိုပဲ အမိအရ လှမ်းတက်လိုက်တော့တယ်။

အဲဒီမှာတင် ရေခဲထုပ်ဇာတ်လမ်းက စလာတော့တာ။ ကားပေါ်မှာက ဈေးသည်တွေများတယ်။ ယောက်ျားတွေက ကားခေါင်မိုးပေါ်မှာ။ ကုန်တွေ၊ အထုပ်တွေမျိုးစုံက ကားထဲမှာ။ မိန်းမတွေလဲ တွယ်စီးနေကြတာပဲ။ ကျွန်မကတော့ ချောင်တချောင်ထဲမှာ လှုပ်လို့မရအောင် ညပ်နေတယ်။ ကားပေါ်ပါ ခရီးသည်တွေက အတော်ကို နွမ်းပါးကြပါတယ်။ ဒီလိုနဲ့ပဲ လိပ်သွားသလို တအိအိနဲ့ နေပြည်တော်ကို သွားလာကြရင်း၊ တပ်ကုန်းရောက်တော့ ခရီးသည်တချို့ကဆင်းပြီး၊ ကားပေါ်ကို ကလေးတွေအများကြီး တက်လာပါတယ်။

တနေရာမှာ ကားရပ်တော့ ကလေးတွေက ရေဆာတယ်တဲ့။ ရေဗူး နှစ်ရာတန်ကို ၀ယ်တိုက်ဖို့ သူတို့အမေမှာ ပိုက်ဆံအပိုမရှိဘူး။ ဒီကြားထဲမှာ ရေခဲထုပ်သည်က ရောက်လာတော့ ပိုဆိုးပါလေရော။ ကလေးတွေက ရေခဲထုပ်စားချင်တယ်ပြော၊ အမေက ပိုက်ဆံမရှိ၊ ကလေးတွေက ကြွက်ကြွက်ညံလို့ငို၊ အမေက ငေါက်နဲ့ ကားပေါ်မှာ ငရဲပွက်သွားပါတော့တယ်။ ဒါနဲ့ ကလေးတွေကို ရေခဲထုပ်ဝယ်ကျွေးရင်း၊ ကျွန်မ မျက်ရည်ဝိုင်းမိတယ်။ သူတို့အမေက မျက်ရည်တပေါက်ကျသွားတာလဲ တွေ့လိုက်ရတယ်။ အဲဒါဘ၀လေ၊ ပြည်သူ့ဘ၀။ ရေဆာတဲ့ ကလေးတွေကို ရေ ၀ယ်မတိုက်နိုင်တဲ့ မိခင်တယောက်ရဲ့ ဘ၀၊ ငါးယောက်ကို ရေခဲထုပ်လေးတထုပ် ၀ယ်မကျွေးနိုင်လို့ ဆူပူငေါက်ငမ်းလိုက်ရတဲ့ မိခင်တယောက်ရဲ့ နှလုံးသားက ဘယ်လောက်များ ပူလောင်နေလိုက်မလဲ။ နိုင်ငံကြီးပြောင်းနေပြီလို့ ကြွေးကြော်ပြီး၊ ငါတို့လုပ်လိုက်တာလို့ ဘ၀တမြင့်မြင့်နဲ့ လန်းလန်းလန်းလန်း၊ လက်လက်ထနေကြသူတို့ရေ။ ရေဆာတဲ့ကလေးတွေ ရေမသောက်နိုင်မချင်း၊ ရေခဲထုပ်စားချင်တဲ့ ကလေးလေးတွေ ရေခဲထုပ်မစားနိုင်မချင်း၊ ခင်ဗျားတို့ ဒီတိုင်းပြည်ကြီး ပြောင်းပြီလို့ မအော်ကြနဲ့ လို့သာ ပြောလိုက်ချင်မိပါရဲ့။

ဒီလိုနဲ့ပဲ နေပြည်တော်ရောက်တော့ ညနေလေးနာရီခွဲ။ ရောက်ရောက်ချင်းမှာပဲ တောင်ငူလို့အော်နေတဲ့ ကားပေါ် အမြန်ခုန်တက်၊ ကားဘေးက ရေဗူးရောင်းသူတွေဆီကနေ ရေဗူးငါးဗူး အမြန်ဝယ်၊ မပြောနိုင်ဘူးလေ။ ပူပြင်းတဲ့ နေရောင်အောက်မှာ ခရီးသွားနေကြရတာ လမ်းရောက်ရင် ရေဆာသူတွေ တွေ့ရဦးမှာပဲ မဟုတ်လား။ ဒါနဲ့ပဲ ကားပေါ်မှာ ရေအလှူတွေ လှူဖြစ်ရင်း၊ တောင်ငူရောက်တော့ ညခုနစ်နာရီ ထိုးနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ပွဲက ဆယ်နာရီအထိရှိမှာဆိုတော့ အရောက်သွားမယ်ဆိုပြီး၊ ဆိုင်ကယ်တက်ဆီကို ငှား၊ သံတောင်ကြီးကို ဆိုင်ကယ်နဲ့ တက်ဖြစ်သွားခဲ့တယ်။ ဟိုရောက်တော့ ည ကိုးနာရီကျော်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်ကြီးကို မြင်ရတဲ့အတွက် အရမ်းပျော်သွားမိတယ်။ ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်၊ ခုတော့ မနေမနားခရီးသွားရင်း သံတောင်ကြီးက နော်ဘူဘောတောင်ခြေကို ရောက်ခဲ့ရပြီ မဟုတ်လား။ အဲဒီတော့မှပဲ တနေ့လုံး ဘာမှ မစားဖြစ်ခဲ့တာ သတိရပြီး၊ မမာမာချိုတို့ဆီကနေ မုန့်တောင်းစားပြီး၊ ပရိသတ်ကို စကားအနည်းငယ် ပြောဖြစ်ခဲ့ရတယ်။

ပွဲပြီးတော့လဲ ရတက်မအေးနိုင်၊ နောက်တနေ့ မြစ်သားသင်တန်းကို ကူးရဦးမှာမို့၊ ခေါ်သွားတဲ့ ဆိုင်ကယ်တက်ဆီနဲ့ပဲ ညတွင်းချင်း တောင်ငူကို ပြန်ဆင်းလာဖြစ်တော့တယ်။ တောင်ငူရောက်တော့ ညသန်းခေါင်ကျော်နေပြီ။ ကားက နံနက်လေးနာရီခွဲဆိုတာနဲ့ အနီးအနား တည်းခိုခန်းလေးမှာ နာရီပိုင်းလောက် ၀င်ပြီး ခဏလှဲဖြစ်တယ်။ ဇောကပ်နေလို့လားမသိဘူး။ အိပ်လဲ မပျော်လိုက်ပါဘူး။ နံနက်လေးနာခွဲကားကို လွတ်သွားမှာလဲ စိုးမိတယ်။

ဒီလိုနဲ့ပဲ နံနက် လေးနာရီခွဲမှာ ကားထစီးဖြစ်တော့ ကားက ကုန်အများစုတင်တဲ့ကားဖြစ်နေတယ်။ ဆန်အိတ်တွေက ကားထိုင်ခုံအောက်မှာ အပြည့်ဆိုတော့ ကားထိုင်ခုံမှာသာ ထိုင်နေရတာ၊ လူက ငုတ်တုပ်ကြီး၊ ခြေထောက်လဲ ဆင်းမရ၊ ရွှေ့မရနဲ့ ညပ်နေပါလေရော။ ကားကလဲ တအိအိနဲ့ သွားနေလိုက်တာ မွန်းတည့်မှ ရမည်းသင်းနားရောက်တော့တယ်။ ဒီမတိုင်ခင် ထမင်းဆိုင်မှာ နေ့လည်စာစားတော့လဲ စိတ်မကောင်းစရာတွေက ခပ်များများ။ ကျွန်မ၀ိုင်းမှာ လာထိုင်သူတွေက ထမင်းနဲ့ ဟင်းတပွဲ ရှစ်ရာကျပ်ကို မတတ်နိုင်ကြရှာဘူး။ ထမင်းသုပ်လေးတပွဲကို သုံးရာနဲ့ မှာစားနေကြလို့ သနားလာတာနဲ့ ဟင်းနဲ့ မှာစားခိုင်းပြီး၊ တ၀ိုင်းစာရှင်းပေးဖြစ်ခဲ့တယ်။ မြန်မာပြည်မှာ ငတ်သူတွေ မရှိဘူးလို့ ဆိုနေကြသူတို့ရယ်။ မြင်စမ်းစေချင်လှတယ်။ ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘ၀တွေကို။ ဒီတိုင်းပြည်ကြီးကို ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်၊ ဘာဖြစ်အောင်လုပ်မယ်လို့ လူကြားကောင်းအောင် မောင်းတီးမနေကြနဲ့။ ပြည်သူတွေ အားလုံး ထမင်းနဲ့ ဟင်းလေးတခွက်တောင် မစားနိုင်သေးသရွေ့ ခင်ဗျားတို့ရဲ့ အောင်မြင်မှုကို အသိအမှတ်မပြုဘူးလို့ ပြောလိုက်ချင်မိတယ်။

ဒီလိုနဲ့ ထမင်းစားပြီး၊ ပြန်အထွက် ရမည်းသင်း မြို့အ၀င်လဲ ရောက်ရော ကားသမားတွေက ပြောတယ်။ ကားပေါ်ကနေ လူတွေ ဆင်းကြပါတဲ့။ မြင်းလှည်းစီးကြပါတဲ့။ ဘယ်နဲ့ လိပ်လို သွားနေတဲ့ ကားပေါ်မှာ တနေ့လုံးစီးလာရာက၊ မြင်းလှည်းလာစီးခိုင်းနေတော့ နားကြားများ မှားသလား၊ အိပ်မက်များ မက်နေသလားလို့ ပြူးတူးပြဲတဲကြည့်မိ။ တကယ်ဟုတ်တယ်တော့။ မြင်းလှည်းတွေက ကားဘေး ရောက်လာတာ။ ဘယ်အထိစီးရမှာလဲ ဆိုတော့ တိုးလ်ဂိတ်ကျော်ရုံလေးပါတဲ့။ ဒီတော့မှ သဘောပေါက်တယ်။ လူစီးကားကို ကုန်တွေ မတန်တဆတင်လာပြီး၊ တန်ချိန်ပိုမှာစိုးလို့ လူတွေကို မြင်းလှည်းစီးခိုင်တာပါပေါ့လား။ ဒါနဲ့ပဲ ကားစီးလာရင်းက မြင်းလှည်းပေါ် တက်လိုက်ရရင်း မြင်းလှည်းစီးခရီးသည် ဖြစ်သွားရတဲ့အဖြစ်။ မြင်းလှည်းပေါ်ရောက်တော့ တခြားမြင်းလှည်းတွေကို ဓာတ်ပုံလိုက်ရိုက်ရင်း တဟားဟားနဲ့သာ ရီလိုက်မိတော့တယ်။ ပြောသာပြောတယ်၊ ကုန်နဲ့ကားခုံ တတန်းတည်းဆိုတော့ ဆောင့်ကြောင့်ထိုင်သလိုဖြစ်ပြီး၊ ခြေထောက်ကြီးက တောင့်နေတာ၊ မြင်းလှည်းလေးစီးလိုက်တော့ နည်းနည်းသက်သာသွားသလိုပဲ။ ကားဆရာများကို ကျေးဇူးတင်မိပါနဲ့။

ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ မြစ်သားကို ခရီးဆက်ဖို့ လက်ညှိုးထိုးလမ်းခွဲမှာ ဆင်းပြီး၊ ကြိုနေသူများရဲ့ ကားပေါ်ကို စွေ့ကနဲတက်၊ မြစ်သားသင်တန်းကျင်းပရာ ဘုန်းကြီးကျောင်းကိုရောက်၊ ဘုရားထိုင်ကန်တော့၊ တိုက်တိုက်ဆိုင်ဆိုင် အဘဘိုးပေါက်ဆိန်သီတင်းသုံးခဲ့တဲ့ကျောင်းမို့ အဘရဲ့ ပုံတူရုပ်ထုကိုပါ ဖူးခွင့်ရ၊ ဆရာတော်ကို ဖူးမြော်ခွင့်ရ၊ စစ်ကိုင်းကနေ ကြိုရောက်နေပြီး၊ တနေ့တာသင်တန်းကို ကြိုးစားပမ်းစားသင်ထားပေးတဲ့ ညီမလေး ဒေါ်မေမြတ်မျိုးဦးကို ကျေးဇူးတင်စကားပြော၊ သင်တန်းသားများကို စကားအနည်းငယ်ပြောပြီး၊ နာရီကို ကြည့်လိုက်တော့ ညနေ လေးနာရီခွဲ။ လားရှိုးသင်တန်းအပြီးမှာ ကားဂိတ်ကို အပြေးအလွှားသွားခဲ့ရတာကလဲ ဒီအချိန်ပဲ။ စုစုပေါင်း ၄၈ နာရီ ခရီးရဲ့ မှတ်တမ်း၊ ဘ၀တသက်တာအတွက် အမှတ်ရ စရာပါကလား။

ခင်မမမျိုး (၂၀၁၄)။




No comments: